စစ်ရေးတင်းမာနေသည့် ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် တအာင်း/ပလောင်တပ် (TNLA) တပ်စခန်းတစ်ခု ယမန်နေ့ (ဇွန် ၁၈) က တိုက်ခိုက်ခံရသဖြင့် သေဆုံးဒဏ်ရာရသူများရှိသည်ဟု သိရသည်။
၎င်းတို့တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရခဲ့ကြောင်း TNLA ဘက်က အတည်ပြုသည်။ အရပ်သား ၅ ဦးလည်း ဒဏ်ရာရခဲ့သည်ဟု သိရသည်။
နောင်ချို-မိုးကုတ် လမ်းပိုင်းပေါ်ရှိ ဆမ္မဆယ်ကျေးရွာအနီးရှိ တပ်စခန်းကို မွန်းလွဲ ၃ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု TNLA ပြန်ကြားရေးဌာန ရုံးတာဝန်ခံ လွေးယေဦးက ပြောသည်။
“ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတာမျိုး မရှိပါဘူး။ တိုက်ပွဲဖြစ်မနေဘဲနဲ့ ဒရုန်းတိုက်ခိုက်မှု၊ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေ လုပ်နေတာဖြစ်ပါတယ်။ သူတို့ဦးတည်ချက်ကိုတော့ ကျွန်မတို့ မပြောတတ်ဘူး” ဟု သူက ဆိုသည်။
“အခု သူတို့ လုပ်ဆောင်ချက်က ကျွန်မတို့ (TNLA) ကို ဦးတည်တိုက်ခိုက်တယ်၊ အရပ်သားပြည်သူတွေကို ဦးတည်တိုက်ခိုက်တာတွေ လုပ်နေတာ တွေ့ရပါတယ်”
တိုက်ခိုက်ခံရသည့် ထိုလမ်းပိုင်းသည် TNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေး (MDY-PDF) တို့ ပူးပေါင်းထိန်းချုပ်ထားသည့်နေရာဖြစ်သည်။
တရုတ်၏ကြားဝင်မှုကြောင့် ဟိုင်ဂင်သဘောတူညီချက်ဖြင့် ၆ လနီးပါး ယာယီအပစ်ရပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီက TNLA တပ်စခန်းနောက်တစ်ခုကို ထပ်မံတိုက်ခိုက်ခြင်း ဖြစ်သည်။
ဇွန် ၉ ရက်နေ့က မိုးမိတ်မြို့နယ်ရှိ TNLA တပ်စခန်းကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သည့်အပြင် လေယာဉ်ပေါ်မှ ပေါင် ၅၀၀ ဗုံးဖြင့်ပါ ကြဲချတိုက်ခိုက်ခဲ့ရာ TNLA ရဲဘော်တချို့ ဒဏ်ရာရခဲ့သည်။
စစ်ကောင်စီသည် အပစ်ရပ်သဘောတူညီချက်ကို အကြိမ်ကြိမ် ချိုးဖောက်ကာ နေ့စဉ် လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်ဟု ယမန်နေ့တွင် TNLA က ထုတ်ပြန်ထားသည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA ရရှိသွားသော နယ်မြေများကို လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ်နေသည်ဟု ဆိုသည်။
သို့သော်လည်း တရုတ်နယ်စပ်မြို့များကို သိမ်းထားသည့် ကိုးကန့်တပ် (MNDAA) တပ်စွဲထားသည့် နေရာများတွင်မူ ထိုသို့ တိုက်ခိုက်ခြင်း မရှိပေ။
နောင်ချိုမြို့မှ ၈ မိုင်ခန့် ကွာဝေးသည့် အုမ္မတီးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်က အနီးရှိ ဆမ္မဆယ်ရွာကို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါရွာနှင့် နီးစပ်သည့် နောင်ချိုဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။
“ရွာခံတွေ နီးစပ်ရာကို တိမ်းရှောင်ကြတယ်။ သူတို့ (စစ်ကောင်စီတပ်) က လက်နက်ကြီး ရမ်းသန်းပစ်နေတော့ မနေရဲကြဘူး။ ဒီနေ့တော့ စိုးရိမ်စိတ်နဲ့ပဲ ရွာထဲ ပြန်ဝင်လာကြတယ်လို့ ကြားတယ်” ဟု သူက ပြောသည်။
ဆမ္မဆယ်ကျေးရွာ၊ ရထားဘူတာရုံအနီးရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင် မီးလောင်ပြာကျခဲ့ပြီး ဒေသခံ ၅ ဦးခန့် ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း အထက်ပါ အမျိုးသမီးက ဆိုသည်။
နောင်ချိုမြို့နယ်အတွင်း ပြင်ဦးလွင်-လားရှိုးကားလမ်းမပေါ်ရှိ ကျေးရွာများဖြစ်သည့် ဘန့်ဘွေး၊ ရေဝင်၊ အုမ္မတီး၊ အုမ္မခါးတို့တွင် စစ်ကောင်စီ နေရာယူထားပြီး၊ ပြင်ဦးလွင်-မိုးကုတ် ကားလမ်းဘေးကျေးရွာများဖြစ်သည့် ဆမ္မဆယ်၊ သရက်ကုန်း၊ သံဘို၊ ကျောက်မဲလေး စသည့်ကျေးရွာများဘက်တွင် TNLA နှင့် MDY PDF တို့ နေရာယူထားကြောင်း နောင်ချိုဒေသခံတို့က ဆိုကြသည်။
အဆိုပါ စစ်ကောင်စီတပ်စခန်းများဘက်မှ TNLA, PDF ပူးပေါင်းတပ်များရှိသော ဆမ္မဆယ်၊ သရက်ကုန်း ကျေးရွာများဘက်သို့ လက်နက်ကြီးပစ်ခတ်မှုများ မကြာခဏ ပြုလုပ်နေပြီး ယခုရက်ပိုင်း ညအချိန်များတွင် ပြင်ဦးလွင်ဘက်မှ လာသည့် လေယာဉ်သံများ ထိုရွာများပေါ်သို့ ပျံဝဲနေကြောင်း ဒေသခံများထံမှ သိရသည်။
“လက်နက်ကြီးသံကတော့ ညနေပိုင်းတွေလိုမျိုး ကြားရတယ်။ တိုက်ပွဲဖြစ်နေတဲ့ပုံစံမျိုးတော့ မဟုတ်ဘူး။ စစ်တပ်ဘက်က ပစ်တဲ့ လက်နက်ကြီးသံပဲ။ လေယာဉ်တွေပျံနေတာတော့ နှစ်ညသုံးညရှိပြီ” ဟု ပြင်ဦးလွင်- လားရှိုးလမ်းဘေးကျေးရွာတစ်ခုမှ ရွာသားတစ်ဦးက ယနေ့ (ဇွန် ၁၉) တွင် Myanmar Now ကို ပြောသည်။
နောင်ချိုနှင့် မိုးမိတ်မြို့နယ်တွင် ယခုလအတွင်း စစ်ကောင်စီ၏ တိုက်ခိုက်မှု အကြိမ် ၄၀ ကျော်အထိရှိနေကြောင်း TNLA ၏ ယမန်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
TNLA ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီက တုံ့ပြန်ခြင်း မရှိသေးသလို ပြီးခဲ့သည့် ရက် ၃၀ အတွင်းတွင်လည်း TNLA လှုပ်ရှား၊ ထိန်းချုပ်ဒေသ စစ်ရေးအခြေအနေကို စစ်ကောင်စီက ထုတ်ပြန်ခြင်း မရှိခဲ့ပေ။
စစ်ကောင်စီက ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို၊ မိုးမိတ်မြို့နယ်နှင့် မန္တလေးတိုင်း မိုးကုတ်မြို့နယ်တို့တွင် TNLA တပ်ဖွဲ့များကို ပစ်ခတ်တိုက်ခိုက်ခြင်း၊ အရပ်သားများနေထိုင်ရာ ကျေးရွာများကို ပစ်ခတ်ခြင်းများ လုပ်ဆောင်နေပြီး၊ လားရှိုးမြို့နယ် လမ်းများကို ဖျက်ဆီးခြင်းများရှိနေကြောင်း TNLA ဘက်က ပြောထားသည်။
ပြီးခဲ့သည့် ဇွန် ၁၄ ရက်တွင်လည်း ဆမ္မဆယ်ရွာအနီးရှိ သုံးဆယ်ရွာ စုပေါင်းစျေးအတွင်း စစ်ကောင်စီ ကင်းထောက်ဒရုန်း ပျံသန်းပြီးနောက် လေယာဉ်ရောက်လာကာ ဗုံးကြဲခဲ့သဖြင့် ဒေသခံ ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကာ စျေးဆိုင်ခန်းနှင့် နေအိမ် ၁၂ လုံးကျော် ပျက်စီးခဲ့သည်။
စစ်တက္ကသိုလ် တည်ရှိသည့် ပြင်ဦးလွင်မြို့ကို ဝင်ရောက်နိုင်သည့် နောင်ချို-ပြင်ဦးလွင်လမ်းပိုင်းကို ယခုနှစ် မေလဆန်းတွင် စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး နောင်ချို-ပြင်ဦးလွင်နှင့် နောင်ချို-မိုးကုတ် လမ်းပိုင်းနှစ်ခု၏ လမ်းဆုံရှိ အုမ္မတီးကျေးရွာတွင် စစ်ကောင်စီတပ်က အခိုင်အမာတပ်စွဲနေခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
လတ်တလော နောင်ချိုမြို့ပေါ်ရှိ နေရာအများအပြားတွင် ပြည်သူ့စစ်တပ်ဖွဲ့များကို စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသည်၊ ဒေသခံများကို PDF နှင့် ဆက်စပ်သည်ဟု စွပ်စွဲပြီး ဖမ်းဆီးနေသဖြင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသူများလည်း မြို့ပေါ်မှ တိမ်းရှောင်နေရသည်ဟု သိရသည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA နှင့် ပူးပေါင်းတပ်များ ထိန်းချုပ်ခဲ့သည့် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး အဓိကလမ်းကြောင်းပေါ်ရှိ နောင်ချို-ကျောက်မဲမြို့အကြား ဂုတ်တွင်းတံတားအနီးတွင် စစ်ကောင်စီတပ်က အင်အားတစ်ရာကျော်ဖြင့် ယခုရက်ပိုင်းအတွင်း တပ်စွဲထားသည်ဟု ဒေသခံများက ပြောကြသည်။
စစ်ကောင်စီထိန်းချုပ်သော နယ်စပ်ထွက်ပေါက် လားရှိုးမြို့အနီး မြောက်ပိုင်းအဖွဲ့ဝင်တပ်များ ရောက်ရှိနေသည်ဟု သတင်းများထွက်လာပြီး စစ်ကောင်စီကလည်း ဇွန် ၁၅ ရက်မှစကာ မြို့အဝင်အထွက်ပိတ်ကာ စစ်ရေးပြင်နေသည်။
စစ်ကောင်စီသည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တည်ရှိရာ လားရှိုးမြို့ကို ကာကွယ်ရန် မြို့အနီး တပ်စခန်းသစ်များ၊ လက်နက်ကြီးပစ်ကွင်းများ၊ ဒရုန်းတပ်ဖွဲ့များနှင့် တပ်အင်အားဖြည့်တင်းထားသည်ဟု မြို့ခံများက ဆိုကြသည်။ မြို့အဝင်အထွက်ကိုလည်း ယနေ့အထိ မဖွင့်ပေးသေးကြောင်း သိရသည်။
မန္တလေး-ရှမ်းနယ်စပ် နောင်ချိုမြို့အနီးဒေသခံများ တိမ်းရှောင်နေရ
၁၀၂၇ စစ်ဆင်ရေးကာလအတွင်းTNLA, MDY-PDFပူးပေါင်းတပ်ဖွဲ့များက နောင်ချိုမြို့နယ် သံဘိုနှင့် ကျေက်မဲလေးကျေးရွာတို့ရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး၊ ၁၀၂၇ စစ်ဆင်ရေးရပ်သွားချိန်နောက်ပိုင်း MDY-PDF က သရက်ကုန်းကျေးရွာ စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
စစ်ကောင်စီကလည်း လေကြောင်းတိုက်ခိုက်မှုအများအပြား၊ မြေပြင်စစ်အင်အားအများအပြားဖြင့် ၎င်းတို့ စစ်စခန်းများပြန်ရရေး ကြိုးပမ်းခဲ့ပြီး ဒေသတွင်းတိုက်ပွဲများ ဆက်တိုက်ပြင်းထန်ခဲ့သည်။
အဆိုပါတိုက်ပွဲများကြောင့် သရက်ကုန်း၊ ဇာလီနှင့် ဆမ္မဆယ်ကျေးရွာတို့မှ ဒေသခံပြည်သူတို့မှာ ကာလရှည်ကြာ စစ်ဘေးရှောင်နေကြရသည်။
“၃ ရွာမှာ သရက်ကုန်းနဲ့ ဇာလီက နှစ်လလောက်ရှိပြီ ရှောင်နေရတာ၊ ဆမ္မဆယ်က (စစ်ရှောင်ရတာ) ပိုစောတယ်၊ ၆ လလောက်ရှိပြီ။ အများစုကတော့ ဘန့်ဘွေးရွာဘုန်းကြီးကျောင်းမှာ ရှောင်နေကြရတယ်။ အဲ့ဒီကျောင်းမှာတင် လူ ၄၀၀ လောက်ရှိနေတယ်” ဟု စစ်ဘေးရှောင်များကို ကူညီနေသူ နောင်ချိုဒေသခံ အမျိုးသားတစ်ဦးကလည်း ဆိုသည်။
တိုက်ပွဲများကြောင့် သရက်ကုန်းကျေးရွာသည် လူနေအိမ်အနည်းငယ်သာ ကျန်ရှိပြီး နေထိုင်သူမရှိတော့သည့် ရွာပျက်ကြီးတစ်ခုဖြစ်နေပြီး၊ ဇာလီကျေးရွာနှင့် ဆမ္မဆယ်ကျေးရွာတို့တွင်လည်း အိမ်စောင့်အဖြစ် လူအနည်းစုသာ ကျန်နေကာ အများစုမှာ စစ်ဘေးရှောင်နေကြရသည်။
စစ်ဘေးရှောင်သူများကို ဘန့်ဘွေးရွာသူရွာသားများနှင့် ဘုန်းကြီးကျောင်းတို့က နေစရာ၊ စားစရာ စီစဉ်ပေးထားကြောင်း၊ ကျေးရွာအတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းရှင်များကလည်း အလုပ်ခေါ်ကာ အလုပ်ပေးမှုများရှိကြောင်း သိရသည်။
ဘန့်ဘွေးကျောင်းတိုက်ဆရာတော်က ဆန်လုံလောက်အောင် အလှူခံထားပေးသော်လည်း စားသုံးဆီ မကြာခင် ပြတ်တောက်တော့မည်ဖြစ်ကာ စစ်တပ်ဂိတ်ကလည်း အများအပြား ဝယ်ယူသယ်ဆောင်မှုကို ပိတ်ပင်နေသည့်အတွက် ဒေသခံတို့ အခက်အခဲဖြစ်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ၁၁ ရက်နေ့က အုမ္မတီးရွာ စစ်ကောင်စီစခန်းက လက်နက်ကြီးဖြင့် ဆမ္မဆယ်ရွာအတွင်းသို့ ပစ်ခတ်ခဲ့ရာ အိမ်စောင့်အဖြစ်ရှိနေသည့် အမျိုးသားတစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့သေးသည်။