ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က သိမ်းပိုက်ထားသည့် မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ် ဖယောင်းတောင်ရွှေတူးဖော်ရေးစီမံကိန်းကို ယမန်နေ့နှင့် ယနေ့ (စက်တင်ဘာ ၉) တို့တွင် နှစ်ရက်ဆက်တိုက် စစ်ကောင်စီလေတပ်မှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ယနေ့ နံနက် ၁၀ နာရီခန့်က လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး ၂ ကြိမ် ပြုလုပ်ခဲ့ပြီး အထိအခိုက်နှင့်အခြေအနေ အသေးစိတ် မသိရသေးကြောင်း အဆိုပါနေရာအနီး နေထိုင်သူ ဒေသခံအမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
မန္တလေးမြို့ ၏အရှေ့မြောက်ဘက် ၁၄ မိုင်အကွာတွင် တည်ရှိသောစစ်ကောင်စီခန့် မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဦးမောင်ကို ပိုင်ဆိုင်သည့် အဆိုပါစီမံကိန်းကို MDY-PDF က ဩဂုတ် ၇ ရက်တွင် သိမ်းယူပြီးနောက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ မကြာခဏပြုလုပ်နေကြောင်း ၎င်းက ဆိုသည်။
“တအားပစ်ခတ်နေတာ။ အကြီးအကျယ်ကို ဆော်နေတာ။ အထက်ကနေ ဝဲ…ဝဲပြီးတော့ ထင်သလိုပစ်နေတာ ၊ ခု မနက် နှစ်ကြိမ်ရှိပြီ “
ယမန်နေ့ မွန်းတည့် ၁၂ နာရီကျော်ခန့်တွင် စစ်ကောင်စီ၏ ဝေဟင်နှင့်မြေပြင်ထိုးစစ်များ စတင်ခဲ့ကြောင်း၊ ယမန်နေ့က တစ်နေကုန်တိုက်ပွဲဖြစ်ခဲ့ပြီးနောက် မြေပြင်တပ်များဆုတ်ခွာသွားကြောင်း၊ ထို့နောက် ယနေ့ နံနက်တွင် လေယာဉ်များဖြင့် ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတို့ကဆိုသည်။
ထိုရွှေတွင်းကို စစ်ကောင်စီလက်အောက်ခံ အမှတ် (၂) သတ္တုတွင်းလုပ်ငန်းနှင့် ဦးမောင်ကိုပိုင် Myanmar Golden Point Family ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းလုပ်ကိုင်နေခြင်းဖြစ်ပြီး ဧက ၅,၄၀၀ ကျယ်ဝန်းပြီး ရွှေနှင့်သတ္ထုရော စုစုပေါင်း ခန့်မှန်းခြေ သတ္တုတန်ချိန် တန် ၄၇,၀၀၀ ထွက်နိုင်သည်ဟု သိရှိရသည်။
ယနေ့လေကြောင်းပစ်ခတ်မှုအခြေအနေနှင့်ပတ်သက်ပြီး ဖယောင်းတောင်သတ္တုတူးဖော်ရေးရွှေလုပ်ကွက်စက်ရုံသို့ တံတားဦးလေတပ်မှတက်သော Mi35 စစ်တပ်သုံး ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခြင်းဖြစ်သည်ဟု ပုသိမ်ကြီးနှင့် မတ္တရာ မြို့နယ်ကင်းထောက်စာမျက်နှာများလည်း ဖော်ပြထားသည်။
စစ်ကောင်စီထောက်ခံသူ တယ်လီဂရမ်ချန်နယ်များကလည်း ဖယောင်းတောင်သို့ လေကြောင်းတိုက်ခိုက်မှုအပြင်း အထန်ပြုလုပ်လျှက်ရှိကြောင်း ရေးသားနေကြသည်။
မတ္တရာမြို့နယ်တွင် စစ်စခန်းအများစုကို MDY-PDF ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားပြီး တပ်စခန်းအချို့သာ ကျန်ရှိတော့သည်။ ထို့ပြင် ပုသိမ်ကြီးမြို့နယ်အတွင်း ထိုးဖောက်၍ ဖယောင်းတောင်ရွှေတွင်း ကို သိမ်းပိုက်ထားသည်ဖြစ်ရာ မန္တလေးခရိုင်အတွင်းအထိ တိုက်ပွဲများ ရောက်ရှိလာခြင်း ဖြစ်သည်။
ယခုရက်ပိုင်းတွင်လည်း စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးသည့် ပုသိမ်ကြီးမြို့နယ်မှ ကျေးရွာတချို့ကို လက်နက်ကြီးပစ်ခတ်မှုများ နေ့စဉ်ပြုလုပ်နေရာ ယမန်နေ့က ပုသိမ်ကြီးမြို့နယ် မြကန်သာကျေးရွာအတွင်း လက် နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့၍ ဒေသခံတချို့တိမ်းရှောင်ရသည်ဟု ပုသိမ်ကြီးဒေသခံ နောက်တစ်ဦးထံမှ သိရသည်။
လတ်တလောအခြေအနေများနှင့်ပတ်သတ်ပြီး MDY-PDF ၏ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်ကို Myanmar Now က မေးမြန်းထားဆဲဖြစ်သည်။
ပြီးခဲ့သည့် စက်တင်ဘာ၂ ရက်က ဖယောင်းတောင် အနောက်ဘက် ဒဟတ္တောကျေးရွာအရှေ့ဘက် ကံကြီးကျေးရွာ အနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်က အင်အား ၅၀ ခန့်ဖြင့် အဆိုပါဖယောင်းတောင်ဘက်သို့ စစ်ကြောင်းထိုးရန် ကြိုးပမ်းခဲ့ပြီး ပြန်ဆုတ်ခွာသွားရသည်ဟု ဒေသခံများက ပြောထားကြသည်။
“ပြန်ရယူဖို့ကြိုးစားတာမျိုးထက် သူတို့(စစ်ကောင်စီ)က လက်လွှတ်ထားရတဲ့နေရာတွေကို ခုလို လိုက်ချေမှုန်းနေတာ ပေါ့။ မစားရတဲ့အမဲ သဲနဲ့ပက်နေတာ”ဟု အထက်ပါဒေသခံအမျိုးသားက ဆက်ပြောသည်။
ဩဂုတ် ၆ ရက် ည ၁၂ နာရီဝန်းကျင်တွင် ပုသိမ်ကြီးမြို့နယ် ၊ ဖယောင်းတောင်ရွာအား စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်မှုပြုလုပ်ခဲ့သဖြင့် ဒေသခံ ၇ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိခဲ့သည်ဟု MDY-PDF က ထုတ်ပြန်ထားသည်။
စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက ထိုသတင်းမှာ သတင်းမှားဖြန့်ဝေနေကြခြင်းသာ ဖြစ် ကြောင်း ထိုစဉ်က ထုတ်ပြန်ထားသည်။
စစ်ပွဲများ ကူးစက်လာမည်ကို စိုးရိမ်၍ စစ်ကောင်စီသည် မန္တလေးမြို့နှင့်ပတ်ချာလည်တွင် ဖိနှိပ်မှုများ ဆက်တိုက် ပြုလုပ်နေသည်ဟု မန္တလေးဒေသခံများက ဆိုကြသည်။
“မန္တလေးကိုဝင်ရောက်ဖို့က ဖယောင်းတောင်ပြီးရင် ကံကြီးရွာ။ ကံကြီးရွာပြီးရင် ဒဟတ္တော။ အဲဒီကနေ ထီးတော်မိုး စစ်တပ်ပဲ ရှိတော့တယ်။ ဒါကြောင့် လေကြောင်းနဲ့ပါ ပစ်ခတ်ကာကွယ်နေတာ”ဟု အထက်ပါလူက ဆိုသည်။
မန္တလေးမှ မတ္တရာမြို့နယ်သို့ ဆန်ဆီ၊စားသောက်ကုန်နှင့်စက်သုံးဆီသယ်ယူခွင့်ကိုလည်း စစ်ကောင်စီက ကန့်သတ် ထား၍ အဖမ်းအဆီးကြမ်းနေသဖြင့် စားဝတ်နေရေး အခက်အခဲဖြစ်နေကြသည်။
“ကြိုကြား …..ကြိုကြားလာတဲ့ ဆိုင်ကယ်ဈေးသည်လေးတွေကို အားကိုးနေကြရတယ်။ ဒါတောင်မှ အဲဒီလို ဈေး သည်လေးတွေကိုမှ လိုက်ဖမ်းနေလို့ ဒေသခံတွေအတော် အခက်အခဲတွေဖြစ်နေကြတယ်” ဟု ပုသိမ်ကြီးဒေသခံ နောက်တစ်ဦးက ဆက်ပြောသည်။
အလားတူ ယမန်နေ့က မတ္တရာမြို့၏တောင်ဘက် ကျောက်လမ်းမဘေးရှိ ဆီဒိုင်းကန်ရွာတွင် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး လက်ပြန်ကြီးတုပ်ထားသော အလောင်းစွန့်ပစ်ထားသည်ကို ဒေသခံများက တွေ့ရှိခဲ့ရသည်။
မတ္တရာမြို့ပေါ်နှင့်အနီးဆုံးနေရာများတွင် တိုက်ပွဲများဆက်ဖြစ်ပွားနေပြီး စစ်ရေးအခြေအနေ အသေးစိတ်ကို မပြော လိုသေးကြောင်း မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) သတင်းတာဝန်ခံ ကိုဘိုတောက်က စက်တင်ဘာ ၅ ရက်တွင် Myanmar Now ကို ပြောထားသည်။
ယခုနှစ် ဇွန်၂၅ ရက်မှစတင်ကာ MDY-PDFနှင့်မဟာမိတ်တပ်များက ရှမ်း-မန်းစစ်ဆင်ရေးအဖြစ် ဒေသတွင်းထိုးစစ် ဆင်နေရာ မတ္တရာမြို့နယ်မှ စခန်း ၃၂ ခု၊ပုသိမ်ကြီးမြို့နယ်မှ Alpha ဘိလပ်မြေစက်ရုံရှိကင်းစခန်း အပါအဝင် စခန်း ၃ခု ရှိထားသည်။