သတင်း

မြိတ်ရှိ အကျဉ်းစခန်းများတွင်လည်း ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အခက်အခဲများ ရှိနေ

ရန်ကုန် — တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်ရှိ အကျဉ်းစခန်းများကို သွားရောက် စစ်ဆေးခဲ့ရာတွင် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဝန်ထမ်းများ ထားရှိရန် ဖွဲ့စည်းပုံတွင် မပါဝင်သည့်အတွက် တချို့နေရာများတွင် ကျန်းမာရေးစောင့်ရှောက်မှုများ ကြန့်ကြာနှောင့်နှေးနေသည်ကို တွေ့ရှိခဲ့ရကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် တာဝန်ရှိသူတစ်ဦးက Myanmar Now ကိုပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ မြိတ်အကျဉ်းထောင်၊ မြိတ်မြို့နယ်ရှိ ကျောက်ထုစခန်းများဖြစ်သည့် နတ်စင်ကုန်အကျဉ်းစခန်း၊ ကျောက်ဖြူတောင်အကျဉ်းစခန်းနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်သည့် ဆင်ဖြူရှင် အကျဉ်းစခန်းများသို့ သွားရောက်စစ်ဆေးရာတွင် အဆိုပါ အကျဉ်းစခန်းများ၌ ကျန်းမာရေးစောင့်ရှောက်ရန်အတွက် ဆရာဝန်ထားရှိရမည့် ဖွဲ့စည်းပုံမရှိသည်ကို တွေ့ရှိခဲ့ရကြောင်း ထိုကော်မရှင်မှ တိုင်ကြားစာများကော်မတီ၏ တာဝန်ရှိသူ ဦးယုလွင်အောင်က ပြောသည်။

“စခန်းခွဲတွေထားပြီး အဲ့ဒီစခန်းခွဲတွေမှာ ကျန်းမာရေးဆရာဝန်မထားဘူး။ အဲ့ဒီတော့ ပင်မစခန်းတွေက တစ်ပတ်မှာ တစ်ခါလောက်ပဲ သွားကြည့်နိုင်တယ်။ ဒါက အဆင်မပြေဘူး။ သွားရေးလာရေးက ဆိုင်ကယ်နဲ့ တစ်နာရီလောက်သွားရင် ရောက်တယ်ဆိုပေမယ့် မိုးတွင်းကာလဆို သွားလို့မရတော့ ဘယ့်နှယ်လုပ်မလဲ။ ဒါတွေကို ဖြေရှင်းဖို့ ပြည်ထဲရေးဝန်ကြီးဌာနဆီ အကြံပြုစာပေးပို့ထားတယ်”  ဟု ၎င်းကဆိုသည်။

ထို့ပြင် အဆိုပါ စခန်းများတွင် မိလ္လာစနစ်မရှိသည့်အတွက် အကျဉ်းသားများသည် ဖြစ်သလို မိလ္လာစွန့်ပစ်နေကြ ရသည်ကိုလည်း တွေ့ရှိခဲ့ရကြောင်း၊ အဆိုပါ စခန်းများ၌ HIV ပိုး ကူးစက်ခံနေရသည့် အကျဉ်းသား၊ တီဘီဖြစ်ပွားနေသည့် အကျဉ်းသားများကိုလည်း တွေ့ရှိခဲ့ရပြီး ၎င်းတို့အတွက် သင့်တော်သည့်အကျဉ်းစခန်းများသို့ ပြောင်းရွှေ့ကုသခံယူစေရန် အကြံပြုထားကြောင်း ဦးယုလွင်အောင်က ပြောသည်။

“လူနာတချို့က ရင်ဘတ်အောင့်တာတို့လို ကျန်းမာရေးအနည်းငယ် ချို့ယွင်းသူတွေများပါတယ်။ ဒါပေမဲ့ ခုနကလို လူနာအကျဉ်းသားတွေအတွက်က ဒီနေရာက အဆင်မပြေဘူး။ သူတို့ကို ကုသဖို့လည်း လုံလောက်မှု မရှိဘူး” ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာကလည်း ရှမ်းပြည်နယ် နောင်ချိုမြို့နယ်အတွင်းရှိ ရဲဘက်စခန်းငါးခုကို သွားရောက်စစ်စေးခဲ့ရာတွင်လည်း အကျဉ်းသားများအတွက် ကျန်းမာရေးဆိုင်ရာ ပြဿနာများကို ရင်ဆိုင်နေရကြောင်း၊ မိလ္လာစနစ်နှင့် သောက်သုံးရေစနစ်တို့ကို ထားရှိရန်အတွက် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က ပြည်ထဲရေးဝန်ကြီးဌာနအား အကြံပြုထားသည်။

အဆိုပါ ပြဿနာ၏အဓိကအကြောင်းရင်းမှာ အကျဉ်းဦးစီးဌာနတွင် လုပ်ကိုင်လိုသည့် ဆရာဝန်များ မရှိခြင်းဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်လည်း ကိုယ့်ဌာနနှင့်ကိုယ်ပင် ဆရာဝန်အင်အား လုံလုံလောက်လောက် မရှိသေးသည့်အတွက် အကျဉ်းဦးစီးဌာနဘက်သို့ ဆရာဝန်များ စေလွှတ်ပေးရန်မှာလည်း အခက်အခဲ ရှိနေကြောင်း အမျိုးသားလွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဌေးကြွယ်က Myanmar Now ကိုပြောသည်။

အကျဉ်းဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ရန်အတွက် ဆရာဝန်များကို ခေါ်ယူသော်လည်း လျှောက်ထားမည့်သူမရှိခြင်း၊ ဆေးဝါးမပြည့်မစုံခြင်း စသည်တို့ကို ၎င်းတို့ကော်မတီအနေဖြင့် အကျဉ်းထောင်များကို သွားရောက်စစ်ဆေးရာတွင် တွေ့ရှိခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

“အဲ့ဒီအကြောင်းတွေကို ပြည်ထဲရေး ဝန်ကြီးဌာနကို ကျွန်တော်တို့ အစီရင်ခံစာ ပို့ထားတယ်။ အဓိကက အကျဉ်းဦးစီးဌာနမှာ လုပ်ဖို့ဆရာဝန်ခေါ်တာက ကျန်းမာရေးဝန်ကြီးဌာနကနေတစ်ဆင့် ခေါ်တာမဟုတ်ဘူး။ အဲဒီတော့ လုပ်ချင်တဲ့ ဆရာဝန်တွေက မရှိဘူး။ လုပ်အားပေးလုပ်ဖို့တောင် ဘယ်သူမှမလုပ်ချင်ကြဘူး။ ဆေးဝါးကလည်း မပြည့်မစုံနဲ့ဆိုတော့ အကျဉ်းထောင်၊ အကျဉ်းစခန်းတွေမှာ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု အများကြီး လိုအပ်နေတယ်။ အကျဉ်းဦးစီးမှာက ကျန်းမာရေးမှမဟုတ်ပါဘူး။ အစစ အရာရာ လိုအပ်ချက်တွေ အများကြီးဆိုတာ ကျွန်တော်တို့ တွေ့ရပါတယ်” ဟု သူကဆိုသည်။

ပြည်ထဲရေးဝန်ကြီးဌာနရှိ အကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးထံသို့ ဖုန်းဆက်သွယ်မေးမြန်းခဲ့သော်လည်း မအားလပ်သည့်အတွက်ဟုဆိုကာ ဖြေကြားခဲ့ခြင်းမရှိပါ။

လူ့အခွင့်အရေး ကော်မရှင်အနေဖြင့် ၂၀၁၈ ခုနှစ်အတွင်း အကျဉ်းစခန်း ၂၅ ခုနှင့် အကျဉ်းထောင် ၂၆ လုံးကို စစ်ဆေးပြီးဖြစ်ကြောင်း အဆိုပါကော်မရှင်ကထုတ်ပြန်သည်။

Show More

Related Articles

Back to top button