သတင်း

မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့နှင့် တွေ့ရန် အသင့်ရှိဟု အစိုးရပြော

ရှေ့ဆက်သွားမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် ၄ ဖွဲ့နှင့် ယခုလအတွင်း တွေ့ဆုံနိုင်ရန် အစိုးရဘက်က ကမ်းလှမ်းထားပြီး ဆွေးနွေးရန် အဆင်သင့်ဖြစ်နေသည်ဟု နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ်က ယနေ့ (ဇန်နဝါရီ ၈) သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 

မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ပါဝင်သည်။ 

“အစိုးရဘက်က‌တော့ မြောက်ပိုင်း ၄ ဖွဲ့နဲ့ ဆွေးနွေးဖို့ အဆင်သင့်ဖြစ်နေပြီ။ မြောက်ပိုင်း ၄ ဖွဲ့ဘက်က တုံ့ပြန်ချက်ကို စောင့်ဆိုင်းနေတဲ့ သဘောဖြစ်ပါတယ်” ဟု သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောသည်။

မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို အဆင့်သုံးဆင့်ဖြင့် ပြုလုပ်သွားမည်ဖြစ်ပြီး ပထမအဆင့်အနေဖြင့် ပဏာမပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်ကို ၄ ဖွဲ့လုံးနှင့် ပြုလုပ်သွားမည်ဖြစ်ကာ သဘောတူညီချက်မူကြမ်းကိုလည်း မြောက်ပိုင်း ၄ ဖွဲ့ထံ ပေးပို့ထားသည်ဟု ဦးဇော်ဌေးက ဆိုသည်။

ထို့အပြင် တစ်ဖွဲ့ချင်းနှင့်လည်း ပဏာမအပစ်အခတ်ရပ်စဲရေးကို လုပ်ဆောင်သွားမည်ဖြစ်ပြီး အဆိုပါအဆင့်တွင် အပစ်အခတ်ရပ်စဲမှုခိုင်မာရေး၊ တပ်နေရာချထားရေး၊ စစ်ရှောင်များအရေး အပါအဝင် အသေးစိတ်အချက်အလက်များကို ထည့်သွင်းဆွေးနွေးသွားမည်ဟု ၎င်းက ဆိုသည်။ 

ဆွေးနွေးမည့်နေရာကို ကျိုင်းတုံနှင့် မြစ်ကြီးနားကို အစိုးရဘက်က ကနဦးရွေးချယ်ထားသည်ဟုလည်း ဦးဇော်ဌေးက ပြောသည်။

၎င်းက ထိုသို့ထုတ်ဖော်ပြောကြားသော်လည်း မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့မှာမူ အစိုးရနှင့် တွေ့ရန် အသင့်မဖြစ်သေးဘဲ ၎င်းတို့ အဖွဲ့ချင်းချင်းကြား အသေးစိတ် ပြန်လည်ဆွေးနွေးရန် လိုအပ်နေသေးသည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

လာမည့်ရက်ပိုင်းအတွင်း မြောက်ပိုင်း ၄ ဖွဲ့ သီးသန့်ဆွေးနွေးသွားရန် ရှိနေကာ ၎င်းတို့ကြား ဆွေးနွေးပွဲရလဒ် ရရှိပြီးမှသာ အစိုးရနှင့် ဆက်လက်ဆွေးနွေးမည့် အသေးစိတ်အစီအစဉ်များကို သိနိုင်မည်ဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။ 

“ဆွေးနွေးပြီးနောက်ပိုင်းမှပဲ ဘယ်နေရာမှာ တွေ့မယ်၊ ဘယ်လိုတွေ့မယ်၊ ဘယ်အချိန်တွေ့မယ်ဆိုတာကို မှတ်ချက်ပေးလို့ရမှာပါ” ဟု ဗိုလ်မှူးကြီးနော်ဘူက Myanmar Now ကို ပြောသည်။

AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခကမူ အစိုးရနှင့် တွေ့ဆုံဆွေးနွေးမည့်အစီအစဉ် အတည်ပြုချက် ၎င်းထံသို့ ရောက်မလာသေးကြောင်း ပြောသည်။ 

တပ်မတော်နှင့် AA သည် နိုဝင်ဘာ ၂၅ နှင့် ဒီဇင်ဘာ ၃၀ တို့တွင် အင်တာနက်မှတဆင့် ဆွေးနွေးခဲ့ပြီး ဒီဇင်ဘာ ၉ တွင် ပန်ဆန်းမြို့၌ နှစ်ဖက်ထိပ်တန်းကိုယ်စားလှယ်များ လူချင်းတွေ့ဆုံမှု ရှိခဲ့သည်။ တပ်မတော်နှင့် AA သည် ရခိုင်ပြည်နယ်အတွင်း နှစ်နှစ်ခန့် ပြင်းထန်စွာတိုက်ခိုက်ခဲ့ကြပြီး ရွေးကောက်ပွဲမကျင်းပမီ ရက်အနည်းငယ်အလိုမှသာ တိုက်ပွဲများ ရပ်တန့်သွားခြင်းဖြစ်သည်။ 

တပ်မတော်နှင့် AA လတ်တလော တိုက်ခိုက်မှုများ ရပ်ထားခြင်းမှာ တရားဝင်မဟုတ်သေးဘဲ နားလည်မှုအရသာ အပစ်ရပ်ထားခြင်းဖြစ်သည်ဟု ဦးဇော်ဌေးက ယနေ့မွန်းလွဲ သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။ 

ထို့အပြင် တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် TNLA တို့ ရှမ်းပြည်မြောက်ပိုင်း မန္တလေးတိုင်းရှိ မိုးကုတ်မြို့နယ်အတွင်း၌ မကြာသေးမီက တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

မြောက်ပိုင်းလက်နက်ကိုင် ၄ ဖွဲ့သည် ၂၀၁၉ အတွင်း အစိုးရနှင့် ၆ ကြိမ်အထိ ဆွေးနွေးခဲ့ကြသော်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရှေ့တိုးနိုင်ခြင်း မရှိခဲ့ပေ။

Show More

Related Articles

Back to top button