သတင်း

မန္တလေးမြို့စွန်ရှိ အိမ်ခြေ ၁၀၀ ကျော် ဖယ်ရှားခံရ၊ လူဦးရေ ၅၀၀ နီးပါး အိမ်ရာမဲ့ဖြစ်

ဒေသအများအပြားတွင် ပစ်ခတ်မှု၊ မီးရှို့ခံရမှုတို့ကြောင့် သောင်းနှင့်ချီသော နေအိမ်များ ပျက်စီးသွားချိန်တွင် မန္တလေး ပုသိမ်ကြီးမြို့ နေအိမ် ၁,၀၀၀ ကျော်ကို ဖျက်ရန် အမိန့်ထုတ်ထားသည်။

မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်အတွင်း ကျေးရွာတချို့ရှိ နေအိမ် ၁,၀၀၀ ကျော်ကို လျှပ်စစ်ဓာတ်အားလိုင်းနှင့် မလွတ်ဟုဆိုကာ စစ်ကောင်စီက ဖယ်ရှားရန် အမိန့်ပေးထားပြီး နေအိမ် ၁၀၀ ကျော်ကို စတင်ဖယ်ရှားနေသည်ဟု ဒေသခံများကပြောသည်။

နန်းဦးလွင်၊ ကန်ကောက်၊ ဂွေ့ကြီးကုန်း၊ ကုန်းတန်း၊ တဲကုန်း၊ ကျွဲရေကုန်း အစရှိသည့် မန္တလေးမြို့အရှေ့ဘက်အစွန် ကျေးရွာများမှ နေအိမ်များကို ရွှေစာရံ-အောင်ပင်လယ် (၂၃၀) ကေဗွီ မဟာဓာတ်အားလိုင်းနှင့် မလွတ်ဟုဆိုကာ ဧပြီ ၄ ရက် နောက်ဆုံးထား ဖယ်ပေးရန် လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနက သတိပေးခဲ့သည်။

ယင်းနောက် ဧပြီ ၅ နှင့် ၆ ရက်တို့တွင် နန်းဦးလွင်ကျေးရွာရှိ နေအိမ် ၁၀၀ ကျော်ကို စက်ယန္တရားများသုံးပြီး ဖျက်ဆီးခဲ့သည်ဟု နန်းဦးလွင်ကျေးရွာ ဒေသခံအမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။

“နေပူပူ၊ ရာသီဥတုပူပူကြီးမှာ လာထိုးဖျက်နေတာ။ ပစ္စည်းတွေလည်း အသိမ်းမခံဘူး၊ စိတ်ကြိုက်ကို စက်နဲ့ ထိုးခွဲပစ်တာ၊ ကိုယ့်အိမ်လွတ်သော်ငြား အတော်တော့ စိတ်ထဲမကောင်းဘူး” ဟု အဆိုပါ ဒေသခံက ပြောသည်။

အိမ်ခြေ ၁၀၀ ခန့် ဖျက်ခံရသည့် နန်းဦးလွင်ကျေးရွာမှ လူဦးရေ ၅၀၀ နီးပါး အိမ်ခြေရာမဲ့ဖြစ်သွားသည်၊ ထိုအထဲတွင် စစ်ဘေးရှောင်များလည်း ပါဝင်ရာ အခက်အခဲများ ဖြစ်ပေါ်နေသည်ဟုလည်း သူက ဆိုသည်။

“တချို့က အိမ်ငှားတွေရှာ အရေးပေါ်ပြောင်းရွှေ့ ငှားရမ်းနေကြတာပေါ့။ တချို့က ငွေကြေးမတတ်နိုင်တော့ ဘုန်းကြီးကျောင်းတွေနဲ့ နီးစပ်ရာ အသိမိတ်ဆွေတွေဆီတို့ ကြုံသလိုနေကြရတယ်။ နောက်ထပ် ကျန်တဲ့အိမ်တွေကလည်း လာဖျက်ဖို့ ရှိနေသေးတော့ စိတ်သောကရောက်ပြီး တချို့ငိုယိုကြလို့ပေါ့”

ဓာတ်အားလိုင်းဗဟိုမှစ၍ ဝဲနှင့်ယာ ၇၅ ပေစီ၊ စုစုပေါင်းနှစ်ဖက် ပေ ၁၅၀ အတွင်းက နေအိမ်များကို ဖျက်သိမ်းပေးရန် အမိန့်ထုတ်ခဲ့ခြင်းဖြစ်သည်။ အမိန့်ထုတ်ခံရသည့်အထဲတွင် အိမ်ခြေ ၆၀၀ ကျော် ဖျက်ဆီးခံရမည့် ကံကောက်ရွာလည်း ပါဝင်သည်။

“ကျွန်တော်တို့ ဝယ်ပြီးနေထိုင်ခဲ့တာ ၈ နှစ်ရှိပြီ။ မရှိတဲ့ကြားက ဈေးလေးရောင်း ချွေးနှဲစာလေးနဲ့ စုပြီး ဝယ်ခဲ့ရတာ။ အခုလိုတွေ ဖျက်ဖို့အမိန့်ပေးတော့ အတော်ကို စိတ်ဒုက္ခရောက်နေတယ်၊ နေစရာပြောင်းစရာလည်း မရှိဘူး” ဟု ကံကောက်ရွာဒေသခံတစ်ဦးက ပြောသည်။

ကံကောက်ကျေးရွာမှ ဒေသခံနောက်တစ်ဦးကလည်း အဆိုပါဓာတ်အားလိုင်းသည် ၂၀၁၇ ခုနှစ်မှ ကျေးရွာများအနီး လာရောက်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

ထိုစဉ်က ဓာတ်အားလိုင်း ဓာတ်တိုင်စိုက်သည့်နေရာများမှ မြေရှင်များကို တစ်နေရာစာ ငွေ ၁၀ သိန်းကျပ်စီ လျော်ကြေးငွေနှင့် မီတာပုံးများပေးမည်ဟု ပြောဆိုကာ ဓာတ်တိုင်များ လာရောက်စိုက်ခဲ့ခြင်းဖြစ်သည်၊ ပြဿနာဖြစ်လာပါက ဖြေရှင်းပေးမည်ဟူသော ကတိကဝတ်ဖြင့် ခွင့်ပြုခဲ့ခြင်းဖြစ်သည် အထက်ပါ ဒေသခံက ပြောသည်။

အထက်ပါ ပြောဆိုချက်နှင့်ပတ်သက်ပြီး အသေးစိတ်မသိရသေးပေ။

ပြီးခဲ့သည့် ဧပြီ ၁ ရက်နေ့က ကံကောက်ကျေးရွာမှ ဒေသခံများနှင့် စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ဝင်တို့ အစည်းအဝေးပြုလုပ်ခဲ့သည်၊ ဖျက်ဆီးခံရမည့်နေအိမ်များမှ အိမ်ခြေ ၄၀၀ ခန့်သည် နေပြည်တော်သို့ အသနားခံ တင်ပြရန် ကြိုးစားကြသေးသည်ဟု ကံကောက်ရွာ ဒေသခံက ဆိုသည်။

“မဖျက်ရသေးရင် စက်နဲ့ထိုးမယ်။ အသနားခံစာတင်လည်း ကျလာတဲ့အထိ မစောင့်နိုင်ဘူး၊ ဖျက်ပေးပါ၊ မဖျက်ရင် တည်ဆဲဥပဒေနဲ့အညီ လာရောက်ဖျက်ဆီးမယ်ဆိုပြီး ခြိမ်းခြောက်သွားတယ်” ဟု သူက ဆိုသည်။

ကံကောက်ကျေးရွာသည် နေအိမ်ဖျက်ဆီးခံရမည့်အထဲ အိမ်ခြေအများဆုံးရွာဖြစ်ပြီး အခြားရွာများ၏ အခြေအနေကိုမူ မသိရသေးပေ။

အာဏာသိမ်းပြီးနောက် မန္တလေးမြို့တွင် လျှပ်စစ်တာဝါတိုင်နယ်နိမိတ်၊ စည်ပင်သာယာနယ်နိမိတ်၊ လမ်းတံတားနှင့် မီးရထားဌာနပိုင်မြေ၊ လယ်ယာမြေပေါ် အိမ်ဆောက်လုပ်နေထိုင်ခြင်း၊ တပ်ပိုင်မြေကျူးကျော်ခြင်း အစရှိသည့် အကြောင်းပြချက်မျိုးစုံဖြင့် နေအိမ်များစွာ ဖျက်ဆီးခံနေကြရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇူလိုင်လတွင်လည်း ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများစွာက အိမ်ခြေ ၉,၀၀၀ ကျော်ကို လယ်ယာမြေပေါ် တရားမဝင်ဆောက်လုပ် နေထိုင်သည်ဆိုကာ နေအိမ်များကို သတိပေးစာများကပ်၊ ဆေးနီအမှတ်အသားများလည်းပြုကာ ဖျက်သိမ်းရန် ဖိအားပေးခဲ့သည်။

ဒေသခံများက အသနားခံစာတင်ခြင်း၊ ငွေဖြင့် ညှိနှိုင်းခြင်းတို့ကြောင့် အစီအစဉ်ရပ်ဆိုင်းထားရန် ကြိုးပမ်းခဲ့သည်ဟု သိရသည်။

စစ်ကောင်စီသည် မန္တလေးနှင့် မိုင် ၄၀ ခန့်အကွာ ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်အနီး ရေချမ်းအိုးရပ်ကွက်မှ နေအိမ် ၃၀၀ ကျော်ကိုလည်း တပ်ပိုင်မြေကျူးကျော်သည်ဆိုကာ ဖျက်သိမ်းရန် ပြင်ဆင်နေသည်။ ဧပြီ ၇ ရက်တွင် လူမနေသည့်ခြံဝင်းများကို စက်ယန္တရားများအသုံးပြုကာ ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ထို့အတူ ပြင်ဦးလွင်မြို့အနီး အောင်ချမ်းသာကျေးရွာ၊ ကျွဲနွားထောက်ကျေးရွာအနီးမှ လူမနေသည့် ခြံဝင်းများကိုလည်း လွန်ခဲ့သည့် ၅ လခန့်က ဖျက်ဆီးခဲ့သည်။ ယင်းအပြင် ပြင်ဦးလွင်မြို့ မြို့ပတ်လမ်းပေါ်ရှိ နေအိမ်နှင့် ဆိုင်ခန်းပေါင်း၂၀၀ ကျော်ကိုလည်း ပြီးခဲ့သည့်၂၀၂၃ ခုနှစ်အတွင်း ဖယ်ရှားခဲ့သေးသည်။

ပြီးခဲ့သည့် ၃ နှစ်အတွင်း နိုင်ငံအနှံ့အပြား တိုက်ပွဲဖြစ်ပွားနေသည့် ဒေသများတွင် ပစ်ခတ်မှု၊ ရှို့မီးတို့ကြောင့် နေအိမ် သောင်းနှင့်ချီ မီးလောင် ပျက်စီးထားပြီး ဖြစ်သည်။

Show More

Related Articles

Back to top button