ထိုင်းနိုင်ငံ အယုဒ္ဓယမြို့ရှိ မဟာချူလာလောင်ကွန်းဗုဒ္ဓတက္ကသိုလ်တွင် သင်တန်းတက်ရောက်ရန် ကြိုးစားနေသည့် ထောင်နှင့်ချီသောမြန်မာလူငယ်များသည် ပညာရေးဗီဇာရရှိရန် ကြန့်ကြာနေသဖြင့် အခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။
ဗီဇာရရန် စောင့်ဆိုင်းနေကြသူများက ဇွန်လ ၂၂ ရက်နေ့တွင် စတင်မည်ဟု ယခင်က ကြေညာထားသည့် အင်္ဂလိပ်ဘာသာအစီအစဉ်အတွက် ကျောင်းလခ ပေးသွင်းပြီးဖြစ်ကြောင်း Myanmar Now ကို ပြောသည်။
မြန်မာကျောင်းသားအများစုသည် ပြီးခဲ့သည့် မတ်လနှင့် ဧပြီလအတွင်း၌ ထိုင်းနိုင်ငံသို့ ရက် ၆၀ အလည်အပတ်ဗီဇာဖြင့် ရောက်ရှိနေကြသူများဖြစ်ကာ ဗီဇာကုန်ဆုံးမည့် ရက်အနည်းငယ်သာ ကျန်တော့သည်။
မဟာချူလာလောင်ကွန်းဗုဒ္ဓတက္ကသိုလ်က တစ်နှစ်ကြာမြင့်မည့် အင်္ဂလိပ်ဘာသာအစီအစဉ်အတွက် တစ်နှစ်ကျောင်းလခအဖြစ် တစ်ဦးလျှင် ဘတ် ၁၃၀၀၀ ကျသင့်မည်ဖြစ်ပြီး ထိုသင်တန်းကို တက်ပါက ၁၅ လကြာ နေထိုင်ခွင့်ရှိမည့် ပညာရေးဗီဇာရမည်ဟု ၎င်းတို့နားလည်ထားကြောင်း Myanmar Now နှင့် စကားပြောခွင့်ရခဲ့သည့် ဗီဇာစောင့်ဆိုင်းနေသူများက ဆိုသည်။
ထိုင်းနိုင်ငံသို့ ရက် ၆၀ အလည်အပတ်ဗီဇာ (Tourist Visa) ဖြင့် ရောက်ရှိလာပြီး ကျောင်းအပ်ကြသူများသည် အယုဒ္ဓယမြို့လူဝင်မှုကြီးကြပ်ရေးရုံးသို့ သွားရောက်ပြီး တက္ကသိုလ်ထောက်ခံစာဖြင့် အလည်အပတ်ဗီဇာမှ ပညာရေးဗီဇာသို့ ပြောင်းရာတွင် ငြင်းဆန်ခံခဲ့ရသည်ဟု မြန်မာလူငယ်များက ဆိုသည်။
ထိုဖြစ်ရပ်မျိုးနှင့် ပတ်သက်ပြီး Myanmar Now က အယုဒ္ဓယမြို့လူဝင်မှုကြီးကြပ်ရေးရုံးသို့ ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသေးပေ။
မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း၌ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အတည်ပြုလိုက်၍ မြန်မာ့လူငယ်လူရွယ်များသည် စစ်သားစုဆောင်းရေးရန်မှ ကင်းလွတ်ရန် ပြည်ပနိုင်ငံများသို့ နည်းလမ်းမျိုးစုံဖြင့် ထွက်ခွာခဲ့ကြသည်။
အများစုသည် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ထွက်ခွာလာခဲ့ကြပြီး တရားဝင်နေထိုင်ခွင့်ရရန် ငွေကုန်ကြေးကျနည်းပါးသည့် နည်းလမ်းကို ရွေးချယ်နေကြသည်။
ဤသို့ဖြင့် အများအပြားက ကျောင်းအပ်ခသက်သာပြီး တစ်နှစ်ဗီဇာရရှိမည့် အယုဒ္ဓယဗုဒ္ဓတက္ကသိုလ်တွင် ကျောင်းတက်ခွင့်ရရန် ကြိုးစားကြခြင်း ဖြစ်သည်။
တက္ကသိုလ်ဘက်တွင်လည်း ယခုပညာသင်နှစ်တွင် မြန်မာပြည်သားအများအပြား ကျောင်းအပ်နှံကြ၍ ကျောင်းသားဦးရေသည် စံချိန်တင်ဖြစ်ခဲ့သလို ကျောင်းအပ်ရန် စာရင်းပေးထားသည့် မြန်မာပတ်စ်ပို့ကိုင်ဆောင်သူအရေအတွက် ၅၇၀၀ နီးပါးရှိသည်။
မြန်မာလူငယ်တစ်ဦးကလည်း ဗီဇာရရန် တက္ကသိုလ်နှင့် လူဝင်မှုကြီးကြပ်ရေးရုံးသို့ အကြိမ်ကြိမ် သွားခဲ့ရသည်ဟု ဆိုသည်။
“အစကပြောထားတာ မေလ ပထမအပတ်ထဲမှာ ရမယ်ဆိုပြီး ပြောတယ်၊ နောက် မေ ၁၀ ကို ထပ်ချိန်းတယ်၊ အဲဒီမှာလည်း မရဘူး။ နောက် မေ ၂၀ ရက်နေ့လောက် ထပ်ချိန်းတယ်။ အဲဒီတစ်ခါမှာတော့ ကျောင်းဘက်က ထောက်ခံစာတွေ ထုတ်ပေးတယ်၊ ဒါပေမဲ့ (ထောက်ခံစာက) ထိုင်းနိုင်ငံပြင်ပထွက်ပြီး ဗီဇာသက်တမ်းတိုးမဲ့ သူတွေအတွက်ဆိုပြီး ဖြစ်သွားတယ်” ဟု သူက ဆိုသည်။
ယခုနောက်ပိုင်းတွင်မူ အယုဒ္ဓယမြို့ လူဝင်မှုကြီးကြပ်ရေးရုံးက ခရီးသွားဗီဇာမှ ပညာရေးဗီဇာ (ED Visa) သို့ ပြောင်းလဲခြင်းကို လက်ခံဆောင်ရွက်ပေးတော့မည်မဟုတ်ဟု ရုံးအတွင်း စာကပ်ထားကြောင်း မြန်မာလူငယ်များထံမှ သိရသည်။
ထို့ကြောင့် မြန်မာလူငယ်များသည် ထိုင်းနိုင်ငံပြင်ပထွက်ပြီးမှ ပညာရေးဗီဇာ ပထမအကြိမ် ၃ လ ဗီဇာသက်တမ်းတိုးခွင့် ရရှိကြသည်၊ ထိုဗီဇာကို ရရှိထားသူ အရေအတွက် ၄၀၀ ကျော် ရှိကြောင်း သိရသည်။
ထိုသူများသည်ပင် နောက်ထပ် ၁၂ လဗီဇာသက်တမ်းတိုးခွင့် ရမရကို အတိအကျမသိရသေးကြောင်း ကာယကံရှင် လူငယ်များက Myanmar Now ကို ပြောသည်။
သက်တမ်းတိုးခွင့် မရပါက ထိုင်းနိုင်ငံမှ ထွက်ခွာရမည်ဖြစ်သည်။ အများစုမှာ အိမ်နီးချင်း လာအို၊ ကမ္ဘောဒီးယားနိုင်ငံရှိ ထိုင်းသံရုံးများသို့ သွားရောက်ကာ ဗီဇာရယူပြီး ထိုင်းနိုင်ငံထဲ ပြန်လည် ဝင်ရောက်လေ့ရှိသည်။
ထိုသို့ ဗီဇာကိစ္စနှင့်ပတ်သက်ပြီး ကျောင်းအပ်လက်ခံစဉ်က တက္ကသိုလ်ဘက်က ပြောဆိုထားချက်များနှင့် ကွဲလွဲနေခြင်း၊ ထိုင်းနိုင်ငံပြင်ပ ထွက်ရပါက အနည်းဆုံး ဘတ် ၆,၀၀၀ မှ ၁၀,၀၀၀ အထိ ထပ်မံ ကုန်ကျနိုင်ခြင်းတို့ကြောင့် ထောင်နှင့်ချီသော မြန်မာလူငယ်များသည် တက္ကသိုလ်တာဝန်ရှိသူတို့ကို မူလက ကြေညာထားသည့်အတိုင်း ပညာရေးဗီဇာရရှိရေး လုပ်ပေးရန် တောင်းဆိုနေကြခြင်း ဖြစ်သည်။
ဗုဒ္ဓတက္ကသိုလ်၏ အင်္ဂလိပ်ဘာသာအစီအစဉ်အတွက် ကျောင်းတက်ရမည့် နေ့များမှာ စနေနှင့် တနင်္ဂနွေ နေ့များ ဖြစ်သည်။
မဟာချူလာလောင်ကွန်းဗုဒ္ဓတက္ကသိုလ်ဘက်ကမူ ယခုကဲ့သို့ ဗီဇာကိစ္စ ပြဿနာဖြစ်နေသူ အများအပြားရှိနေသောကြောင့် အတန်းစမည့်ရက်ကို ဇွန်လ ၂၂ ရက်နေ့အစား ဩဂုတ်လ ၃ ရက်နေ့သို့ ပြောင်းလဲလိုက်ကြောင်း မကြာသေးမီရက်ပိုင်းက ကြေညာချက် ထုတ်ပြန်ခဲ့သည်။
Myanmar Now သတင်းဌာနက ကျောင်းအပ်ပြီး ဗီဇာခက်ခဲနေသူများနှင့်ပတ်သက်ပြီး မဟာချူလာလောင်ကွန်းဗုဒ္ဓတက္ကသိုလ်သို့ အီးမေးဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။
ဘန်ကောက်မြို့တွင် နေထိုင်သော အသက် ၂၅ နှစ်အရွယ် မြန်မာလူငယ်တစ်ဦးက ဗီဇာ ရရှိရန် အစွမ်းကုန် ကြိုးစားပြီးဖြစ်သည်ဟု ပြောသည်။
“အချက်အလက်တွေ ခဏခဏတောင်းလို့ ကျွန်တော်တို့ အယုဒ္ဓယကို ခဏခဏသွားရတယ်၊ အချိန်ကုန်၊ ငွေတွေ ထပ်ကုန်ပြီးတော့လည်း ဘာမှအဆင်ပြေပြေ ဖြစ်မလာဘူး” ဟု သူက Myanmar Now ကို ပြောသည်။
“အခု ကျွန်တော်ဗီဇာသက်တမ်းက ကုန်တော့မယ်၊ ဘာဆက်လုပ်လို့ရမလဲတောင် မသိတော့ဘူး”
လတ်တလောအခြေအနေများနှင့်ပတ်သက်ပြီး မြန်မာလူငယ်များက တိကျသည့် ညွှန်ကြားချက်များရရန် တက္ကသိုလ်၏ အင်္ဂလိပ်ဘာသာဌာနတာဝန်ရှိများထံ အီးမေးဖြင့်လည်းကောင်း၊ သက်ဆိုင်ရာ လူမှုကွန်ရက် App များမှလည်းကောင်း မေးမြန်းနေသော်လည်း လျစ်လျူရှုခံရကြောင်း ပြောကြသည်။
ထိုင်းနိုင်ငံတွင် တရားဝင်ဆက်လက်နေထိုင်ရန်နှင့် ပညာသင်ကြားနိုင်သည့် စျေးသက်သာသော မဟာချူလာလောင်ကွန်းဗုဒ္ဓတက္ကသိုလ် အင်္ဂလိပ်ဘာသာအစီအစဉ်သည် မြန်မာလူငယ်အများအပြားကို ဆွဲဆောင်နိုင်ခဲ့သည်။
ဗီဇာရရှိရန် ဦးစားပေးသော ဘာသာစကားသင်တန်းများကို ဆက်သွယ်လုပ်ကိုင်လျှင် တစ်နှစ်တာပညာရေးဗီဇာအတွက် ဘတ် ၄၀၀၀၀ ကျော် ကုန်ကျမည် ဖြစ်သည်၊ မြန်မာအများစုသည် ထိုငွေကြေးကို မတတ်နိုင်ကြကြောင်း မြန်မာလူငယ်များက ပြောသည်။
ထိုသင်တန်းကျောင်းများက လူဝင်မှုကြီးကြပ်ရေးရုံးတွင် အဆင်ပြေစေရေး၊ စာရွက်စာတမ်းများနှင့် လျှောက်လွှာများ ဖြည့်စွက်ရာတွင် မှန်ကန်တိကျရေးအတွက် ဝန်ဆောင်မှု ပေးကြသည်။
ကျောင်းလခ အနည်းငယ်သာ ယူထားသော အချို့ကျောင်းများမှာမူ ထိုသို့သော ဝန်ဆောင်မှု ပေးလေ့မရှိပေ။