
ကိုဗစ်နိုင်တင်း (Covid-19) ကမ္ဘာ့ကပ်ရောဂါရိုက်ခတ်မှု တစ်နှစ်နီးပါးကြာမြင့်လာချိန်တွင် စက်မှုလုပ်ငန်းအများအပြား အခြေစိုက်ရာ ရန်ကုန်တိုင်း၌ အလုပ်အကိုင်ဆုံးရှုံးခဲ့သည့် စက်ရုံအလုပ်သမား ၆၅,၀၀၀ ကျော်ရှိကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကိုဗစ်နိုင်တင်းကြောင့် လုပ်ငန်းဆက်လက်လည်ပတ်နိုင်စွမ်းမရှိဘဲ အပြီးတိုင်ပိတ်သိမ်းခဲ့သည့် စက်ရုံပေါင်း ၇၀ မှ အလုပ်သမား ၂၄,၈၀၀ ဦး၊ ယာယီပိတ်သိမ်းသည့် စက်ရုံ ၂၉ ခုမှ အလုပ်သမား ၉,၀၀၀ ကျော်နှင့် စက်ရုံ ၁၇၀ မှ အင်အားလျှော့ချခဲ့ရသည့် အလုပ်သမား ၃၁,၈၀၀ ကျော်ရှိလာကြောင်း ရန်ကုန်တိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က Myanmar Now ကို ပြောသည်။
“တစ်နှစ်ဝန်းကျင်ကာလအတွင်းမှာ အလွှာစုံ၊ ကဏ္ဍစုံအားလုံး ထိခိုက်ကြတာ ဖြစ်ပါတယ်။ အလုပ်သမားတွေဘက်ကို ကြည့်တဲ့အခါမှာတော့ အလုပ်ရှင်နဲ့ အလုပ်သမား နှစ်ဦးနှစ်ဖက်လုံး ထိခိုက်နစ်နာမှု ရှိတယ်။ ဒါပေမဲ့ စားဝတ်နေရေးကို ဒီအလုပ်လုပ်ကိုင်ပြီး ဖြေရှင်းကြရတဲ့ အလုပ်သမားတွေမှာ ထိခိုက်မှုတော့ ပိုကြီးတယ်” ဟု ဒေါ်မိုးမိုးစုကြည်က ပြောသည်။
ကိုဗစ်နိုင်တင်းကြောင့် အလုပ်အကိုင်ထိခိုက်ခဲ့ရသည့် အလုပ်သမားများအနက် လူမှုဖူလုံရေးကြေးပေးသွင်းထားပြီး အကျိုးခံစားခွင့်ရှိသူများဖြစ်ပါက ၎င်းတို့လုပ်ခလစာ၏ ၄၀ ရာခိုင်နှုန်းကို အစိုးက ထောက်ပံ့ပေးနေသကဲ့သို့ လူမှုဖူလုံရေးကြေး မပေးဆောင်ထားသည့် လုပ်သားများကိုလည်း ကိုဗစ်နိုင်တင်းကာလ ထောက်ပံ့ကြေးအဖြစ် ကျပ် ၃၀,၀၀၀ နှုန်း ပေးအပ်ခဲ့ကြောင်း ဒေါ်မိုးမိုးစုကြည်က ပြောသည်။
ပိတ်သိမ်းသည့် စက်ရုံအများစုမှာ အထည်ချုပ်လုပ်ငန်းများဖြစ်ပြီး ကုန်စည်စီးဆင်းမှု ပြတ်တောက်ခြင်း၊ နိုင်ငံတကာမှ အထည်ချုပ်အမှာများ လျော့ကျလာခြင်းတို့ကြောင့် လုပ်ငန်းမလည်ပတ်နိုင်တော့ဘဲ ယာယီ သို့မဟုတ် အပြီးပိတ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။
ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ တရားဝင်စာရင်းများအရ အလုပ်အကိုင်ဆုံးရှုံးသည့် အလုပ်သမား ၆၅,၀၀၀ ကျော် ရှိသည်ဟုဆိုသော်လည်း အစိုးရထံ စာရင်းမရောက်သေးသည့် ပိတ်သိမ်းစက်ရုံများလည်း ရှိသဖြင့် မြေပြင်တွင် အလုပ်လက်မဲ့လုပ်သား ၁၀၀,၀၀၀ ကျော်အထိ ရှိနိုင်ကြောင်း အလုပ်သမားသမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (CCTU) အတွင်းရေးမှူး ဦးရဲနိုင်ဝင်းက ဆိုသည်။
စက်ရုံအလုပ်သမားအများစုသည် အမျိုးသမီးငယ်များဖြစ်သည့်အပြင် ရွှေ့ပြောင်းလုပ်သားများလည်း ဖြစ်သဖြင့် အလုပ်အကိုင် ထိခိုက်ဆုံးရှုံးမှုကြောင့် စားဝတ်နေရေး ပိုမိုကျပ်တည်းလာသည်ဟု ၎င်းက ဆိုသည်။
“အလုပ်လည်းမရှိတော့ အဆောင်နေစရိတ်ကြီးတာတို့၊ အစားအသောက်အဆင်မပြေတာတို့နဲ့ အလုပ်တစ်ခုကို ပြန်ရှာရတာ မလွယ်ကူတာတို့ ဖြစ်လာတော့ ဒီဒုက္ခသုက္ခတွေက သူတို့မှာ အခက်အခဲတွေ ကြီးတယ်” ဟု ဦးရဲနိုင်ဝင်းက ဆိုသည်။
ရန်ကုန်တိုင်းတွင် စက်ရုံ၊ အလုပ်ရုံ ၆၀,၀၀၀ ကျော်နှင့် အသေးစားအလတ်စားလုပ်ငန်း ၁၈,၀၀၀ ကျော်ရှိကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လုပ်ငန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးကို စက်ရုံ၊ အလုပ်ရုံများကို တိုင်းအစိုးရ ဦးဆောင်သည့် ဌာနစုံပူးပေါင်းအဖွဲ့က စစ်ဆေးပေးနေကြောင်း ဒေါ်မိုးမိုးစုကြည်က ပြောသည်။