မေးမြန်းခန်း

ရတနာပုံတက္ကသိုလ်အတွင်းက ပြဿနာများအကြောင်း ပါချုပ်နှင့် မေးမြန်းခြင်း

ကျောင်းသား ၂၀၀၀၀ ကျော် တက်ရောက်နေသည့် မန္တလေး ရတနာပုံတက္ကသိုလ်တွင် ကျောင်းသားများကို ပစ်မှတ်ထားလုယက်နေကြောင်းနှင့် ကျောင်းရေအိမ်များ မသန့်ရှင်းကြောင်း ကျောင်းသားတချို့က စွပ်စွဲပြီး ပြီးခဲ့သည့် သီတင်းပတ်များအတွင်းက ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြပွဲများသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၈ တွင် အမြင့်ဆုံးရောက်သွားခဲ့ပြီး ကျောင်းသားတချို့က မန္တလေးဝန်ကြီးချုပ်အပါအဝင် တိုင်းအစိုးရ အရာရှိများ၊ ကျောင်းအုပ်ချုပ်ရေး အရာရှိများအား နာရေးပို့ဆောင်သည်ဟု ဆိုကာ ကျောင်းရှေ့ ဆန္ဒပြပွဲ တစ်ခုပြုခဲ့သည်။ ယင်းနောက် အဆိုပါကျောင်းသားများအပါအဝင် ကျောင်းသား ဦးအထိ ဖမ်းဆီးခံထားရသည်။

လုံခြုံရေးနှင့် သန့်ရှင်းရေးအတွက် ကျောင်းသားအချို့ ၂၀၁၈ ဒီဇင်ဘာလအတွင်း ဆန္ဒပြနေစဉ် ( ဓာတ်ပုံ – ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ – ဗကသများအဖွဲ့ချုပ်)

ရတနာပုံတက္ကသိုလ်အတွင်း လတ်တလောဖြစ်ပွားနေသည့် ပြဿနာများအကြောင်း Myanmar Now  သတင်းထောက်က ပါမောက္ခချုပ်ဒေါက်တာမောင်မောင်နိုင်နှင့် တွေ့ဆုံမေးမြန်းခဲ့သည့်အနက် အချို့ကို ကောက်နုတ် တင်ပြလိုက်ပါသည်။

Myanmar Now – ကျောင်းအပြင်မှာလည်းလုံခြုံမှုမရှိဘူး၊ ဖုန်းတွေဆိုင်ကယ်တွေ မကြာခဏ လုယက်ခံရတယ်ပြောတယ်။ တစ်နေ့ကလည်း ကျောင်းသားတစ်ယောက် အသက်ဆုံးတဲ့အထိ လုယက်ခံခဲ့ရတယ်။အဲဒီအပေါ်မှာရော ဘာပြောချင်လဲ။ (ရတနာပုံတက္ကသိုလ်မှ စတုတ္ထနှစ် ဓာတုဗေဒကျောင်းသား ကိုစိုးမိုးဟိန်းသည် ၂၀၁၈ ဒီဇင်ဘာ ၂၅ တွင် အမရပူရ တောင်သမန်ကန်ပတ်လမ်း တာရိုးအုတ်တံတိုင်းပေါ်တွင် ဓားထိုးခံရပြီး ကွယ်လွန်သွားခဲ့သည်)

ဖြေကျောင်းထဲမှာဖြစ်တာလည်းမဟုတ်။ ကျောင်းချိန်မှာဖြစ်တာလည်းမဟုတ်ဘူး။ ဒီကလေးလေးကို သူတို့ အသုံးမချသင့်ဘူး။ သနားဖို့ကောင်းတယ်။ သူ့မိသားစုကို ကိုယ်ချင်းစာကြည့်။ ဆရာတို့က ကိုယ်ချင်းမစာတာ မဟုတ်ဘူး။ ဖြစ်တဲ့အချိန်မှာ လာပြောပြောချင်း ကိုယ်တိုင်လိုက်သွားတယ်။ ကျောင်းကကားတွေ ပေးတယ်။ အခမ်းအနားကိုသွား သင်္ဂြိုဟ်ပေးတယ်။ ပြည်ထောင်စုဒုဝန်ကြီးက ဝမ်းနည်းကြောင်း လက်မှတ်ထိုးပေးတယ်။ ကျောင်းဘက်က ဘယ်လောက်တာဝန်ကျေလဲ သူတို့လို အသုံးချတာမဟုတ်ဘူး။

Myanmar Now – အဲဒါဆို ကျောင်းလုံခြုံမှု ကင်းမဲ့နေတယ်ဆိုတဲ့အပေါ်မှာရော ဘာပြောချင်လဲ။

ဖြေကျောင်းသူကျောင်းသားအများကြီး ကျောင်းတက်နေကြတယ် ပျော်ရွှင်လို့။အကုန်လုံးက Dinnerတွေရော Happy New Yearတွေရော အဲဒီမှာ ဘာမှမဖြစ်ဘူး တက္ကသိုလ်အဆင့်အတန်းနဲ့ညီတယ် ကျောင်းမှာ ရန်ဖြစ်တာတောင် မရှိဘူး။

Myanmar Now – ဆိုင်ကယ်အပ်ခတွေပေးရပြီး လုံခြုံမှုမရှိဘူးလို့ ကျောင်းသားတွေ စွပ်စွဲတယ် အဲဒီအပေါ်မှာ ဘာပြောချင်လဲ။

ဖြေကျောင်းသားတွေ မစွပ်စွဲဘူး။ (ဆန္ဒပြကျောင်းသားတွေဘဲ) သူတို့ဟာသူတို့ လျှောက်ပြောနေတာ။ ကျန်တဲ့ကျောင်းသားတွေက လုပ်ပါရစေ လုပ်ပါရစေ ဆိုင်ကယ်အပ်တဲ့နေရာတွေ လုပ်စေချင်တယ်။ တစ်နေ့မှ ၁၀၀။  သူတို့ စိတ်ချလက်ချ ထားရတယ်။ ဒီကလေးတွေက ပြောလို့(ပိုက်ဆံပေးစရာမလိုတဲ့) Free Zone ဆိုတာ ထားပေးတယ်။

Myanmar Now – ဆိုင်ကယ်ပျောက်မှုတွေ မကြာခဏဖြစ်တယ်လို့ ပြောတယ်။ အဲဒါဟုတ်သလား။

ဖြေမဖြစ်ဘူး အဲဒါ Free Zone မှာထားလို့ဖြစ်တာ။ တခြားချောင်မှာ ထားခဲ့တဲ့ဆိုင်ကယ်တွေ ပျောက်တာ။ (တစ်ရက် ၁၀၀ ပေးပြီး) ဒီမှာအပ်တဲ့ ဆိုင်ကယ်တွေ မပျောက်ဘူး။ ဘယ်သူခိုးမှ မခိုးဘူး။ အပ်ထားလျက်သား ပျောက်ရင်လည်းလျော်ပေးတယ်။

Myanmar Now – ဒီဆိုင်ကယ်အပ်ဖို့အတွက် လေလံက ဘယ်သူတွေလုပ်တာလဲ။

ဖြေကျောင်းသူကျောင်းသားတွေပဲ ဦးဆောင်ပြီး လုပ်တယ်။ သူတို့ကပဲလေလံခေါ်၊ လေလံပေး အဲဒီလိုပဲလုပ်ကြတယ်။

Myanmar Now – ဆိုင်ကယ် အပ်ခရတဲ့လေလံငွေတွေကရော ဘယ်တွေသုံးတာလဲ။

ဖြေဒီကရတဲ့ငွေတွေကို နိုင်ငံတော်ကို သွင်းတယ်။ ဒါကို သူတို့က ကိုင်သုံးချင်တယ်။ မရဘူး။

Myanmar Now – တစ်နှစ်ကို ဆိုင်ကယ်အပ်ခ ဘယ်လောက်ရပါသလဲ။

ဖြေမမှန်ဘူး။ မမှန်ဘူးဆိုတာက အပ်တဲ့အပေါ်မှာလည်း မူတည်တယ်။ အရင်တုန်းက အများကြီးလက်ခံခဲ့တုန်းက အများကြီးပေးတာရှိတယ်။ ခုကျတော့အဖြတ်လိုက် အဖြတ်လိုက်ပေးတယ်။ မနှစ်က သိန်း ၁၀၀ လောက် နိုင်ငံတော်ကို သွင်းခဲ့တယ်။

Myanmar Now – ကျောင်းသားတွေဘက်က ဒီဆိုင်ကယ်အပ်ခက ရတဲ့ငွေတွေကို သန့်ရှင်းရေး လုံခြုံရေးနဲ့ သူတို့ကျောင်း အဆင့်မြှင့်တင်ရေးတွေမှာ သုံးစေချင်တယ် ပြောတယ်။ ဆရာတို့က လုပ်ပေးဖို့ ဘာအခက်အခဲရှိနေလဲ။

ဖြေနိုင်ငံတော်ရဲ့ဥပဒေရှိတယ်။ ဥပဒေအတိုင်း လိုက်နာရမယ်။ နိုင်ငံတော်ကမြေ နိုင်ငံတော်က အဆောက်အအုံ ငှားါးလို့ရှိရင် နိုင်ငံတော်ကို အဲဒီပိုက်ဆံသွင်းရတယ်။ သူတို့ကို အကြိမ်ကြိမ် ရှင်းပြပြီးသား။

Myanmar Now – ဝန်ကြီးချုပ်က ဆိုင်ကယ်အပ်နှံခတွေမပေးရဘူး ကတိပေးခဲ့တယ် ပြောတယ်။ လိုက်နာမှုမရှိဘဲ ပြန်ကောက်တယ်ပြောတယ်။ အဲဒါဟုတ်သလား။

ဖြေမဟုတ်ပါဘူး အများအမြင်ပဲလေ ဒီမှာအကုန်လုံးက ပြင်ပြင်ဆင်ဆင်နဲ့ အပ်နေကြတာပဲ။ (ဆိုင်ကယ်အပ်ခက) တစ်လမှ ၃၀၀၀ မပျောက်ဘူး စိတ်ချမ်းသာတယ်။

Myanmar Now – ကျောင်းသားတွေပြောတဲ့ အိမ်သာတွေ တံခါးချက်တွေထိုးမရ၊ သန့်ရှင်းမှုတွေ မရှိဘူးဆိုတာဟုတ်လား။

ဖြေအိမ်သာတချို့သွားကြည့်ပါ။ အင်္ဂလိပ်စာဌာနတွေဆို ဝင်းပြောင်နေတာပဲ။ အခြားဌာနတွေလည်း သန့်ရှင်းရေးတွေ အကုန်လုပ်ကြတယ်။ အချို့ပျက်နေတဲ့အိမ်သာတွေ ရှိကောင်းရှိနိုင်တယ်။ ဒါပေမဲ့ ချက်ချင်းပြင်ပေးနေတယ်။ ဒီကကျောင်းသားပေါင်း၂၀၀၀၀ ကျော်မှာ အိမ်သာပေါင်း ၃၈၅လုံးရှိတယ် ဆိုတော့ အားလုံးကို သန့်ရှင်းအောင် လုပ်နေတယ်။ တခြားကျောင်းသား ကျောင်းသူတွေလည်း ပါဝင်ကြတယ် သူတို့ပဲမပါတာ။

Myanmar Now – (ဆန္ဒပြ) ကျောင်းသားတွေဘက်က သူတို့တောင်းဆိုမှုကို အစိုးရရုံးကိုရော ကျောင်းအာဏာပိုင်တွေကိုရော အကြိမ်ကြိမ်တောင်းဆိုခဲ့တာ၊ တွေ့ဆုံဖြေရှင်းပေးခြင်း မရှိဘူးပြောတယ်။ အဲဒါဟုတ်သလား။

ဖြေမဟုတ်ဘူး။ ဝန်ထမ်းခန့်တာနဲ့ ပတ်သက်ပြီးတော့ သူတို့ကို အကြိမ်ကြိမ်ရှင်းပြတယ်။ လာတိုင်း မေးတိုင်း နှစ်ကြိမ်သုံးကြိမ်မကဘူး။

Myanmar Now – ဘာတွေညှိနှိုင်းခဲ့လဲ။

ဖြေဆန္ဒပြမယ်လုပ်တိုင်းမလုပ်နဲ့ ငါတို့က ပေးလို့မရဘူး။ (အစိုးရကိုအပ်ရမယ့်ငွေကို) ငါတို့က ကိုင်သုံးပိုင်ခွင့်မရှိဘူး။ သူတို့(အစိုးရ) ချပေးတဲ့ ဘတ်ဂျက်ကိုပဲ ငါတို့က သုံးရတယ်။ ဝန်ထမ်းခန့်ချင်တိုင်းလည်း ခန့်လို့မရဘူး။ သားတို့ စာသင်ကြပါ။ မဟုတ်တဲ့ အလုပ်တွေ မလုပ်ကြနဲ့ ဆုံးမခဲ့တယ်။

MyanmarNow – အစိုးရကို ပြောပြချင်တဲ့ အခက်အခဲတွေရော ကျောင်းမှာရှိလား။

ဖြေကျွန်တော်ကလေးတွေကိုလည်း အမြဲပြောတယ်။ အခုကတိုင်းပြည်မှာ တောင်းဆိုရမယ့် အချိန်မဟုတ်ဘူး။ တိုင်းပြည်မှာ ကိုယ်ဘာလုပ်ပေးရမယ်ဆိုတာပဲ အရေးကြီးတယ်။ ကျောင်းသားကျောင်းသူတိုင်း စိတ်ထဲ အဲဒီအသိ ဝင်သွားရမယ်။ ဒီမျိုးဆက်က ပခုံးထမ်းတင်ရမယ့်မျိုးဆက်။ ဘာလုပ်ပေးပါ ညာလုပ်ပေးပါတောင်းဆိုရမယ့် အချိန်မဟုတ်ဘူး။ ဒီအချိန်ဟာ ခေတ်ပြောင်းနေတယ်။ ဒီမိုကရေစီကိုသွားနေတယ် အကုန်လုံးက ကိုယ့်တိုင်းပြည်အတွက်ကို ဘယ်လိုကောင်းအောင်လုပ်မယ်စိတ်ဓာတ်ပဲ မွေးရမယ်။

Show More

Related Articles

Back to top button