သတင်း

တပ်သိမ်းမြေ ပြန်ရရေး ပုသိမ်ကြီးတောင်သူတို့မျှော်လင့်

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်အတွင်း တပ်မတော်က ၁၉၉၉ ကတည်းက သိမ်းဆည်းထားသည့် လယ်ယာမြေများကို မူလပိုင်ရှင်ထံ ပြန်ပေးရန် သို့မဟုတ် မြေယာပေါက်ဈေးနှင့်အညီ လျော်ကြေးပေးရန် သက်ဆိုင်ရာတို့ကို ဆက်လက် တောင်းဆိုလိုသည်ဟု မဲကင်းကုန်းကျေးရွာတောင်သူများက ယမန်နေ့ (ဇန်နဝါရီ ၇) တွင် သတင်းထောက်များကို ပြောသည်။ 

မဲကင်းကုန်းနှင့် နန်းဦးလွင်ကျေးရွာတို့ရှိ တောင်သူ ၅၀ ကျော်တို့ ဘိုးဘွားစဉ်ဆက် လုပ်ကိုင်ခဲ့သော လယ်မြေ၂၂၄ ဧကကို အမှတ် ၉၁၀ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းနှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က မြေယာလျော်ကြေး ပေးဆောင်ခြင်း၊ မြေအစားထိုးလုပ်ကိုင်စေခြင်းတို့ မရှိဘဲ သိမ်းဆည်းခဲ့သဖြင့် တောင်းဆိုနေခြင်းဖြစ်ကြောင်း တောင်သူများက ဆိုသည်။

“ခင်ဗျားတို့ တောင်သူတွေလာကြဦးလို့ စုခေါ်ပြီး ခင်ဗျားတို့ ဒီလယ်တွေကို မလုပ်နဲ့တော့၊ ဒါပဲ ခေါ်ပြောတာ၊ စာရွက်စာတမ်းနဲ့ သိမ်းဆည်းတာမဟုတ်ဘူး၊ ပါးစပ်နဲ့သိမ်းခဲ့တာ” ဟု လယ်သိမ်းခံ တောင်သူတစ်ဦးဖြစ်သည့် အသက် ၇၀ ကျော်အရွယ် ဒေါ်တင်အုန်းက Myanmar Now ကို ပြောသည်။

“ဒီကာလကြီးမှာ ခက်ခဲနေကြတဲ့ ဘဝတွေမို့ ပြန်တောင်းနေရတာပါ။ အမေကြီးတို့မှာ စားဝတ်နေရေး မပြေလည်လို့ ကိုယ့်လယ်လေးကို ပြန်လုပ်ချင်ပါတယ်” ဟု လယ်မြေ ၇ ဧကခွဲ သိမ်းဆည်းခံခဲ့ရသည်ဟုဆိုသည့် ဒေါ်တင်အုန်းက ဆက်ပြောသည်။

၂၀၀၄ တွင် တပ်မတော်က ထိုမြေများကို တောင်သူများထံ သီးစားအငှားချထားခဲ့ပြီးနောက် သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၂ တွင် သီးစားအငှားချခြင်းကို ရုပ်သိမ်းခဲ့ကြောင်း လယ်မြေအသိမ်းခံရသည့် တောင်သူတို့က ရွာသို့ရောက်လာသော သတင်းထောက်များကို ပြောပြသည်။ 

“အဲဒီတုန်းက သီးစားခပေးပြီးလုပ်ရတယ်၊ ပြီးတော့ ကိုယ်လုပ်ချင်သလို မလုပ်ရဘူး၊ ကိုယ့်ရဲ့ချွေးနှဲစာထဲကနေ သူတို့ကို ခွဲပေးရတယ်၊ တစ်နှစ်ကို (ဆန်) ၁၅ တင်း၊ နောက်ပိုင်းကျတော့ ပိုက်ဆံတောင်းတယ်၊ နောက်ကျတော့ လုံးလုံးမလုပ်ရတော့ဘူး” ဟု မဲကင်းကုန်းရွာသား ဦးဌေးအောင်က Myanmar Now ကို ပြောသည်။ 

တပ်မတော်က မြေယာပြန်လည် မပေးအပ်ပါက ပေါက်ဈေးနှင့်အညီ လျော်ကြေးပေးစေလိုကြောင်း ၃.၆ ဧက အသိမ်းခံခဲ့ရသော ဦးဌေးအောင်က ဆိုသည်။ 

လက်ရှိတွင် အဆိုပါမြေနေရာတွင် စစ်မှုထမ်းဟောင်းအိမ်ရာတစ်ခုနှင့် အခြားအဆောက်အအုံအချို့ ဆောက်လုပ်ထားသည်ကို တွေ့ရပြီး ကျန်မြေများကို အုတ်တံတိုင်းခတ်ထားသည်။ 

သိမ်းဆည်းခံမြေနေရာများပေါ်တွင် ဘီယာစက်ရုံဆောက်လုပ်ရေးစီမံကိန်းတစ်ခု ရှိနေသည်ဟုဆိုကာ ၂၀၁၉ ဧပြီလအတွင်း မဲကင်းကုန်းရွာ တောင်သူများက ချီတက်ဆန္ဒထုတ်ဖော်ခဲ့သေးသည်။ 

‘တောင်သူများပိုင် လယ်မြေများ ပြန်လည်စိုက်ပျိုးခွင့် ရရှိစေရေး’၊ ‘တောင်သူများ၏ အခက်အခဲများ စာနာထောက်ထားရေး’၊ ‘တောင်သူများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ အမြန်ဆုံး ဆွေးနွေး ညှိနှိုင်းခွင့်ပြုရန်’ အစရှိသော စာသားများပါ ဗီနိုင်းဆိုင်းဘုတ်များ ကိုင်ဆောင်ဆန္ဒပြခဲ့ကြသည်။ 

သို့သော်လည်း အဆိုပါ အငြင်းပွားမြေသည် မန္တလေး တပ်မတော်စည်ပင်သာယာရေးအဖွဲ့ပိုင်မြေ ဖြစ်ကြောင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ပြောသည်ဟု The Fifth Wave News ၏ ၂၀၁၉ ဧပြီ ၄ သတင်းတစ်ပုဒ်တွင် ဖော်ပြခဲ့သည်။

ယင်းသိမ်းဆည်းမြေနေရာများအနက် ဧက ၄၀ ခန့်ကို လူနေအဆောက်အအုံတိုက်ခန်းများ၊ အုတ်တံတိုင်းများ ကာရံရန် အမှတ် ၉၅၁ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ဖွဲ့က ၂၀၁၅ နှစ်ဆန်းပိုင်းတွင် အသုံးပြုခဲ့သဖြင့် ကျန်ရှိသည့် ၁၈၄ ဧကကျော်ပေါ်တွင် နစ်နာသူတောင်သူများကို ပြန်လည်စိုက်ပျိုးခွင့်ပြုရန် ပုသိမ်ကြီးမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းဦးက တိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ထံ ၂၀၂၀ မတ်လတွင် တင်ပြတောင်းဆိုပေးခဲ့သည်။  

လယ်သိမ်းခံရသည့် တောင်သူများအတွက် ဆောင်ရွက်ပေးနေမှုနှင့် ပတ်သက်၍ ၂ နှစ်နီးပါးအကြာ ယမန်နေ့ (ဇန်နဝါရီ ၇) တွင် ဦးရဲမင်းဦးကို Myanmar Now က ဆက်သွယ်မေးမြန်းခဲ့ရာ ပုသိမ်ကြီးမြို့နယ် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ (လယ်ပြန်စစ်) က ကွင်းဆင်းစစ်ဆေးမှုများ ရှိခဲ့သည်ဟုသာဆိုပြီး နောက်ဆုံးအခြေအနေကို မသိရဟုပြောသည်။ 

“ကျွန်တော် ဒီကိစ္စကို စိစစ်ပြီး ဆောင်ရွက်ပေးဖို့ ထပ်ခါထပ်ခါ တောင်းဆိုထားပါတယ်။ အမြန်ဆုံး ဆောင်ရွက်ပေးဖို့ ကျွန်တော့်အနေနဲ့ ကြိုးစားခဲ့ပါတယ်။ အခု ကိုဗစ်နဲ့ဆိုတော့ အစည်းအဝေးတွေလည်း မထိုင်ဖြစ်ဘူး။ အဲဒီကော်မတီကလည်း ကျွန်တော့်ကို အစည်းအဝေးတွေဘာတွေ မဖိတ်တော့ ကျွန်တော်လည်း ပြတ်တောက်နေတယ်” ဟု ဦးရဲမင်းဦးကဆိုသည်။

ပုသိမ်ကြီးမြို့နယ် လယ်ပြန်စစ်ကော်မတီဥက္ကဋ္ဌဖြစ်သူ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညွန့်လင်းကို အဆိုပါ တပ်သိမ်းမြေကိစ္စနှင့် ပတ်သက်၍ နောက်ဆုံးအခြေအနေကို မေးမြန်းနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။ 

မန္တလေးတိုင်းဒေသကြီးတွင် စုစုပေါင်း စွန့်လွှတ်မြေဧကပေါင်း သုံးသောင်းခွဲ ဝန်းကျင် ရှိပြီး လွှဲအပ်ရန် ကျန်သည့်မြေဧရိယာမှာ ဧက ၈ဝဝ ကျော်သာ ရှိသည်ဟု အစိုးရက ၂၀၁၇ ဧပြီတွင် သတင်း ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button