သတင်း

မုံရွာ စစ်ဌာနချုပ်အနီး ကာကင်းစခန်းကို တော်လှန်ရေးအဖွဲ့များတိုက်ခိုက်၊ သုံ့ပန်း ၅ ဦးရ

အနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့် တစ်မိုင်ခန့်အကွာရှိ ညနေပိုင်း တိုက်ပွဲတစ်ခုတွင် စစ်ကောင်စီတပ်သားတချို့ လက်နက်ချခဲ့သည်ဟု တော်လှန်ရေးအင်အားစုက ဆိုသည်။

ဇွန်လ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အနီးရှိ စစ်တပ်ကာကင်းစခန်းတစ်ခုကို တော်လှန်ရေးအင်အားစုများက စီးနင်းတိုက်ခိုက်ရာ သုံ့ပန်းတချို့ ရခဲ့ကြောင်း စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်သည်။

ညနေ ၅ နာရီ ဝန်းကျင်က နမခနှင့် တစ်မိုင်ခန့်အကွာ ထီးတော်တင်ရွာတွင် အင်အား ၄၀ ခန့်ဖြင့် တပ်စွဲထားသည့် ကာကင်းကို ဝင်တိုက်ပြီး နာရီဝက်အကြာတွင် သိမ်းပိုက်နိုင်ခဲ့သည်၊ တပ်သား ၅ ဦး ဖမ်းဆီးရမိပြီး လက်နက် ၉ လက် သိမ်းဆည်းရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်ဘက်မှ စစ်ကူများ တိုက်ပွဲဖြစ်ပြီး မကြာမီ ရောက်လာသည်ဟု ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး (Union Liberation Front – ULF) စစ်ကြောင်းမှ ပ – စစ်ကြောင်းမှူး ကိုမင်းမင်းက ပြောသည်။

“နမခ ဘက်ကရော စစ်ကြောင်းနှစ်ကြောင်းထိုးလာတယ်။ အမြန်ဆုံး တိုက်ယူခဲ့ရတယ်။ တော်တော်လေး လောခဲ့တာပေါ့။ ရန်သူက နှစ်ဖက်ညှပ်လာပြီး ခေါင်းပေါ်လည်း (လေယာဉ်) ဝဲနေတဲ့အချိန် စစ်သုံ့ပန်း ၅ ယောက် လက်နက်ချ အညံ့ခံလို့ ခေါ်လာခဲ့တာ” ဟု ၎င်းက ပြောသည်။

နမခဌာနချုပ်နှင့် နီးကပ်လွန်းသည့် ထိုစခန်းကို တိုက်ရန် တော်လှန်ရေးအင်အားစုက စစ်ဆင်ရေးအတွက် အချိန်ယူ ပြင်ဆင်ခဲ့သည်ဟု ၎င်းက ပြောသည်။

“စစ်ဆင်ရေးအတွက်ကတော့ ၁ ပတ်၊ ဆယ်ရက်လောက်တော့ လေ့ကျင့်ခဲ့ရတယ်။ နမခနဲ့ဆိုလည်း သိပ်မဝေးဘူးလေ။ အကောင်းဆုံးစုံစမ်းပြီးမှ တိုက်ပွဲဖော်ဆောင်ခဲ့ရတာပေါ့။ ရွေ့လျားစစ်ကြောင်းပေါ့။ တအားကပ်လွန်းတော့ အင်အားပိုသုံးရတာပေါ့” ဟု ၎င်းက ဆက်ပြောသည်။

ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများ စခန်းစွန့်ခွာ ထွက်ပြေးသွားကြောင်း စစ်ကိုင်းတိုင်းပကဖက ထုတ်ပြန်သည်။ ထုတ်ပြန်ချက်ပါ အချက်များနှင့် ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။ 

ဖမ်းဆီးရမိသူများကို နိုင်ငံတကာစစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားသည်ဟု ဆိုသည်။

ယင်းမာပင်၊ ကနီနှင့် မုံရွာမြို့နယ်မှ တော်လှန်ရေးအင်အားစုများက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း တပ်ပေါင်းစုဘက်မှ ၂ ဦး ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်ဟု ဆိုသည်။

စစ်တပ်က အင်အား ၁၀၀ နီးပါးဖြင့် စစ်ကူရောက်ရှိလာပြီး ထီးတော်တင်ရွာကို မီးရှို့ခဲ့ရာ အိမ်ခြေ ၂၀ နီးပါး ပျက်စီးခဲ့ကြောင်း သိရသည်။

တိုက်ပွဲအခြေအနေနှင့် ပတ်သက်ပြီး စစ်တပ်ကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီကလည်း တိုက်ပွဲနှင့် နောက်ဆက်တွဲသတင်းကို အမှောင်ချထားသည်။

စစ်ဌာနချုပ်အနီးရှိ ထီးတော်တင်၊ ကြီးဗဒုံ၊ ဖန်ခါးကျင်း စသည့်ကျေးရွာများတွင် စစ်တပ်က ရှေ့တန်းကာကင်းစခန်းများအဖြစ် နေရာယူထားသည်ဟု တော်လှန်ရေးအင်အားစုက ဆိုသည်။

Show More

Related Articles

Back to top button