စီးပွားရေး

ဆင်ကန်းတောတိုး စစ်ကောင်စီနှင့် ဦးနင်းပဲ့ထောင်ဖြစ်လာသည့် မြန်မာ့စီးပွားရေး

အလားအလာကောင်းခဲ့သည့် မြန်မာပြည်ကို စစ်ဗိုလ်ချုပ်များ ၃ နှစ် စီမံခန့်ခွဲ အုပ်ချုပ်လိုက်ရာ ကုန်စျေးနှုန်းတက်၊ စီးပွားပျက်သည့် အခြေအနေများ ဖြစ်ပေါ်လာသည်။

“နံပါတ်တစ်က အဖမ်းမခံရရေး တို့အရေးပေါ့” ဟု ရန်ကုန်မြို့မှ ကုန်သည်လုပ်ငန်းရှင် ကိုထွန်းထွန်း*က စစ်ကောင်စီလက်အောက် စီးပွားရေးလုပ်ကိုင်ရသည့် အခြေအနေကို ရင်ဖွင့်လာသည်။

အသက် ၃၀ အရွယ် ကိုထွန်းထွန်းသည် တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံမှ လူသုံးကုန်များ တင်သွင်းနေပြီး ရန်ကုန်၌ ကုန်ပစ္စည်းဖြန့်ဖြူးရောင်းချရေးလုပ်ငန်းတည်ထောင်ထားသော လုပ်ငန်းရှင်တစ်ဦးဖြစ်သည်။

သွင်းကုန်ထိန်းချုပ်မှုကြောင့် တစ်နေ့တခြား ပရုပ်လုံးကဲ့သို့ လုံးပါးပါးလာသည့် လက်ငုတ်လုပ်ငန်းကို လုပ်ကိုင်နေချိန် ဈေးကွက်ကို လက်နက်ပြထိန်းချုပ်သည့် စစ်ကောင်စီကြောင့် ညောင်သီးလည်းစား လေးညှို့သံလည်း နားထောင်ရသည့် အခြေအနေဖြစ်သည်ဟု သူက ဆိုသည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် လက်ရှိထုတ်ပြန်ထားတဲ့ ဥပဒေတွေအကုန်လုံးကတော့ အကုန်လုံးကို လိုက်ဖမ်းလို့ရတဲ့ ဥပဒေတွေပါပဲ။ ဒီမှာနေမယ်ဆိုရင် ငြိမ်ငြိမ်ဆိမ်ဆိမ်နေပေါ့။ အမြင်မတော်အောင် မနေနဲ့ပေါ့။ အမြင်ကပ်ရင်တော့ အဖမ်းခံရမယ်” ဟု ကိုထွန်းထွန်းက ဆိုသည်။

တစ်ချိန်က စီးပွားရေးလုပ်ကိုင်ရလွယ်ကူရန် ကြိုးနီစနစ်များ ဖြေလျှော့ပေးကြသော်လည်း စစ်ကောင်စီလက်ထက်တွင် တင်းကျပ်မှုပေါင်းစုံနှင့် ကြုံနေရသည်။ အထွေထွေစီးပွားရေးပြိုလဲမှုကြောင့် ငွေလဲနှုန်းများမတည်မငြိမ်ဖြစ်ကာ ဝယ်လိုအားများကျဆင်းသဖြင့် ရပ်တည်ရန် ခက်ခဲလာသည်ဟု သူက ပြောသည်။

“လုပ်ငန်းချဲ့ထွင်ဖို့ အားအင်တွေမရှိတော့ရင် ဖြစ်လာတဲ့အကြောင်းအရာကို ဘယ်လိုကာကွယ်ပြီးတော့ ဒီလုပ်ငန်းကို ထိန်းသိမ်းသွားမလဲပေါ့။ အဲ့လိုထိန်းသိမ်းရင်းနဲ့ လုပ်ငန်းက သေးသေးလာတယ်” ဟု သူက ဆိုသည်။

ကိုထွန်းထွန်း၏ လုပ်ငန်း သေးငယ်လာသည့်နည်းတူ တစ်ချိန်က အလားအလာကောင်းသည့် မြန်မာ့စီးပွားရေးတိုးတက်မှု၊ ဆင်းရဲနွမ်းပါးမှုနှုန်းကျဆင်းမှုတို့သည် စစ်အာဏာသိမ်း ၃ နှစ်ကျော်အတွင်း ကပြောင်းကပြန်အခြေအနေ ဆိုက်နေသည်။

ပဋိပက္ခနှင့် စစ်မီးတောက်လောင်နေသော မြန်မာသည် ကိုဗစ်ကပ်ဘေးအလွန် စီးပွားရေးဦးမော့လာသည့် အိမ်နီးချင်းနိုင်ငံများနှင့်မတူဘဲ ၂၀၂၁ တွင် စီးပွားရေးတိုးတက်မှုနှုန်း ၁၈ ရာခိုင်နှုန်းကျဆင်းခဲ့သည်ဟု အာဏာသိမ်းပြီး ပထမဆုံးထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးစောင့်ကြည့်အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

ထို့နောက် မြန်မာ့စီးပွားရေးသည် မူလအခြေအနေသို့ ပြန်လည်မရောက်လာတော့ဘဲ လာမည့် ၂၀၂၅ တွင် စီးပွားရေးတိုးတက်မှုနှုန်း ၁ ရာခိုင်နှုန်းသာ တိုးတက်နိုင်ကြောင်း၊ တိုင်းပြည်လူဦးရေ၏ သုံးပုံတစ်ပုံခန့်ရှိသော လူ ၁၇ သန်းခွဲ ဆင်းရဲတွင်းထဲ ရောက်သွားကြောင်း ကမ္ဘာ့ဘဏ်၏ ဇွန်လထုတ် အစီရင်ခံစာသစ်က ဆိုသည်။

စီးပွားရေးဆိုင်ရာ အခက်အခဲများကြောင့် စီးပွားရေး၏ အခြေခံအုတ်မြစ်ဖြစ်သည့် လူလတ်တန်းစား ၅၀ ရာခိုင်နှုန်း အလျင်အမြန်ပျောက်ကွယ်သွားကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က ၂၀၂၄ ဧပြီတွင် အစီရင်ခံစာထုတ်ပြန်ခဲ့သည်။

လုပ်ငန်းခွင်ဝင်ရောက်ရန် ထွက်ခွာလာကြသည့် ရန်ကုန်မြို့တစ်နေရာမှ အလုပ်သမားများကို ၂၀၂၂ ဩဂုတ်လအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ – Myanmar Now)

စီးပွားရေးမိုးကြိုးကို ထန်းလက်နှင့် ကာခြင်း

ယင်းကဲ့သို့ တိုင်းပြည်စီးပွားရေးပြိုကျလာချိန်တွင် စစ်ကောင်စီ၏ ဆင်ကန်းတောတိုးမူဝါဒများကြောင့် ဦးနင်းပဲ့ထောင်ဖြစ်နေသည်ဟု Myanmar Now က ဆက်သွယ်မေးမြန်းသည့် စီးပွားရေးပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များက ပြောဆိုကြသည်။

စီးပွားရေးစနစ် ဦးတည်ရာမဲ့ ဖြစ်လာကြောင်း၊၂၀၂၁ အာဏာမသိမ်းမီ ဆယ်စုနှစ်တစ်ခုကြာ တည်ဆောက်ခဲ့သော ဈေးကွက်စီးပွားရေးယန္တရား ၈၀ ရာခိုင်နှုန်းပျက်စီးသွားကြောင်း မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနယ်ပယ်တွင် အရေးကြီးတာဝန်များထမ်းဆောင်ခဲ့သည့် စီးပွားရေးပညာရှင်တစ်ဦးက ပြောသည်။

“ဘယ်ကိုသွားနေတယ်ဆိုတဲ့ မူဝါဒရယ်လို့ သေချာမရှိတော့ဘဲ ကြုံသလိုလုပ်နေရတဲ့အခြေအနေပဲ” ဟု ၎င်းက မှတ်ချက်ပြုသည်။

၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်သည့် တော်လှန်ရေးကောင်စီက စီးပွားရေးလုပ်ငန်းများကို ပြည်သူပိုင်သိမ်းယူကာ ဗဟိုမှ ချုပ်ကိုင်သည့် ဆိုရှယ်လစ်စီးပွားရေးစနစ်ကို ကျင့်သုံးခဲ့သည်။ ထို့နောက် စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ နအဖအစိုးရလက်ထက်တွင် ထိန်းချုပ်မှုများသည့် ဈေးကွက်စီးပွားရေးစနစ်စတင်ရန် ကြိုးစားခဲ့သည်။

ဒီမိုကရေစီအသွင်ကူးပြောင်းကာလဟုဆိုသည့် ၂၀၁၀ မှ ၂၀၂၀ ပြည့်နှစ်အတွင်း ဈေးကွက်စီးပွားရေးစနစ်ကို တင်းပြည့်ကျပ်ပြည့် အကောင်အထည်ဖော်ရန် ကြိုးပမ်းခဲ့ကြသည်။ စစ်ကောင်စီလက်ထက်၌ စီးပွားရေး ပရမ်းပတာဖြစ်ကာ ဆန်စဉ်ရာ ကျည်ပွေ့မလိုက်နိုင်ဆိုသလို ဈေးကွက်ကို တည်ငြိမ်စွာထိန်းကျောင်းနိုင်ခြင်းမရှိတော့ပေ။

ဈေးကွက်စီးပွားရေးစနစ်ပျက်စီးသွားချိန် စစ်ကောင်စီအတွက် ဆိုရှယ်လစ်စနစ် ပြန်သွားရန်လည်း မဖြစ်နိုင်တော့ကြောင်း ထိုစီးပွားရေးပညာရှင်က ပြောသည်။

“Centralized Economy (ဗဟိုချုပ်ကိုင်တဲ့ စီးပွားရေး) ကို ပြန်သွားလို့မရတာကတော့ သေချာတယ်။ ဘာကြောင့်လဲဆိုတော့ အခြေခံအဆောက်အအုံတွေ လုံးဝမရှိတော့လို့ပဲ။ ပြည်သူပိုင်လုပ်ငန်း ၉၀ ရာခိုင်နှုန်းက မရှိတော့ဘူး” ဟု သူက ဆိုသည်။

“ဒါပေမဲ့ ၂၀၁၀ – ၂၀၂၀ မှာ တည်ဆောက်ခဲ့တဲ့ Market Mechanism တွေ (ဈေးကွက်ယန္တရားတွေ) အားလုံးကလည်း ၈၀ ရာခိုင်နှုန်းလောက် ပျက်စီးသွားပြီ”

ဝယ်လိုအားနှင့် ရောင်းလိုအားအပေါ် အခြေခံသည့် ဈေးကွက်စီးပွားရေးစနစ်ဟု အမည်ခံနေသော်လည်း ထိန်းချုပ်စီးပွားရေးစနစ်အဖြစ် လည်ပတ်လုပ်ကိုင်နေသည်။

သွင်းကုန်ပို့ကုန်များကို ကန့်သတ်ထားသည်။ ပြည်တွင်း၌ ထွက်ရှိသော ဆန်စပါးမှအစ ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီ၊ စားသုံးဆီ၊ မော်တော်ကား စသည်တို့ကို အတင်းအကျပ်ထိန်းချုပ်နေသည်။ မည်သည့်ကုန်ပစ္စည်းဖြစ်စေ ဈေးနှုန်းမြင့်တက်သည်ကို မကြိုက်သည့် စစ်ကောင်စီအတွက် ဈေးကွက်ကို ထိန်းကျောင်းရန် တစ်ခုတည်းသောနည်းလမ်းမှာ လုပ်ငန်းရှင်များကို ဖမ်းဆီးစစ်ဆေးခြင်းပင်ဖြစ်သည်။

 ကုန်ပစ္စည်းတင်ပို့ရာ ရန်ကုန်မြို့ အလုံမြို့နယ်တွင် တည်ရှိသည့် အေးရှားဝါး(လ်) ဆိပ်ကမ်းကို ၂၀၂၀ ခုနှစ်အတွင်း မြင်တွေ့ရစဉ်။ (ဓာတ်ပုံ − Myanmar Now)

စီးပွားရေးပြိုဆင်းစေ​​သည့် ဘတ်ဂျက်လိုငွေနှင့် ဒေါ်လာပြုန်းတီးမှု

အခွန်နှင့် အခြားရငွေကျဆင်းပြီး အသုံးစရိတ်တက်လာချိန်တွင် စစ်ကောင်စီက ဘတ်ဂျက်လိုငွေအတွက် ငွေစက္ကူသစ်များ ရိုက်နှိပ်သုံးစွဲလာခြင်းမှာ စီးပွားရေးကျဆင်းမှု၏ အကြောင်းရင်းတစ်ရပ်ဖြစ်သည်ဟု စီးပွားရေးပညာရှင်များက ပြောသည်။

နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ထားရသည့် စစ်ကောင်စီက စစ်ရေးအသုံးစရိတ် အဆမတန်တိုးမြှင့်သုံးစွဲလာရာ ဘတ်ဂျက်လိုငွေများ မြင့်တက်လာသည်။ ဘတ်ဂျက်လိုငွေဆိုသည်မှာ ရငွေထက် သုံးငွေပိုများနေသဖြင့် ကြွေးမြီတင်လာခြင်းဖြစ်သည်ဟု ယူဆနိုင်သည်။

အာဏာသိမ်းစ ၂၀၂၁ ခုနှစ် ၆ လဘဏ္ဍာနှစ်တွင် စစ်ရေးအသုံးစရိတ် ကျပ်ဘီလျံ ၁၇၀၀ ကျော်သုံးခဲ့ရာမှ နောက်နှစ် ၂၀၂၂-၂၃ တွင် ၃၇၀၀ ကျော်အထိ တိုးမြှင့်သုံးစွဲခဲ့သည်။ ထို့နောက် ၂၀၂၃-၂၄ ဘဏ္ဍာအတွက် ကျပ်ဘီလျံ ၅၆၃၅ အထိရှိခဲ့ပြီး ယခင်နှစ်ထက် ၅၀ ရာခိုင်နှုန်းကျော် မြင့်တက်လာခြင်းဖြစ်သည်။

ယခုဘဏ္ဍာနှစ်တွင် စစ်ရေးအသုံးစရိတ်ကို စစ်ကောင်စီက မထုတ်ပြန်တော့သဖြင့် မည်မျှရှိသည်ကို မသိရှိရတော့ပေ။

စစ်ကောင်စီ၏ ဘဏ္ဍာရေးဆိုင်ရာပွင့်လင်းမြင်သာမှု သိသိသာသာကျဆင်းသွားကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ အဖွဲ့ခေါင်းဆောင်နှင့် အကြီးတန်းစီးပွားရေးပညာရှင် Kim Edwards က ဇွန် ၁၂ စီးပွားရေးဆိုင်ရာအစီရင်ခံစာရှင်းလင်းပွဲတွင် ပြောသည်။

“အစီရင်ခံစာတချို့ကို တွေ့ရပါတယ်။ ကာကွယ်ရေးကဏ္ဍအပါအဝင် ကဏ္ဍအသီးသီးမှာ အသုံးစရိတ်တွေ တွေ့ရပါတယ်။ (ကာကွယ်ရေး) အသုံးစရိတ်တွေ မြင့်တက်လာပြီးတော့ အခြားနေရာမှာ အသုံးစရိတ်တွေ ကျဆင်းသွားတာကို တွေ့ရပါတယ်။ ဒါတွေကတော့ စီးပွားရေးတစ်ခုလုံးအနေနဲ့ ဖိအားတွေရှိနေမှာပဲ” ဟု သူက ပြောသည်။

ဘတ်ဂျက်လိုငွေမှာ ဂျီဒီပီ၏ ၅ ရာခိုင်နှုန်း ရှိနိုင်ကြောင်း၊ ဝန်ကြီးဌာနနှင့် အခြားအသုံးစရိတ် လိုအပ်ချက်များအတွက် ဗဟိုဘဏ်က ငွေစက္ကူသစ်ရိုက်ထုတ်သုံးစွဲခြင်းကြောင့် ငွေကြေးဖောင်းပွကာ စီးပွားရေးအပေါ် သက်ရောက်မှုရှိကြောင်း သူက ဆိုသည်။

စစ်မှုထမ်းဥပဒေအရ သုံးစွဲမည့်စရိတ်နှင့် အခြားအသုံးစရိတ်များကြောင့် ဘတ်ဂျက်လိုငွေနှင့် GDP အချိုးသည် ၅ ဒသမ ၆၇ ရာခိုင်နှုန်းရှိနိုင်ကြောင်း အာဏာသိမ်းဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ယခုနှစ် မတ် ၁၁ ဘက်ဂျက်အစည်းအဝေး၌ ပြောဆိုခဲ့သည်။

ထိုပမာဏမှာ ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် သုည ဒသမ ၀၂ ရာခိုင်နှုန်းပိုများသည်။

ရန်ကုန်မြို့၊ သာကေတမြို့နယ်တွင် စားအုံးဆီအတွက် တန်းစီစောင့်ဆိုင်းနေသူများကို ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ် (ဓာတ်ပုံ – Myanmar Now)

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က စစ်ကောင်စီသည် အာဏာသိမ်း ၃ နှစ်ကျော်အတွင်း ကျပ်ဘီလျံပေါင်း ၃၀,၀၀၀ ရိုက်ထုတ်သုံးစွဲခဲ့ကြောင်း ဇွန် ၃ ရက် သတင်းစာရှင်းပွဲတွင် ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၉ နှင့် ၂၀၂၀ တွင် ကျပ်ဘီလျံပေါင်း ၃၆၅၆ သာ ရိုက်နှိပ်ထုတ်ဝေခဲ့ရာ နှိုင်းယှဉ်လျှင် ၈ ဆကျော် ပိုများသည်ဟု ဆိုသည်။

စီးပွားရေးလုပ်ငန်းများ ပုံမှန်မလည်ပတ်နိုင်ဖြစ်နေချိန်တွင် ငွေစက္ကူသစ်များ ထပ်ဝင်လာခြင်းကြောင့် ဝယ်လိုအား တက်လာပြီး ကုန်ပစ္စည်းများ၏ ရောင်းချနိုင်စွမ်းနည်းပါးသဖြင့် ငွေကြေးဖောင်းပွနှုန်း မြင့်တက်ကာ စီးပွားရေးထိခိုက်လာခြင်းဖြစ်သည်။

ယခုနှစ် မတ်လတွင် ကုန်ဆုံးသည့် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် ငွေကြေးဖောင်းပွနှုန်း ၂၂ ရာခိုင်နှုန်းထိ ရှိခဲ့ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က ခန့်မှန်းသည်။

ထို့ပြင် နိုင်ငံခြားဝင်ငွေနည်းပါးလာခြင်း၊ ရှိနှင့်ပြီး နိုင်ငံခြားအရန်ငွေများ ခန်းခြောက်လာခြင်းတို့ကြောင့် မြန်မာကျပ်ငွေတန်ဖိုးကျဆင်းမှုကို ဖိအားပိုများစေကြောင်း ဦးတင်ထွန်းနိုင်က ပြောသည်။

အာဏာမသိမ်းမီ နိုင်ငံခြားအရန်ငွေ ဒေါ်လာ ၆ ဒသမ ၈ ဘီလျံကျော် ပြည်ပဘဏ်များတွင် အပ်နှံထားရာ ထုတ်နုတ်သုံးစွဲမှုများကြောင့် ထက်ဝက်ကျော်သာ စာရင်းကျန်တော့ကြောင်း ဦးတင်ထွန်းနိုင်က ဆိုသည်။ ထိုကျန်ငွေများအနက် ဒေါ်လာ ၁ ဒသမ ၁ ဘီလျံကျော်ကို အမေရိကန်အစိုးရက ထိန်းချုပ်ထားသည်ဟု သိရသည်။

အာဏာသိမ်းပြီးနောက် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ကျဆင်းနေခြင်း၊ နိုင်ငံတကာချေးငွေနှင့် အကူအညီများမရတော့ခြင်း၊ ပို့ကုန်တင်ပို့မှုကျဆင်းခြင်း၊ နိုင်ငံတကာအရေးယူပိတ်ဆို့ခြင်းများကြောင့် နိုင်ငံခြားဝင်ငွေစီးဝင်မှုများကျဆင်းသွားသည်ဟု စီးပွားရေးကျွမ်းကျင်သူများက ဆိုသည်။

အရေးပါသည့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများကို တော်လှန်ရေးအဖွဲ့များထိန်းချုပ်ထားသဖြင့် ကုန်သွယ်မှုများပြတ်တောက်ကာ ပို့ကုန်ရငွေများအပေါ် ထိခိုက်မှုရှိသည်ဟု ၎င်းတို့က ဆိုသည်။

ရန်ကုန်မြို့လယ်ရှိ ရွေဈေးကွက်ကို ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ် (ဓာတ်ပုံ – Myanmar Now)

ထိန်းမနိုင်သိမ်းမရ ရွှေနှင့် ဒေါ်လာဈေးကွက်

စစ်အာဏာသိမ်းလိုက်ချိန်မှစ၍ နိုင်ငံရေးမတည်ငြိမ်တော့သဖြင့် ကျပ်ငွေအပေါ် ယုံကြည်မှုနည်းလာပြီး ပိုင်ဆိုင်မှုများကို ကာကွယ်ရန် ရွှေ၊ ဒေါ်လာ၊ ကားနှင့် အိမ်ခြံမြေများကို တိုးမြှင့်ဝယ်ယူလာကြသည်။ ဥစ္စာဓနများကို အိမ်နီးချင်းနိုင်ငံများသို့ ရွှေ့ပြောင်းကြသည်။

ထို့ကြောင့် မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းကာ လက်ထဲ မထားရဲကြတော့သည်အထိ ဖြစ်လာသည်။ ၂၀၂၁ ဇန်နဝါရီတွင် အမေရိကန်တစ်ဒေါ်လာ ကျပ် ၁,၃၀၀ ဝန်းကျင်ရှိရာမှ ယခုအခါ ပြင်ပဈေးကွက်တွင် ၄,၆၀၀ အထိ ဖြစ်လာသဖြင့် ၃ ဆခွဲအထိ ဈေးတက်လာပြီဖြစ်သည်။ တစ်ကျပ်သားလျှင် ၁၃ သိန်းကျော်သာ ရှိသည့် အခေါက်ရွှေဈေးမှာလည်း ကျပ် ၅၃ သိန်းကျော်အထိ တက်လာကာ အာဏာမသိမ်းမီကထက် ၄ ဆကျော် ဈေးတက်လာခဲ့သည်။

နိုင်ငံရေးမတည်ငြိမ်မှု၏ နောက်ဆက်တွဲအကျိုးဆက်များကြောင့် ဈေးမြင့်တက်လာခြင်းဖြစ်သော်လည်း ဝိသမစီးပွားရေးသမားကြောင့်ဖြစ်သည်ဆိုကာ ဇွန်လဆန်းတွင် လုပ်ငန်းရှင်များကို ဆက်တိုက်ဖမ်းဆီးခဲ့သည်။

ရွှေ၊ ဒေါ်လာနှင့် ထိုင်းတွင် တိုက်ခန်းရောင်းဝယ်သည်ဆိုကာ ဖမ်းဆီးထားသူ ၃၉ ဦး၊ ဝရမ်းထုတ်ထားသူ ၂၅ ဦးကို ဖမ်းဆီးထားပြီး ဟွန်ဒီငွေလွှဲလုပ်ကိုင်သူ ၃၉ ဦး၏ ဘဏ်ငွေစာရင်းများပိတ်သိမ်းထားသည်ဟု ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။

နိုင်ငံရေးမတည်ငြိမ်ခြင်း၊ ဝယ်လိုအားနှင့် ရောင်းလိုအား မမျှတခြင်းနှင့် ငွေကြေးဖောင်းပွခြင်း စသည့် အခြားအခြေခံကျသည့် အကြောင်းတရားများကြောင့် ဈေးနှုန်းမြင့်တက်မှုကို ဖမ်းဆီးအရေးယူခြင်းဖြင့် မထိန်းကျောင်းနိုင်ကြောင်း ကိုထွန်းထွန်းက ပြောသည်။

“တိကျတဲ့အကြောင်းရင်းတွေရှိတယ်။ အဲ့ဒါကို ကန့်သတ်လိုက်လို့ ကျသွားစရာအကြောင်းတော့ မရှိဘူး။ အဲ့ဒီလိုဖမ်းရင် ပိုတက်လာမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဈေးကွက်မှာ အရမ်းရှားလာမှာပေါ့။ ပိုဖမ်းလေ ဈေးတင်လို့ကောင်းလေဖြစ်လာမှာပဲ” ဟု ၎င်းက ဆိုသည်။

သို့သော် စစ်ကောင်စီအပါအဝင် ၎င်း၏ စီးပွားရေးအကြံပေးများက အခြေခံအကြောင်းရင်းများကို မျက်ကွယ်ပြုကာ ဈေးနှုန်းတက်လာပါက ဝိသမစီးပွားရေးသမားများကြောင့်ဖြစ်သည်ဟုဆိုကာ ဖမ်းဆီးနှိပ်ကွပ်ရန်သာ အစည်းအဝေးနှင့် သတင်းစာရှင်းလင်းပွဲများတွင် ပြောဆိုလေ့ရှိသည်။

ထိုကဲ့သို့ ဖမ်းဆီးနေသော်လည်း သွင်းကုန်တင်သွင်းရန်၊ နိုင်ငံခြားသွားရာတွင် သုံးစွဲရန် လိုအပ်နေကြသည့် နိုင်ငံခြားငွေကို လုံလုံလောက်လောက် ရောင်းပေးခြင်းမရှိပေ။ အာဏာသိမ်းစက ဒေါ်လာဈေးတက်ချိန် ဈေးကွက်အတွင်း ‌ဒေါ်လာများထုတ်ရောင်းချပေးခဲ့ဖူးပြီး ယခုမရှိတော့ပေ။

ထို့ပြင် ဒေါ်လာရပေါက်ရလမ်းအားလုံးကို ထိန်းချုပ်၍ ကျပ်ငွေများဖြင့် အတင်းအကျပ်လဲယူသည်။ ကုမ္ပဏီများ၏ နိုင်ငံခြားငွေစာရင်းမှ ဒေါ်လာများကို ကျပ်ဖြင့် လဲယူသည့်နည်းတူ ပို့ကုန်တင်ပို့မှုမှ ရရှိသည့် ဒေါ်လာများကိုလည်း လဲယူသည်။ ပြည်ပရောက် အလုပ်သမားများကို ဝင်ငွေခွန်ကောက်ခံပြီး လစာ၏ ၂၅ ရာခိုင်နှုန်းကို ပြည်တွင်းပြန်ပို့ရန် သတ်မှတ်ခဲ့သည်။

 ရန်ကုန်မြို့ရှိ ဒေါ်လာမှောင်ခိုစျေးကွက်တစ်ခုကို ၂၀၁၁ အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ – AFP)

ဆေးကြောင့်ပိုလေး ထိန်းချုပ်စီးပွားရေး

စစ်ကောင်စီသည် စီးပွားရေးကျပ်တည်းမှုကို ကိုင်တွယ်ရာတွင် သက်ရောက်မှုကို အသေးစိတ်မချင့်ချိန်ဘဲ မူဝါဒများချမှတ်နေသဖြင့် အခြေအနေပိုဆိုးလာနေကြောင်း အမည်မဖော်လိုသည့် အစိုးရအရာရှိဟောင်းတစ်ဦးက ပြောသည်။

ရွှေနှင့် ဒေါ်လာဈေးမတက်ရန် လိုက်လံထိန်းချုပ်ချိန်တွင် မအောင်မြင်ဘဲ မှောင်ခိုဈေးကွက်ပေါ်လာသည်။ ဒေါ်လာမကုန်ရန် သွင်းကုန်များပိတ်ပင်လိုက်ချိန် ကုန်ကြမ်းပြတ်လပ်ကာ ကုန်ထုတ်လုပ်မှုများ ကျဆင်းပြီး စက်သုံးဆီ၊ စားသုံးဆီနှင့် အထွေထွေကုန်ဈေးနှုန်းများ မြင့်တက်လာသည်ဟု သူက ထောက်ပြသည်။

စိုက်ပျိုးရေးနိုင်ငံဟု ကြွေးကြော်ထားသော်လည်း စိုက်ခင်းများအတွက် လိုအပ်သည့် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးကို ပြည်ပမှ တင်သွင်းရပြီး ဒေါ်လာအကျပ်အတည်းကြောင့် သွင်းကုန်များပိတ်ပင်ခဲ့သဖြင့် လယ်ယာလုပ်ငန်းကိုပင် ထိခိုက်မှုရှိနေသည်။ ယခုအခါ ကုန်ပစ္စည်းချင်းလဲလှယ်သည့် Barter System အကောင်အထည်ဖော်ရန်လည်း စိုင်းပြင်းလျက်ရှိသည်။

“သပွတ်အူလိုဖြစ်လာတယ်။ သူတို့ဘာသာသူတို့ ဖြေရှင်းလို့မရအောင် ဖြစ်လာတယ်။ စီးပွားရေးသမားနဲ့ ပြည်သူလူထုက ရတဲ့နည်းနဲ့ ထွက်ပေါက်ရှာပြီး၊ ကယ်ပေါက်ရှာပြီး လုပ်တဲ့အချိန်မှာ သူတို့ (စစ်ကောင်စီ) က အဲ့ဒါတွေကို လျှောက်ပိတ်နေသလိုဖြစ်နေတယ်” ဟု သူက ဆိုသည်။

“အမှန်က အဖြေရှာတာမဟုတ်ဘဲနဲ့ ကန့်သတ်တားမြစ်ခြင်းတွေလုပ်တာပေါ့။ အဲ့ဒီတော့ ကြာလေဆိုးလေ ဖြစ်လာတဲ့သဘောပါပဲ”

ကိစ္စရပ်တိုင်းတွင် အကျိုးနှင့်အပြစ်ရှိပြီး ဘေးထွက်ဆိုးကျိုးကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သော်လည်း စစ်ဗိုလ်ချုပ်ကြီးများကို မှန်မှန်ကန်ကန်ထောက်ပြအကြံပြုမည့်သူ မရှိကြောင်း၊ ထိုသူများရှိလျှင်လည်း ဖယ်ရှားခံရမည်သာဖြစ်ကြောင်း သူက ဆိုသည်။

ထို့ကြောင့် တိုင်းပြည်စီးပွားရေး အနုတ်လက္ခဏာပြလာကြောင်း၊ လျှပ်စစ်မီးမရရှိမှု၊ စစ်မှုထမ်းဥပဒေကြောင့် လုပ်သားရှားပါးမှုများကြောင့် ကုန်ထုတ်လုပ်ငန်းများကျဆင်းကြောင်း သူက ဆိုသည်။

ယခုနှစ် ဧပြီနှင့် မေတွင် နိုင်ငံခြားကုန်သွယ်မှုမှာ ဒေါ်လာ ၇၇၁ သန်း ကျဆင်းသွားသည်ဟု စီးပွားကူးသန်းဝန်ကြီးဌာန၏ စာရင်းများတွင် တွေ့ရသည်။

သို့သော် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကမူ အကျပ်အတည်းများကြားမှ စီးပွားရေးဦးမော့အောင်လုပ်နိုင်ကြောင်း အစိုးရအဖွဲ့အစည်းဝေးများတွင် ပြောဆိုလေ့ရှိသည်။ ပို့ကုန်တိုးမြှင့်ရန် အဓိကကျကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို တိုးမြှင့်လုပ်ကိုင်သင့်ကြောင်း ဇွန် ၇ နေပြည်တော်အစည်းအဝေးတွင် ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် သွင်းကုန်ကို မှီခိုမှုမရှိသည့် Self-sufficiency ဟုခေါ်သည့် ကိုယ်ပိုင်ဖူလုံရေးဝါဒကို ကိုင်စွဲထားပုံရကြောင်း၊ စိုက်ပျိုးရေးအတွက် မျိုး၊ မြေ၊ ရေနှင့် နည်း ၄ ချက်ရှိလျှင် ဖူလုံနိုင်ကြောင်း အစဉ်ပြောဆိုလေ့ရှိသည်ဟု ဆိုသည်။ 

သို့သော် စနစ်ကျသည့် အပြောင်းအလဲမဟုတ်သဖြင့် အောင်မြင်နိုင်ဖွယ်မရှိကြောင်း ကိုထွန်းထွန်းက ဝေဖန်သည်။

“ဦးတည်ရာမဲ့ပြောင်းသလို ပြောင်းနေတာ။ ဘာလေးလုပ်ရင် ကောင်းမလဲ သူများတစ်ယောက်က အကြံပေးလိုက်တယ်။ အဲ့ဒါဆို အဲ့ဒီအကြံကိုပဲ ဒါလေးကောင်းတယ် လုပ်ဆိုပြီး လုပ်နေကြတယ်။ Strategy (မဟာဗျူဟာ) မရှိဘဲ သွားနေကြတာပေါ့” ဟု ကိုထွန်းထွန်းက ပြောလိုက်သည်။

(*လုံခြုံရေးအရ အမည်လွှဲဖြင့် ဖော်ပြထားပါသည်။)

Show More

Related Articles

Back to top button