စစ်ရေးတင်းမာနေသော ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် စစ်ကောင်စီက ယမန်နေ့ (ဇွန် ၁၅) နံနက်မှ စ၍ မြို့အဝင်အထွက်လမ်းများကို ပိတ်လိုက်ပြီး တပ်စခန်းသစ်များဖြင့် စစ်ရေးပြင်ဆင်နေသည်ဟု မြို့ခံများက ဆိုသည်။
ယခင်လမ်းပိတ်မှုများထက် ပိုမို ပြင်းထန်ကြောင်း ဒေသခံ ကုန်သည်တစ်ဦးက Myanmar Now ကို ပြောသည်။
“လားရှိုးမြို့ အဝင်အထွက် အကုန်ပိတ်တာ။ အရင်တုန်းက လမ်းပိတ်ရင်တောင် ငွေခင်းပြီး ဝင်လို့ရတယ်၊ အခုတော့ မရတော့ဘူး။ ရွာခံတွေတောင် တစ်ရွာနဲ့တစ်ရွာသွားဖို့ ဆိုင်ကယ်နဲ့ပဲ သွားလာလို့ရတာ” ဟု ထိုအမျိုးသားက ဆိုသည်။
လားရှိုးမြို့တွင်း ဝင်ရောက်မည့် ခရီးသည်များ ယနေ့ ပြန်လှည့်ရပြီး ကုန်တင်ကား ၁၀ စီးကျော်ခန့် လမ်းတွင် ရပ်တန့်ထားကြရကြောင်း ထိုအမျိုးသားက ဆက်ပြောသည်။
လားရှိုး-မိုင်းယော်လမ်း (၆၈) ဂိတ်၊ လားရှိုး-နမ္မတူလမ်း အီနိုင်းကျေးရွာ၊ လားရှိုး-သိန်နီးလမ်း ဟိုပိတ်ကျေးရွာ၊ လားရှိုး-သီပေါလမ်း မယ်ဟန်ကျေးရွာတို့ရှိ လမ်းများ ပိတ်ထားသည်ဟု သူက ပြောသည်။
လားရှိုးသည် တအာင်း/ပလောင်တပ် TNLA လှုပ်ရှားသည့် ဒေသဖြစ်သည်။
ဇွန် ၉ ရက်နေ့က မိုးမိတ်မြို့နယ်ရှိ TNLA တပ်စခန်းကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သည့်အပြင် လေယာဉ်ပေါ်မှ ပေါင် ၅၀၀ ဗုံးဖြင့်ပါ ကြဲချတိုက်ခိုက်ခဲ့ရာ ရဲဘော်တချို့ ဒဏ်ရာရခဲ့အပြီး စစ်ရေးပြန်တင်းမာလာခြင်းဖြစ်သည်။
တရုတ်၏ကြားဝင်မှုကြောင့် ယာယီအပစ်ရပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့များ ယခုရက်ပိုင်းအတွင်း တစ်ကျော့ပြန်စစ်ရေးတင်းမာလာသောကြောင့် စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ရှိရာ လားရှိုးမြို့ကို ကာကွယ်ရန် အပြင်းအထန် ကြိုးပမ်းနေသည်ဟု ဒေသခံများက ဆိုကြသည်။
လားရှိုးမြို့ခံတစ်ဦးကလည်း လတ်တလော စစ်ရေးသတင်းများကြောင့် မြို့ကို စွန့်ခွာတိမ်းရှောင်မည့် ဒေသခံများလည်း မြို့တွင်းပိတ်မိနေပြီး အခြေခံစားသောက်ကုန်များ ဝယ်ယူစုဆောင်းနေကြသည်ဟု ပြောသည်။
လားရှိုးမြို့ပေါ်တွင် ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၃၀၀ ခန့်ကို နေရာအနှံ့ ဖြန့်ကြက်ထားပြီး မြို့လယ်ရှိ မြို့တော်ခန်းမတွင် စစ်ကားများ ရှိနေသည်၊ စစ်ကောင်စီ ဗျူဟာမှူးတစ်ဦးက ထိုပြည်သူ့စစ်များကို ကွပ်ကဲနေသည်ဟု သိရသည်။
စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၊ စာသင်ကျောင်းများတွင် ပြည်သူ့စစ်တပ်ဖွဲ့ ဝင် ဆယ်ဂဏန်းခန့်စီ ရှီနေကြပြီး ညနေ ၆ နာရီနောက်ပိုင်း မြို့ပေါ်တွင် စစ်ကားများ လှည့်ပတ်နေကြသည်ဟု မြို့ခံများက ပြောကြသည်။
လားရှိုးမြို့အနီး မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များဖြစ်သော တအာင်း (TNLA) တပ်များအပြင် ကိုးကန့် (MNDAA) တပ်များပါ အင်အားအလုံးအရင်းနှင့် ရောက်ရှိနေသည်ဟု သတင်းများထွက်ပေါ်နေသည်၊ စစ်ကောင်စီဘက်ကလည်း မြို့အနီး တပ်စခန်းသစ်များ၊ လက်နက်ကြီးပစ်ကွင်းများ၊ ဒရုန်းတပ်ဖွဲ့များနှင့် တပ်အင်အားဖြည့်တင်းထားသည်ဟု မြို့ခံများအဆိုအရ သိရသည်။
မြို့အနီးပတ်ဝန်းကျင်ရှိ တောင်ကုန်းများ၊ စေတီကုန်းများနှင့် မြို့တွင်းဝင်ရောက်နိုင်မည့် တောလမ်းများတွင် စစ်တပ်စခန်းအသစ်များမြင်တွေ့လာရပြီး ထိုစခန်းအနီး သွားလာသူများကို စစ်ကောင်စီတပ်က ပစ်ခတ်မှုများ ရှိနေသည်ဟု ဆိုကြသည်။
လားရှိုးမြို့အရှေ့ဘက် ၁၀ မိုင်အကွာ မိုင်တင်ကျေးရွာ၊ မြို့အနောက်ဘက် ၅ မိုင်အကွာ အီနိုင်းကျေးရွာ၊ မြို့တောင်ဘက် ၃ မိုင်အကွာ ဟိုပိတ်ကျေးရွာ၊ မြို့မြောက်ဘက် ၂ မိုင်အကွာ မယ်ဟန်ကျေးရွာတို့တွင် စစ်ကောင်စီက ခံစစ်ပြင်ထားသည်ဟု သိရသည်။
အဆိုပါနေရာများတွင် အင်အား ၁၀၀၀ ကျော်ခန့် ရှိနိုင်ကြောင်း၊ လောက်ကိုင်နှင့် ကွတ်ခိုင်မြို့တိုက်ပွဲများအတွင်း မြောက်ပိုင်းညီနောင် ၃ ဖွဲ့ထံ လက်နက်ချခဲ့သည့် တပ်ရင်းမှူး၊ ဗျူဟာမှူးအဆင့်ရှိသူများပါဝင်သည်ကို တွေ့ခဲ့သည်ဟု ဒေသခံတချို့က ဆိုသည်။
စစ်ကောင်စီက သီပေါမြို့တွင် တပ်အပြောင်းအရွှေ့များနှင့် အင်အားဖြည့်တင်းမှုများရှိနေသလို လားရှိုးမြို့သို့လည်း ယခုလဆန်းပိုင်းက စစ်အင်အား ၃၀၀ ကျော်နှင့် စစ်လက်နက်ပစ္စည်းများ ပို့ဆောင်ခဲ့သည်ဟု TNLA ပြန်ကြားရေးရုံးမှ တာဝန်ခံ လွေးယေဦးက ဇွန် ၁၅ ရက်က ပြောသည်။
လားရှိုးမြို့ အနောက်ဘက်တွင် TNLA သိမ်းပိုက်ထားသည့် နမ္မတူမြို့ရှိပြီး တောင်ဘက်တွင် MNDAA သိမ်းထားသည့် သိန္နီမြို့ တည်ရှိသည်။
အရှေ့ဘက်ရှိ မိုင်းယော်တိုက်နယ်ကို ထိန်းချုပ်ထားသည့် မိုင်းကျက်တပ်စခန်းကို TNLA သိမ်းပိုက်ထားထားသည့်အပြင် မြောက်ဘက်ရှိ သီပေါမြို့အသွား လမ်းမကြီးကိုလည်း TNLA က ထိန်းချုပ်ထားသည်။
အနီးဆုံးမြို့များဖြစ်သည့် နမ္မတူ၊ ကွတ်ခိုင်နှင့် သိန္နီမြို့တို့ကို မြောက်ပိုင်းသုံးဖွဲ့က ထိန်းချုပ်လိုက်ပြီးနောက် နောက်ထပ် စစ်ရေးပစ်မှတ်မှာ လားရှိုးမြို့ဖြစ်လာနိုင်သည်ဟု ဒေသခံများက ယူဆခဲ့ကြပြီး ယခုနှစ် နှစ်ဆန်းကတည်းက မြို့ကို စွန့်ခွာမှုများ ရှိခဲ့ကြသည်။
ထိုစဉ်ကတည်းက မြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့် ပူးပေါင်းတပ်များက လားရှိုးမြို့ကို ဝိုင်းရံထားသော်လည်း တိုက်ခိုက်ခြင်း မပြုဘဲ ယခုရက်ပိုင်းအတွင်း စစ်ရေးပြန်တင်းမာလာခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇွန် ၉ က မိုးမိတ်မြို့နယ်ရှိ TNLA တပ်စခန်းကို တိုက်ခိုက်သောလုပ်ရပ်သည် တရုတ်၏အကူအညီဖြင့် လက်မှတ်ထိုးထားသည့် ဟိုင်ဂင်အပစ်ရပ်သဘောတူညီချက်ကို ချိုးဖောက်ခြင်းဖြစ်သည်ဟု TNLA က ထုတ်ပြန်ထားသည်။
ထိုတိုက်ခိုက်မှုအပြီး သီပေါနှင့် လားရှိုးမြို့အနီး TNLA နှင့် MNDAA တပ်များ ရောက်ရှိနေသည်ဆိုသည့်သတင်းများ ထွက်ပေါ်ခဲ့ပြီး စစ်ကောင်စီတပ်က ဇွန် ၁၂ ရက်တွင် သီပေါနှင့် လားရှိုးမြို့တို့ကို ဝင်ထွက်နိုင်သည့် လမ်းပိုင်းတချို့ကို မြေတူးစက်များဖြင့် ဖျက်ဆီးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ယာယီအပစ်ရပ်ထားကြသော်လည်း ယခုနှစ် မတ်လ နောက်ဆုံးပတ်ကလည်း လားရှိုးမြို့ အရှေ့တောင်ဘက် ၁၀ မိုင်ခန့်အကွာ ပိန်းကိုင်ကျေးရွာနှင့် လုံမွန်းကျေးရွာအကြား MNDAA နှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားထားသည်။
ယမန်နှစ် အောက်တိုဘာလမှ စတင်သော “၁၀၂၇” စစ်ဆင်ရေးအတွင်း ရှမ်းမြောက်မြို့ကြီးအများအပြားကို စစ်ကောင်စီက လက်လွှတ်ခဲ့ရပြီး နယ်စပ်ကုန်သွယ်ရေးမြို့အများအပြား ဆုံးရှုံးခဲ့ရသည်။