သတင်း

တစ်ကျော့ပြန် TNLA ထိုးစစ် တရုတ်နှင့် ဆက်စပ်နေဟု စစ်တပ်သတင်းဌာနများစွပ်စွဲ

ရှမ်းမြောက်နှင့် မန္တလေးတိုင်းအတွင်း ယနေ့စတင်သည့် တအာင်းတပ် TNLA ထိုးစစ်တွင် တရုတ်အစိုးရ ပါဝင်ပတ်သက်နေသည်ဟု စစ်ကောင်စီတပ်ကို အားပေးသည့် သတင်းဌာနများက စွပ်စွဲနေကြသည်။

ရှမ်းမြောက်နှင့် မန္တလေးတိုင်းအတွင်း ယနေ့စတင်သည့် တအာင်းတပ် TNLA ထိုးစစ်၏နောက်ကွယ်တွင် တရုတ်အစိုးရ ပါဝင်ပတ်သက်နေသည်ဟု စစ်တပ်က တည်ထောင်ပေးထားသည့် သတင်းဌာနများက စွပ်စွဲရေးသားကြသည်။

TNLA ထိုးစစ်သည် တရုတ်အစိုးရ အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီးကျွင်း နေပြည်တော်မှ ပြန်သွားပြီး သီတင်းတစ်ပတ်ခန့်အကြာတွင် စတင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုတိုက်ခိုက်မှုသည် တရုတ်အစိုးရ၏တောင်းဆိုချက်များကို စစ်ကောင်စီ မလိုက်လျောခြင်းကြောင့် ဖြစ်လာသည့် အကျိုးဆက်ဖြစ်ကြောင်း ၎င်းတို့က ဝေဖန်ကြသည်။

တိန့်ရှီးကျွင်းသည် ဇွန်လ ၁၈ ရက်နေ့က နေပြည်တော်သို့ ရောက်လာပြီးနောက် စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့သည်။

ထိုတွေ့ဆုံပွဲတွင် တရုတ်အစိုးရ၏တောင်းဆိုချက်ကို စစ်ကောင်စီက ပယ်ချခဲ့သဖြင့် တရုတ်တို့က TNLA ကို ထိုးစစ်စတင်ခိုင်းခြင်း ဖြစ်သည်ဟု တယ်လီဂရမ်ချန်နယ်တွင် လူသိများသည့် Thazin Oo က စွပ်စွဲသည်။

Thazin Oo သည် စစ်တပ်က ကျောထောက်နောက်ခံပေးထားသည့် နေပြည်တော်အခြေစိုက် သတင်းသမားတစ်ဦးဖြစ်ပြီး စစ်ကောင်စီ၏အစီအစဉ်ဖြင့် ရုရှားသို့ လေ့လာရေး သွားရောက်ခွင့်ရခဲ့ခြင်း အပါအဝင် စစ်ကောင်စီ၏ အခမ်းအနားများတွင် ရှေ့တန်းမှ နေရာရခဲ့သည်။

တယ်လီဂရမ်တွင် Subscribers ၈ သောင်း ၆ ထောင် ကျော်ရှိသည့် Thazin Oo သည် စစ်တပ်ဆန့်ကျင်သူများကို ဖမ်းဆီးထောင်ချရန် မကြာခဏလှုံ့ဆော်ရေးသားလေ့ရှိသည်။

တယ်လီဂရမ် Subscribers ၁သိန်း ၂ သောင်းခန့်ရှိသည့်၊ စစ်တပ်ဘက်ယိမ်းသည့် Ko Thet ဆိုသည့် ချန်နယ်ကလည်း တရုတ်ကို “အိမ်နီးချင်းကောင်းမပီသတဲ့ အင်အားကြီးနိုင်ငံ” ဟု ရည်ညွှန်းပြီး TNLA ထိုးစစ်မှာ တရုတ်လက်ချက်ဖြစ်သည်ဟု စွပ်စွဲသည်။

ထိုချန်နယ်သည်လည်း Thazin Oo နည်းတူ စစ်တပ်ဆန့်ကျင်သူများကို ဖမ်းဆီးထောင်ချရန် မကြာခဏ လှုံ့ဆော်ရေးသားသည်။

TNLA သည် ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ဝန်းကျင်၊ နောင်ချိုမြို့နယ် အုမ္မသီး၊ အုမ္မခါးကျေးရွာများအနီးနှင့် မန္တလေးတိုင်းအတွင်းမှ မိုးကုတ်မြို့ ညောင်ကုန်းကျေးရွာအနီး၊ မတ္တရာမြို့နယ်အရှေ့ပိုင်းမှ စစ်ကောင်စီစခန်းများကို တစ်ပြိုင်နက် တိုက်ခိုက်နေခြင်းဖြစ်သည်။

TNLA ထိုးစစ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) တပ်ဖွဲ့ဝင်များလည်း ပါဝင်တိုက်ခိုက်နေသည်။

TNLA ထိုးစစ်နှင့် ပတ်သက်၍ စစ်ကောင်စီဘက်က အသံတိတ်နေဆဲဖြစ်ပြီး ယနေ့နေ့လယ်ပိုင်းအထိ တရားဝင်သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

Show More

Related Articles

Back to top button