အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်မှုမထမ်းလိုသည့် နေပြည်တော်နှင့် ပဲခူးဒေသခံ ၁၀၀ ကျော်ကို စစ်တပ်ဖမ်းထား

စစ်မှုမထမ်းလို၍ ထွက်ပြေးတိမ်းရှောင်သည့် နေပြည်တော်နှင့် ပဲခူးဒေသခံ လူငယ် ၁၀၀ ကျော်ကို စစ်တပ်က ဖမ်းထားပြီး နေပြည်တော်အချုပ်ထောင်တွင် အမှုဖွင့်စစ်ဆေးနေသည်ဟု စုံစမ်းသိရသည်။

စစ်ကောင်စီတပ်ထဲ မဝင်လို၍ ထွက်ပြေးတိမ်းရှောင်ခဲ့သည့် နေပြည်တော်နှင့် ပဲခူးဒေသခံ လူငယ် ၁၀၀ ကျော်ကို စစ်တပ်က ဖမ်းထားပြီး နေပြည်တော်အချုပ်ထောင်တွင် အမှုဖွင့်စစ်ဆေးနေသည်ဟု စုံစမ်းသိရှိရသည်။

စစ်မှုထမ်းရန် ပထမအကြိမ်စတင်ခေါ်ယူသည့် ဧပြီလနောက်ဆုံးပတ်မှစ၍ တိမ်းရှောင်သူများကို ဖမ်းဆီးခဲ့ပြီး ထိုလူငယ်များကို သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် မချုပ်နှောင်ဘဲ နီးစပ်ရာ စစ်တပ်စခန်းများတွင် ချုပ်ထားပြီးမှ နေပြည်တော်အချုပ်ထောင်သို့ ပို့ဆောင်အမှုဖွင့်ခြင်းဖြစ်သည်ဟု တရားရေးအသိုင်းအဝိုင်းမှ ဝန်ထမ်းတစ်ဦးက ပြောသည်။

“ထွက်ပြေးတဲ့ လူငယ်တွေကို မသင်္ကာလို့ စစ်ဆေးရင်း ဖမ်းမိတာတွေ၊ အုပ်စုလိုက်ပြေးဖို့လုပ်ရင်း ဖမ်းမိတာတွေ၊ (ခရီးသွားချိန်) မှတ်ပုံတင်မပါတဲ့သူတွေ မျိုးစုံပါတယ်” ဟု လုံခြုံရေးအရ အမည်နှင့် ရာထူး မဖော်ပြလိုသော ထိုဝန်ထမ်းက ပြောသည်။

နေပြည်တော်အချုပ်ထောင်တွင် ထိုသို့ ဖမ်းဆီးခံထားရသူ ၁၁၈ ဦးအထိ ရှိသည်၊ ပြီးခဲ့သည့် မေလတွင် စတင်၍ အမှုဖွင့်သည်ဟု အထက်ပါ တရားရေးဝန်ထမ်းက အတည်ပြုသည်။

သို့သော် အကျဉ်းထောင်နှင့် စစ်ကောင်စီထံမှ သီးခြားအတည်ပြုချက် မရသေးပေ။

ဖမ်းဆီးခံရသူများထဲတွင် နေပြည်တော်၊ ပျဉ်းမနား၊ လယ်ဝေး၊ ဥတ္တရသီရိမြို့နယ်များနှင့် နေပြည်တော်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ပဲခူးတိုင်းအတွင်းမှ လူငယ်များပါဝင်သည်ဟု သိရသည်။

ပျဉ်းမနားနှင့် ဇဗ္ဗူသီရိမြို့နယ်တရားရုံးတို့မှ တရားသူကြီးများက အချုပ်ထောင်အထူးတရားရုံးသို့ ကိုယ်တိုင်သွားရောက်ပြီး အမှုစစ်ရသည်၊ ဖမ်းဆီးခံထားရသူများ ရှေ့နေငှားခွင့်မရှိဟု ဆိုသည်။ 

မိသားစုနှင့်လည်း အဆက်အသွယ် ရ၊ မရ မသိရသေးပေ။

နိုင်ငံအနှံ့အပြားတွင် စစ်မျက်နှာဖွင့်ထားရပြီး အင်အားချည့်နဲ့လာသည့် စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းပြီး စစ်သားစုဆောင်းလျက်ရှိရာ လူငယ်အများအပြားသည် နာမည်ပျက်နေသည့်တပ်ထဲ ဆွဲခေါ်ခံရမည်ကို ထိတ်လန့်ကာ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြသည်။

ပြည်ပအထိ မတိမ်းရှောင်နိုင်သူများလည်း မြို့နယ်ပြောင်းနေထိုင်လာကြသည်။

လက်ရှိအခြေအနေကြောင့် လွန်စွာ အခက်တွေ့နေသည်ဟု နေပြည်တော်မှ စစ်မှုထမ်းရန် အကျုံးဝင်နေသည့် လူငယ်တစ်ဦးက ပြောသည်။

“ပြည်တွင်းက လူငယ်တွေက လွတ်မြောက်နယ်မြေ သွားရင်သွား၊ မသွားရင် ကျွန်တော်တို့က ခြံထဲက ကြက်ဖြစ်နေပြီ၊ ပြည်ပထွက်ဖို့ကလည်း မလွယ်၊ ခုကြုံနေရတာက အနေခက်၊ အသေခက်ပဲ“ ဟု သူက ပြောသည်။

ပြီးခဲ့သည့် မေလအတွင်းတွင် ပဲခူးတိုင်း ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ရင်းတစ်ခုက ရာနှင့်ချီသည့် လူငယ်များကို ဖမ်းဆီးခဲ့ဖူးသည်ဟု ထိုတပ်မှ ဖြစ်စဉ်ကို သိရှိသည့် စစ်သားတစ်ဦးက ပြောသည်။

“အစ်ကိုတို့တောင် အနားကပ်လို့မရဘူး၊ စကားပြောမရအောင် သီးခြားထားတာ၊ ရက်ပိုင်းလောက်ထားပြီး ဘယ်ကိုပို့လဲတော့ မသိဘူး Express ကားတွေနဲ့ ခေါ်ထုတ်သွားတာပဲ” ဟု ထိုစစ်သည်က ဆိုသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်တွင် စစ်သားစုဆောင်းခံထားရသည့် လူငယ်များထွက်ပြေးခဲ့သည့် ဖြစ်စဉ်လည်းရှိသည်။ ထွက်ပြေးသူ ၅၀ ကျော်ရှိပြီး ပြန်လည် ဖမ်းဆီးရမိသည့် ၁၀ ဦးရှိသည်ဟု သိရသည်။

စစ်သင်အင်အားလိုအပ်နေသည့် စစ်ခေါင်းဆောင်သည် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများ၊ ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများများ စစ်မှုထမ်းရမည့် စစ်မှုထမ်းဥပဒေကို တက်သုတ်ရိုက် အသက်သွင်းထားသည်။ နိုင်ငံ့အနှံ့မှ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများကလည်း စစ်မှုထမ်းရန် အကျုံးဝင်သူများကို စာရင်းကောက်ယူထားကြသည်။

စစ်ခေါင်းဆောင်အတည်ပြုထားသည့် စစ်မှုထမ်းဥပဒေတွင် အရပ်သားများအတွက် စစ်မှုထမ်းကာလသည် အများဆုံး ၂ နှစ်ဖြစ်သည်။ အရေးပေါ်အခြေအနေဟု သတ်မှတ်ပါက အမြင့်ဆုံး ၅ နှစ်အထိ တိုးနိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

စစ်မှုထမ်းရန် ငြင်းဆိုပါက ထောင်ဒဏ် ၃ နှစ်အထိ ချနိုင်သည်ဟုလည်း ပြဋ္ဌာန်းထားသော်လည်း မည်သို့အရေးယူရမည်ဆိုသည့် နည်းဥပဒေမရှိသေးပေ။

စစ်ကောင်စီ အသက်သွင်းသည့် စစ်မှုထမ်းဥပဒေမှာ တရားဝင်မှု မရှိသည့်အတွက် လိုက်နာရန် မလိုအပ်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားသည်။

Related Articles

Back to top button