မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး ကျေးရွာများရှိ စစ်စခန်းတချို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က သိမ်းယူလိုက်သည်ဟု သိရသည်။
မန္တလေးမြို့နှင့် မိုင် ၂၀ ခန့်သာ ကွာဝေးသည့် မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်ထဲမှ အောင်သပြေကျေးရွာရှိ စစ်စခန်း၊ အောင်သပြေကားကွင်းရှိ စစ်စခန်းတို့ကို ဇူလိုင်လ နောက်ဆုံးနှစ်ပတ်တွင် သိမ်းယူထားခြင်းဖြစ်သည်ဟု MDY-PDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောသည်။
အဆိုပါ စခန်းများ၏ အရေးပါမှု၊ တပ်ထိုင်စစ်သားအရေအတွက်နှင့် အသေးစိတ်အခြေအနေများကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
ထိုစခန်းများကို သိမ်းယူပြီးနောက် မန္တလေးတောင်နှင့် ၁၁ မိုင်အကွာရှိ ပုသိမ်ကြီးမြို့နယ် မြကန်သာကျေးရွာတွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေခြင်းဖြစ်သည်။
ကပ်လျက်တည်ရှိသည့် မတ္တရာမြို့နယ်အတွင်း စစ်စခန်းများကိုလည်း တော်လှန်ရေးအင်အားစုက ထိုးစစ်ဆင်နေခဲ့သည်မှာ ဇွန် ၂၅ ကတည်းက ဖြစ်သည်။ ထိုထိုးစစ်အတွင်း မတ္တရာမြို့နယ်မှ စခန်း ၃၂ ခုနှင့် ပုသိမ်ကြီးမြို့နယ်မှ စခန်း ၃ ခုတို့ကို သိမ်းပိုက်ထားသည်။
ထိုမြို့နယ်နှစ်ခုသည် မန္တလေးနှင့် MDY-PDF ပထမဆုံး ထိန်းချုပ်လိုက်သည့် စဉ့်ကူးမြို့နယ်ကြား တည်ရှိသည်။
ထိုမြို့နယ်နှစ်ခုအတွင်း တိုက်ပွဲဖြစ်လာချိန်တွင် ဒေသခံအများအပြား ဘေးလွတ်ရာ ထွက်ခွာနေကြသည်ဟု ထိုသူများကို ကူညီနေသည့် မတ္တရာဒေသခံအမျိုးသမီးက Myanmar Now ကို ပြောသည်။
“စစ်ရှောင်တွေအထဲ ပုသိမ်ကြီးမြို့နယ်ဒေသခံတွေလည်း ပါတယ်၊ ရှောင်ကြပြီ၊ သူတို့ကတော့ လတ်တလောအနေနဲ့ မန္တလေးမြို့ထဲဘက်ကို ရှောင်ကြတာများတယ်။ အဓိကက တိုက်ပွဲထက် လေယာဉ်နဲ့ လက်နက်ကြီးကို ကြောက်ကြတာပေါ့” ဟု ထိုအမျိုးသမီးက ပြောသည်။
“ပြီးတော့ မတ္တရာနဲ့အစပ် ပုသိမ်ကြီးမြို့နယ်ရွာတချို့မှာက စစ်တပ်က တပ်စွဲထားတယ်၊ သူတို့လာတပ်စွဲပြီဆိုရင် ရှောင်ကြတော့တာပဲ”
ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာ ဒေသခံတစ်ဦးကလည်း ကျေးရွာအနီး တပ်စခန်းများကို တော်လှန်ရေးအဖွဲ့များက သိမ်းပိုက်ထားသည်၊ ၎င်းတို့အားလုံး နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်ဟု ယနေ့ (ဩဂုတ် ၁) နေ့လယ်ပိုင်းတွင် Myanmar Now ကို ပြောသည်။
“လေကြောင်းကြောက်တာရော၊ လက်နက်ကြီးတွေကြောင့်ရော အိမ်ပြန်မနေရဲသေးပါဘူး၊ ရွာလုံးကျွတ်ရှောင်နေကြတုန်းပဲ၊ တချို့က အနီးအနားခြံတွေ၊ တောတွေထဲ ပြေးကြတယ်၊ တချို့ကတော့ မတ္တရာမြို့ပေါ်ဘက်တို့ မန္တလေးဘက်တို့ အရေးပေါ်ပြေးကြတယ်” ဟု သူက ဆိုသည်။
တကွဲတပြားဖြစ်နေသည့် ရွာခံမိတ်ဆွေအများစုထံ ဆက်သွယ်၍မရသေးကြောင်း၊ တယ်လီဖုန်းလိုင်း ပြတ်တောက်နေကြောင်း သူက ပြောသည်။
ဩဂုတ်လ ၁ ရက်နေ့ နေ့လယ်ပိုင်းက မတ္တရာမြို့နယ် အောင်ချမ်းသာကျေးရွာ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရသဖြင့် အရပ်သား ၃ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရသွားသည်၊ တိုက်ပွဲများနှင့် အလှမ်းဝေးကွာသည့် ကျေးရွာကို ပစ်ခတ်မှုမှာ စစ်ရာဇဝတ်မှုကျူးလွန်ခြင်း ဖြစ်သည်ဟု MDY-PDF က သတင်းထုတ်ပြန်သည်။
စစ်တပ်က ထိုထုတ်ပြန်ချက်ကို တုံ့ပြန်ခြင်း မရှိသေးပေ။
ဒေသတွင်း ပစ်ခတ်မှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းအမှောင်ချထားသည်။
ပြီးခဲ့သည့် ရက် ၃၀ အတွင်း စစ်ကောင်စီတပ်၏ အင်တာနက်စာမျက်နှာတွင် မန္တလေးတိုင်းသတင်း ၅ ပုဒ် ဖော်ပြထားသော်လည်း တိုက်ပွဲများအကြောင်း မပါရှိပေ။
ဇူလိုင်လ ၂၆ ရက်နေ့ ညပိုင်းတွင် ပုသိမ်ကြီးမြို့အရှေ့ဘက်မှ ကျယ်လောင်စွာထွက်ပေါ်လာသော ပေါက်ကွဲသံများကို ကြားလိုက်ရသည်၊ ရန်ကင်းတောင်အနီး ခြေမြန်တပ်ရင်း ၁၁၉ နှင့် ခြေလျင်တပ်ရင်း ၄ တို့ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရခြင်း ဖြစ်နိုင်သည်ဟု မန္တလေးမြို့ခံများက ပြောသည်။
နောက်ဆက်တွဲထိခိုက်မှုအခြေအနေကိုမူ စုံစမ်း၍မရသေးပေ။
နီးကပ်လာသည့် တိုက်ပွဲများကြောင့် ရိက္ခာစုဆောင်းနေကြသည်ဟုလည်း မန္တလေးမြို့ခံတချို့က ဆိုသည်။
“ကိုယ့်အိမ်ထဲမှာပဲ ဆန်တွေအပြည့်အစုံဝယ်ထားကြတယ်။ အဓိကက ဓာတ်ဆီပေါ့၊ ဓာတ်ဆီတော့ အခု တော်တော်ပြတ်နေတယ်။ တချို့ဆိုင်တွေဆို မရဘူး” ဟု မဟာအောင်မြေမြို့နယ်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။
ထို့ပြင် မန္တလေးမြို့တွင်း ဈေးဆိုင်တချို့ ပိတ်သိမ်းထားသည်ဟုလည်း ချမ်းမြသာစည်မြို့နယ်တွင် နေထိုင်သည့် အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
“လူစည်ကားတဲ့နေရာတွေဆိုရင် အရင်လို မစည်ကားတော့ဘူး။ လမ်းသွားလမ်းလာတွေလည်း ကျဲသွားတယ်။ တချို့ဆိုင်ခန်းတွေဆိုလည်း ပိတ်သွားတာတွေရှိတယ်” ဟု သူက ဆိုသည်။
သူကိုယ်တိုင်လည်း အသက်ကြီးရွယ်အို မိဘများကို ဦးစားပေးကာ ဘေးလွတ်ရာ ရှောင်တိမ်းရန် စီစဉ်နေသည်ဟု ဆိုသည်။
“အရေးပေါ်ဖြစ်လာရင် ရှောင်ရပြုရတာ အဆင်မပြေတော့ လူကြီးတွေကိုတော့ ဘေးလွတ်ရာနေရာကို ပို့ဖို စီစဉ်ထားပါတယ်” ဟု သူက ပြောသည်။
မန္တလေးမြောက်ဘက် မတ္တရာ၊ စဉ့်ကူးနှင့် သပိတ်ကျင်းမြို့သို့ သွားသည့် စစ်လေယာဉ်နှင့် ရဟတ်ယာဉ်များသည် မန္တလေးမြို့ပေါ်မှ ဖြတ်၍ ခပ်နိမ့်နိမ့်ပျံသန်းသွားသည်ကိုလည်း တွေ့မြင်ရသည်ဟု အထက်ပါ အမျိုးသမီးက ပြောသည်။
“အိမ်ခေါင်မိုးတွေပေါ်ကို လေယာဉ်တွေ ပျံသန်းသွားတဲ့အချိန်တွေမှာဆိုရင် ဘယ်အချိန်ဖြစ်မလဲ၊ ဖြစ်မလဲဆိုတဲ့ အဲ့စိတ်ကြီးနဲ့ နေနေရတာပေါ့နော်။ ကလေးတွေဆိုလည်း လေယာဉ်သံတွေလာရင် အိမ်ထဲ ပြေးဝင်နေကြတာ” ဟု သူက ပြောသည်။
ဒေသအနှံ့မှ စစ်ရှောင်လာသူအများအပြားသည် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး လုံခြုံမည်ဟု ထင်ရသည့် မန္တလေးမြို့နှင့် စစ်တက္ကသိုလ်ရှိရာ ပြင်ဦးလွင်တို့တွင် သွားရောက်ခိုလှုံကြသည်။ သို့သော် ထိုမြို့နှစ်မြို့သည်ပင် ယခုအခါ အချိန်မရွေးစစ်ဖြစ်ပွားနိုင်၍ လုံခြုံရေး ခြိမ်းခြောက်ခံနေရသော မြို့များဖြစ်လာသည်။
မန္တလေးအနီးတိုက်ပွဲများ ပြင်းထန်လာချိန်တွင် စစ်ကောင်စီက မြို့ပြင်တပ်စခန်းများမှ တပ်မိသားစုဝင်များကို မန္တလေးနန်းတွင်းထဲရှိ စစ်စခန်းထဲသို့ ပြောင်းရွှေ့ထားသည်၊ မန္တလေးကျုံးမြို့ရိုးပေါ်တွင်လည်း သဲအိတ်များတင်ကာ ခံစစ်အတွက် ပြင်ဆင်နေသည်ဟု သိရသည်။
မြို့အတွင်းကင်းစခန်းများတွင် အင်အားတိုးချဲ့ထားပြီး မန္တလေးတောင်၊ ရန်ကင်းတောင်၊ မန္တလေးမြို့လယ်ရှိ အထပ်မြင့်တိုက်များ၊ အုပ်ချုပ်ရေးရုံးများ၊ ရဲစခန်းများနှင့် ဘုန်းကြီးကျောင်းတချို့တွင် စစ်ကောင်စီ လက်နက်ကိုင်တို့ နေရာယူထားသည်ဟု သိရသည်။