သတင်း

ပုဏ္ဏားကျွန်းတွင် လူတစ်ဦးသေ၊ တစ်ဦး ပျောက်ဆုံး

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျော်ဇံကျေးရွာတွင် လူတစ်ဦး အသတ်ခံရပြီး တစ်ဦးပျောက်ဆုံးနေကာ နွား ၁၅ ကောင် ခိုးယူခံရသော်လည်း ရဲစခန်းတွင် အမှုမဖွင့်လိုကြောင်း ကာယကံရှင်မိသားစုဝင်များထံမှ သိရသည်။ 

ပုဏ္ဏားကျွန်းမြို့၏တောင်ဘက် ၄ မိုင်ခန့်အကွာ ကျော်ဇံကျေးရွာနေ အသက် ၅၂ နှစ်အရွယ် ဦးထွန်းသိန်းသည် ရွာမှ တစ်မိုင်ခန့်အကွာရှိ တဲတွင် စပါးများရိတ်သိမ်းရန် ညအိပ်သွားရောက်ခဲ့စဉ် ခြေထောက်၊ လက်များ တုပ်နှောင်ခံရပြီး ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို မိသားစုက ဇန်နဝါရီ ၆ နံနက်ပိုင်း၌ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါတဲတွင် အတူရှိနေသော အသက် ၃၄ နှစ်အရွယ် ဦးအောင်နိုင်လည်း ပျောက်ဆုံးနေသည်။

ထို့ပြင် သေဆုံးသူ၏ နွား ၁၀ ကောင်၊ ဦးအောင်နိုင်၏ နွား ၅ ကောင်လည်း ပျောက်ဆုံးလျက်ရှိပြီး ခိုးယူခံရသည်ဟု ဒေသခံတို့က ယူဆနေကြသည်။ 

ရုပ်အလောင်းကို မြှုပ်နှံပြီးဖြစ်ကြောင်း၊ လူသတ်မှု၊ လူပျောက်မှု၊ နွားခိုးခံရမှုတို့အတွက် မိသားစုဝင်များက အမှု မဖွင့်လိုကြကြောင်း၊ ပျောက်ဆုံးနေသူကို ရှာဖွေနေရကြောင်း အသီးသီးပြောကြသည်။ 

“ရဲစခန်းက အမှုလုပ်မယ်ဆိုရင် ယူလာလို့ ပြောလို့ ကျွန်တော်တို့က မလုပ်ချင်တော့လို့၊  ကျွန်တော်တို့က မြှုပ်ပစ်လိုက်ပြီ။ အဲဒီကို (ပုဏ္ဏားကျွန်းဆေးရုံ) ယူသွားရင် ရုပ်ပျက်ဆင်းပျက်ဖြစ်သွားမယ်။ ရုပ်ပျက်သွားမယ်ဆိုတာထက် ကျွန်တော်တို့လည်း အမှု မလုပ်ချင်တော့ပါ” ဟု သေဆုံးသွားသည့် ဦးထွန်းသိန်း၏အစ်ကို မောင်ရွှေသိန်းက ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးနှင့် ရဲစခန်းကို အသိပေးအကြောင်းကြားခဲ့ကြောင်း ကျော်ဇံကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်ထွန်းက ပြောသည်။

“ရဲကတော့ အမှုဖွင့်မှာလားဆိုပြီး မေးတယ်။ အမှုဖွင့်မယ်ဆိုရင် သူတို့ကတော့ အလောင်းကို ပုဏ္ဏားကျွန်းဆေးရုံကို ယူလာရမယ်။ ပြီးမှ အမှုဖွင့်လို့ရဖို့ အဲဒီလိုပြောတယ်။ ဆိုတော့ မိသားစုပိုင်းတွေက အမှုမဖွင့်တော့ဘူးလို့ပြောတယ်။ အခု သင်္ဂြိုဟ်လိုက်ပြီ” ဟု ဦးခင်ထွန်းက ဆိုသည်။

ပျောက်ဆုံးနေသည့် ကျော်ဇံကျေးရွာမှ ဦးအောင်နိုင်အား မိသားစုဝင်များက လိုက်လံရှာဖွေနေကြပြီး အမှုဖွင့်ရန် မလုပ်နိုင်သေးကြောင်း ယောက်ဖတော်စပ်သူ ဦးထွန်းမောင်က ဆိုသည်။

“တိုင်ဖို့ကိစ္စကလည်း လောလောဆယ် ကျွန်တော်တို့ ဆုံးဖြတ်ဖို့၊ တိုင်ပင်ဖို့ အချိန်လည်းမရသေးဘူး။ ကျွန်တော်တို့ ဒေသမှာ အရင်နှစ်တွေက နွားပျောက်တာတွေတော့ ရှိတယ်။ အခုလို လူကိုသတ်ပစ်ခဲ့ပြီးတော့ လူပျောက်သွားတာ မျိုးတော့ မရှိဘူး” ဟု ၎င်းက ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ပုဏ္ဏားကျွန်းမြို့နယ်၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ထွန်းထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ ရဲနှင့်သက်ဆိုင်သည့်ကိစ္စဖြစ်၍ ရဲကိုသာ မေးမြန်းရန် ၎င်းက ဆိုသည်။

ပုဏ္ဏားကျွန်းမြို့မရဲစခန်းတာဝန်ရှိသူများထံ Myanmar Now က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိခဲ့ပေ။ 

ကျော်ဇံကျေးရွာသည် တန်းခိုးချောင်းဘေးတွင်ရှိသည့် ကျေးရွာတစ်ရွာဖြစ်ပြီး ယခင်နှစ်ကလည်း အဆိုပါချောင်းအနီး နွားခိုးခံရမှုများ ဖြစ်ပွားခဲ့ကြောင်း ပုဏ္ဏားကျွန်းမြို့နယ်၊ အမျိုးသားလွှတ်တော်အမတ် ဦးခင်မောင်လတ်က ပြောသည်။

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်များတွင် နွားခိုးယူမှုများ ရှိခဲ့ပြီး ခိုးယူခံရသောနွားများကို အခြားဒေသများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ မှောင်ခိုရောင်းချလေ့ရှိသည်။ လက်ရှိတွင် နွားတစ်ကောင်လျှင် ပေါက်ဈေး ကျပ်ဆယ်သိန်းဝန်းကျင်ခန့် ရှိကြောင်း ဒေသခံများထံမှ သိရသည်။

Show More

Related Articles

Back to top button