
ကိုဗစ်ကပ်ဘေးကြောင့် ကမ္ဘာတစ်ဝန်း ကုန်သွယ်ရေးနှင့် ကုန်ထုတ်လုပ်မှု ကွင်းဆက်များ ရပ်တန့်သွားသဖြင့် နိုင်ငံတိုင်း ရောဂါကပ်ဘေးနှင့် စီးပွားရေးပျက်ကပ်ဘေး အန္တရာယ်ကို တစ်ပြိုင်တည်းရင်ဆိုင်နေရချိန် မြန်မာစစ်ဗိုလ်ချုပ်များ၏ နိုင်ငံတော်အာဏာလုပွဲ ပေါ်ပေါက်လာရာ ပြည်သူတစ်ရပ်လုံးနှင့် ကမ္ဘာကပါ အံ့ဩခဲ့ကြရသည်။
ယခင် စစ်အာဏာသိမ်းမှု ဓလေ့ရှိထားသော နိုင်ငံဖြစ်၍ ထိုလုပ်ရပ်က ထူးဆန်းဖွယ်မဟုတ်ဟု ဆိုနိုင်သော်လည်း၊ ကပ်ရောဂါဘေးမှ လူ့အသက်ပေါင်းများစွာကို အလုအယက် ကယ်ဆယ်နေရချိန်၊ စီးပွားပျက်ကပ်ဆိုက်ပါက ငတ်မွတ်ခေါင်းပါးမှုကပ်ဘေးပါ တွဲဆက်ပါလာမည့်အရေး ဖြေရှင်းနေရချိန်တွင် စစ်ဗိုလ်ချုပ်များ၏ အာဏာလုရန်ဆုံးဖြတ်ချက် ဉာဏ်အမြော်အမြင်နှင့် ဆင်ခြင်တုံတရားက လူသားမဆန်၊ လူ့ကျင့်ဝတ်ကင်းမဲ့လွန်းသဖြင့် အံ့ဩကြခြင်းဖြစ်သည်။
၂၀၂၀ ပြည့်နှစ်မှ စတင်ခဲ့သော ကိုဗစ်နှင့် စီးပွားရေးကျဆင်းမှု လှိုင်းနှစ်ဆင့် ရိုက်ခတ်မှုဒဏ်ကို တစ်ပြိုင်တည်းရင်ဆိုင်နေရစဉ် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု တတိယလှိုင်းဒဏ်ကို အရှေ့တောင်အာရှ၏ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံတစ်ခု ခံနိုင်ရည်ရှိမရှိ စီးပွားရေးပညာရှင်များ တွက်ချက်စရာမလိုပါ၊ သာမန်ပြည်သူများပင် ဆင်ခြင်သုံးသပ်နိုင်သော အခြေအနေဖြစ်ပါသည်။
စစ်တပ်၏ အာဏာသိမ်းမှုသည် မြန်မာ့လူ့အဖွဲ့အစည်းတွင် ဆယ်စုနှစ်များစွာ ရှိနှင့်ခဲ့ပြီးသား ဒဏ်ရာဒဏ်ချက်များဖြင့် ယိုင်နဲ့နေသော စစ်တပ်နှင့် ပြည်သူအကြား လူမှုပဋိညာဉ် (Social Contract) စည်းနှောင်ထားသည့် “ကြိုး” လုံးဝပြတ်သွားသည့် အခြေဆိုက်ရောက်ခဲ့သည်။ ထိုဖြစ်ရပ်က ယနေ့ကြုံတွေ့နေရသော မြန်မာ့စီးပွားရေး ထိန်းမရအောင် ပြိုလဲလာခြင်း၏ အခြေခံအုတ်မြစ်ပင် ဖြစ်သည်။
အာဏာသိမ်းမှုကြောင့် စီးပွားရေးတိုးတက်သည့်အစဉ်အလာ မြန်မာတွင် မရှိ
အာရှ၏ အတောင့်တင်းဆုံးစီးပွားရေးတစ်ခုကို ပိုင်ဆိုင်ထားသော မြန်မာသည် ၁၉၆၂ ခုနှစ် ပထမအကြိမ် စစ်အာဏာသိမ်းခဲ့သော အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်းနှင့် စစ်ဗိုလ်ချုပ်တစ်သိုက်၏ စိတ်ကူးယဉ် ဆိုရှယ်လစ်အမိန့်ပေးစီးပွားရေးစနစ် (Socialist Command Economy) ကြောင့် ၁၉၈၈ ခုနှစ်တွင် နိုင်ငံ့စီးပွားရေး ပြိုလဲခဲ့သည်။
၁၉၈၈ ခုနှစ် ဒုတိယအကြိမ် စစ်ဗိုလ်တစ်သိုက် အာဏာသိမ်းယူခဲ့ပြီး ထိုစဉ်က ခေတ်စားနေသော ဈေးကွက်စီးပွားရေးစနစ်ကို ပြောင်းလဲကျင့်သုံးခဲ့သည်။ သို့သော် စစ်ဗိုလ်ချုပ်များသည် မည်သည့်အခါကမျှ ဈေးကွက်စီးပွားရေး၏ အခြေခံနိယာမများဖြစ်သော ဈေးကွက်၏ လွတ်လပ်စွာယှဉ်ပြိုင်ခွင့်၊ ရောင်းလိုအားနှင့် ဝယ်လိုအား (Supply and Demand) တို့၏ လွတ်လပ်စွာတုံ့ပြန်မှုအပေါ် သက်ဝင်ယုံကြည်ခြင်း၊ နားလည်ခြင်း မရှိခဲ့ကြပါ။
အာဏာရှင်တို့၏ ဓလေ့ဆိုးဖြစ်သော လူမှုအသိုက်အဝန်းတစ်ခုလုံးကို ၎င်းတို့သဘောဆန္ဒအတိုင်း အမိန့်ပေးဖိနှိပ် ချုပ်ချယ်လိုသော အမူအကျင့်ကို မဖျောက်ဖျက်နိုင်ဘဲ ဈေးကွက်စီးပွားရေးကိုလည်း အမိန့်ပေးထိန်းချုပ်ခဲ့သည်။ ထို့ကြောင့် မြန်မာ့စီးပွားရေးအခြေအနေသည် အရှေ့တောင်အာရှနိုင်ငံများထဲ အနိမ့်ဆုံးအဆင့် ရောက်ရှိသွားခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် နိုင်ငံအရေးအပြောင်းအလဲများ ပြုလုပ်ကာ ကျဆင်းနေသော စီးပွားရေးကို ကုစားခဲ့ရသည်။

သို့သော် စစ်ဗိုလ်ချုပ်လူတန်းစားသည် ယခင်အာဏာသိမ်းမှု နှစ်ခုမှ သမိုင်းသင်ခန်းစာကို မယူခဲ့ကြဘဲ၊ ၂၀၂၁ ခုနှစ်တွင် တတိယအကြိမ် အာဏာသိမ်းပြန်သည်။ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်လက်ထက် ရောက်လာသည့်အခါ ဆိုရှယ်လစ်အမိန့်ပေးစီးပွားရေးစနစ်ထက်ပင် ပို၍ဆိုးရွားပြီး၊ စိတ်ထင်တိုင်း စည်းမျဉ်းအမျိုးမျိုး ပြောင်းလဲချမှတ်၊ မလိုက်နာသော စီးပွားရေးလုပ်ငန်းရှင်များကို ဖမ်းဆီးထောင်ချရုံမျှမက၊ ၎င်းတို့ကာလရှည်ကြာ ကြိုးပမ်းတည်ဆောက်ခဲ့သော စီးပွားရေးအဆောက်အအုံအားလုံးကို ဖျက်ဆီးပစ်သည်အထိ ရမ်းကားပြုမူလာသည်။
နိုင်ငံရေးအပြောင်းအလဲ ဆယ်စုနှစ် (၂၀၁၁ – ၂၀၂၀) ကြောင့် ဒေသတွင်းနှင့် နိုင်ငံတကာ စီးပွားရေးအကူအညီများ ပြန်လည်ရရှိလာပြီး မြန်မာ့စီးပွားရေး၏ တိုးတက်စပြုလာသော အကိုင်းအခက် အညွန့်အဖူးများအားလုံးမှာ ချိုးဖျက်နင်းချေခြင်း ခံလိုက်ရသည်။
အာဏာသိမ်းပြီးနောက် တရိပ်ရိပ် မြင့်တက်လာနေသော ရွှေနှင့် ဒေါ်လာဈေးများသည် ၂၀၂၄ ခုနှစ် မေလကုန်ပိုင်းတွင် အမြင့်ဆုံးသို့ ရောက်ရှိသွားရာတွင် စစ်ကောင်စီသည် ၎င်းတို့ချမှတ်ထားသော စီးပွားရေးမူဝါဒများကို ပြန်လည် ဆန်းစစ် ပြင်ဆင်ပြောင်းလဲခြင်းနည်းလမ်းဖြင့် ဖြေရှင်းရမည့်အစား ရွှေကုန်သည်များနှင့် ငွေလဲလုပ်ငန်းရှင်များကို ဖမ်းဆီးခြင်း၊ ထိုလုပ်ငန်းရှင်များ ပိုင်ဆိုင်သော ဥစ္စာဓနများနှင့် ဘဏ်စာရင်းများကို ရမ်းကားသိမ်းယူခြင်းအထိ လုပ်ဆောင်လာပြီ ဖြစ်သည်။
ထိုအပြုအမူများက ထုတ်ဖော်ပြသနေသည်မှာ မင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်တစ်သိုက်သည် ၎င်းတို့၏ ဆရာသမား အာဏာရှင်ဟောင်းများကဲ့သို့ပင် နိုင်ငံတစ်ခု၏ စီးပွားရေးကို တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဆောင်နိုင်သော အရည်အချင်းကင်းမဲ့သူများ ဖြစ်ကြသည်။ စစ်အာဏာသိမ်းမှုကြောင့် စီးပွားရေးတိုးတက်လာသည့်သမိုင်း မြန်မာတွင် မရှိပြီ။

စစ်အာဏာသိမ်းမှု၏ တိုက်ရိုက်ဆိုးကျိုး သို့မဟုတ် ကျပ်ငွေတန်ဖိုးကျဆင်းခြင်း
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်မှစ၍ ဆက်တိုက်ကျဆင်းလာသော မြန်မာ့စီးပွားရေးသည် ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းရောက်လာချိန်တွင် စံချိန်တင် ငွေတန်ဖိုးကျဆင်းမှု (Currency Depreciation) နှင့်အတူ စီးပွားရေးအဆောက်အအုံတစ်ခုလုံး ပြိုလဲတော့မည့် အဆိုးရွားဆုံးကာလထဲ ချဉ်းနင်းဝင်ရောက်နေပြီလားဟု မေးခွန်းထုတ်စရာ၊ သတိပြုစောင့်ကြည့်စရာ ဖြစ်လာပါသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းချိန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ ထိုစဉ်က အမေရိကန် ၁ ဒေါ်လာလျှင် မြန်မာကျပ်ငွေ ကျပ် ၁,၃၃၀ ရှိခဲ့ရာမှ၊ ၂၀၂၄ ခုနှစ် မေလ ၃၁ ရက်နေ့ ဈေးကွက်ပေါက်ဈေးမှာ ကျပ် ၄,၄၇၀ ဖြစ်သည်။ စစ်ကောင်စီ ဗဟိုဘဏ်က အတင်းအကျပ်သတ်မှတ်ထားသော ၁ ဒေါ်လာ ကျပ် ၂၁၀၀ ထက် နှစ်ဆကျော် ကွာခြားမြင့်တက်သွားခဲ့ပြီ ဖြစ်သည်။
ထိုအခြင်းအရာကို သာမန်အရပ်သားတစ်ဦး နားလည်လွယ်သော ဥပမာဖြင့် ရှင်းပြရလျှင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့၌ နိုင်ငံသားတစ်ဦးတွင် မြန်မာကျပ်ငွေ ကျပ် ၁၃၃,၀၀၀ ပိုင်ဆိုင်ထားလျှင် အမေရိကန်ဒေါ်လာ ၁၀၀ ဖြင့် လဲလှယ်နိုင်သော်လည်း၊ ယခုအခါ ထိုငွေပမာဏသည် ၂၉.၇၅ ဒေါ်လာသာ လဲလှယ်ရရှိနိုင်တော့မည် ဖြစ်သည်။ ၃ နှစ်နှင့် ၄ လ အချိန်ကာလတိုအတွင်း ကျပ်ငွေတန်ဖိုး ၇၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားခြင်း ဖြစ်သည်။

ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းနေခြင်းကြောင့် ဆုံးရှုံးမှုကို ကာကွယ်ရန် အမေရိကန်ဒေါ်လာ ဝယ်ယူစုဆောင်းမှုများအပြင်၊ သွင်းကုန်အတွက် ဒေါ်လာလိုအပ်ချက် မြင်မားမှုများကြောင့် ပြည်တွင်းငွေကြေးဈေးကွက်ထဲ ဒေါ်လာဝယ်လိုအား ဆက်တိုက်မြင့်တက်နေခြင်းကလည်း မြန်မာငွေတန်ဖိုး ထိုး၍ကျဆင်းရခြင်း၏ အကြောင်းရင်းတစ်ခု ဖြစ်လာပါသည်။
မြန်မာငွေတန်ဖိုးကျဆင်းခြင်းနှင့် ဒေါ်လာရှားပါးလာခြင်း ကွင်းဆက်ဖြစ်စဉ်တွင် နိုင်ငံခြားမှ မဖြစ်မနေတင်သွင်းနေရသော စက်သုံးဆီ၊ စားသုံးဆီနှင့် ဆေးဝါး တင်သွင်းမှုအတွက် ဒေါ်လာလိုအပ်မှု ကြီးမားလာခြင်း စသည့်အချက်များသည် အရင်းခံအကြောင်းတရား မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် အဆိုပါ ကုန်ပစ္စည်းများကို အာဏာသိမ်းမှုမတိုင်မီ နှစ်ပေါင်းများစွာကတည်းက မြန်မာနိုင်ငံတွင်းသို့ နှစ်စဉ်တင်သွင်းနေခဲ့သောကြောင့် ဖြစ်သည်။
သို့ဆိုလျှင် ထိုဖြစ်စဉ်တစ်ခုလုံး မြစ်ဖျားခံရာ အရင်းခံအကြောင်းတရားမှာ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်ခဲ့သော နိုင်ငံရေးမတည်ငြိမ်မှုကြောင့် မြန်မာကျပ်ငွေနှင့် ငွေကြေးဈေးကွက်အပေါ် ယုံကြည်မှုပျက်ပြားသွားခြင်းကြောင့် ဖြစ်သည်။ ယင်းသည် စစ်အာဏာသိမ်းခြင်း၏ တိုက်ရိုက်ဆိုးကျိုး ဖြစ်သည်။
ထိုအချက်ကို စစ်ခေါင်းဆောင်များ လက်မခံနိုင်ဘဲ ငွေကြေးဈေးကွက်ကို အမိန့်အာဏာဖြင့် ထိန်းချုပ်၍ရမည်ဟု စိတ်ကူးယဉ်ခဲ့ကြသည်၊ ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းခြင်းကို နည်းလမ်းအမျိုးမျိုးဖြင့် ထိန်းချုပ်ရန် ကြိုးစားခဲ့သော်လည်း အရှုံးနှင့်သာ ရင်ဆိုင်နေရသည်။ စစ်ရေး၊ နိုင်ငံရေး၊ နိုင်ငံတကာဆက်ဆံရေး နယ်ပယ်တိုင်းတွင် အရှုံးနှင့် ရင်ဆိုင်နေရသလို စီးပွားရေးကိုလည်း စီမံခန့်ခွဲနိုင်စွမ်းမရှိတော့ဘဲ အထိန်းအကွပ်မဲ့ကျဆင်းမှု (Free Fall) အထိ ဦးတည်နိုင်ပါသည်။
မြန်မာငွေတန်ဖိုးကျဆင်းမှုကို ကုစားရန် အစောဆုံးလုပ်ဆောင်ချက်မှာ အာဏာသိမ်းပထမနှစ်အတွင်း ဗဟိုဘဏ်က ဒေါ်လာ သန်းရာနှင့်ချီ ထုတ်ရောင်းပြီး၊ ဈေးကွက်အတွင်း လည်ပတ်နေသော ကျပ်ငွေပမာဏ ကျုံ့သွားစေရန် ပြန်လည်သိမ်းယူခြင်းဖြင့် ကြိုးပမ်းခဲ့သည်။ ထိုလုပ်ရပ်သည် သီအိုရီအရ မှန်ကန်သော်လည်း လက်တွေ့တွင် အောင်မြင်မှုမရှိဘဲ ကျပ်ငွေတန်ဖိုး ကျဆင်းမြဲနှင့် ကြုံတွေ့ရသည်။
အာဏာမသိမ်းမီနှင့် အာဏာသိမ်းပြီး တစ်နှစ်အတွင်း ဗဟိုဘဏ်၏ ဒေါ်လာ ဝယ်ယူခြင်းနှင့် ရောင်းချခြင်း

အထက်ပါဇယားကို လေ့လာလျှင် စစ်အာဏာသိမ်းမှု ပထမနှစ်တွင် မြန်မာကျပ်ငွေတန်ဖိုးကျဆင်းမှုကို ထိန်းချုပ်ရန် ဗဟိုဘဏ်သည် နိုင်ငံခြားငွေ ရောင်းဝယ်ခွင့် AD လိုင်စင်ရ ပုဂ္ဂလိကဘဏ်များကို (၂၀၂၁ ခုနှစ် မတ်လမှလွဲ၍) ဒေါ်လာသန်း ၄၁၆ ကျော်ကို ၅၄ ကြိမ် လေလံတင်ရောင်းချခဲ့သည်။
အဆိုပါ ၅၄ ကြိမ်တွင် ၂၀၂၁ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလများအတွင်း လေလံတင်ရောင်းချမှု ၆ ကြိမ်၏ ရောင်းချခဲ့သော အတိအကျမသိရသည့် ဒေါ်လာပမာဏ၊ ဗဟိုဘဏ်က ဒေါ်လာလေလံတင်ရောင်းချမှု နောက်ဆုံးပြုလုပ်ခဲ့သော ၂၀၂၂ ခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီ နှစ်လပေါင်း ဒေါ်လာ သန်း ၃၀ တို့ကိုပါ ထည့်တွက်မည်ဆိုလျှင် စုစုပေါင်း ဒေါ်လာ သန်း ၅၀၀ ခန့် ရှိနိုင်ပါသည်။
အဆိုပါ AD လိုင်စင်ရ ပုဂ္ဂလိကဘဏ်များက ဗဟိုဘဏ်ထံမှ ဝယ်ယူခဲ့သော ဒေါ်လာများကို စက်သုံးဆီနှင့် စားသုံးဆီ တင်သွင်းသည့် ကုန်သည်များကို ပြန်လည်ရောင်းချရသည်။ ဤနည်းဖြင့် ငွေကြေးဈေးကွက်အတွင်း ဒေါ်လာလိုအပ်ချက် မြင့်မားနေခြင်းကို ကုစားခဲ့သော်လည်း၊ ကျပ်ငွေတန်ဖိုး ကျဆင်းမြဲကျဆင်းနေသဖြင့် ၂၀၂၂ ခုနှစ် မတ်လမှစ၍ ဒေါ်လာလေလံတင်ရောင်းချမှုကို လုံးဝရပ်ဆိုင်းလိုက်သည်။
စစ်အာဏာမသိမ်းမီ ကာလတူနှစ် (၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီမှ ၂၀၂၁ ခုနှစ် ဇန်နဝါရီအထိ) ဗဟိုဘဏ်၏ ဆောင်ရွက်ချက်နှင့် နှိုင်းယှဉ်လေ့လာသည့်အခါ ဆန့်ကျင်ဘက်အားဖြင့် ဈေးကွက်ထဲမှ ဒေါ်လာ ၂၇၈ သန်းကျော် လေလံတင် ဝယ်ယူခဲ့ပြီး၊ ၂၀၂၀ ပြည့်နှစ် ဧပြီလ တစ်လတည်းသာ ဒေါ်လာရောင်းချခဲ့သည်ကို လေ့လာတွေ့ရှိရသည်။
ထိုကာလသည် မြန်မာနိုင်ငံကို ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ကူးစက်သော ကာလဖြစ်သော်လည်း၊ အရပ်သားအစိုးရက ကူးစက်မှုကို အလျင်အမြန်ထိန်းချုပ်ရန် ကြိုးစားနိုင်ခဲ့ခြင်း၊ ကိုဗစ်ကြောင့် ဖြစ်ပေါ်လာမည့် စီးပွားရေးထိခိုက်မှုများကို ကုစားရန် မူဝါဒများ ချက်ချင်းချမှတ်ဆောင်ရွက်နိုင်ခဲ့ခြင်းတို့ကြောင့် ကျပ်ငွေတန်ဖိုးကျဆင်းမှုသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အခြေအနေနှင့် နှိုင်းယှဉ်လျှင် များစွာတည်ငြိမ်မှု ရှိခဲ့သည်။

ကျပ်ငွေတန်ဖိုးကျဆင်းမှုကို ထိန်းချုပ်ရန် ကြိုးပမ်းသော အခြားနည်းလမ်းများ
ကျပ်ငွေတန်ဖိုးကျဆင်းမှုကို ထိန်းချုပ်ရန် အခြားနည်းလမ်းများကို ကျင့်သုံးရာတွင် အာဏာမသိမ်းမီက ကျပ်ငွေနှင့် ဒေါ်လာ ငွေလဲနှုန်းကို ဈေးကွက်ပေါက်ဈေးအတိုင်း နှုန်းရှင်သတ်မှတ်ထားရာမှ စစ်ကောင်စီက အမိန့်အာဏာဖြင့် ဝင်ရောက်ထိန်းချုပ်သတ်မှတ်ခြင်းကြောင့် စစ်ကောင်စီဗဟိုဘဏ် သတ်မှတ်သော ဒေါ်လာဈေး ကျပ် ၂၁၀၀၊ AD လိုင်စင်ရဘဏ်များအကြား ဒေါ်လာအရောင်းအဝယ်ဈေး (Interbank Foreign Exchange Market) ကျပ် ၂၉၀၀-၂၉၅၀ ဝန်းကျင်၊ ဗဟိုဘဏ်က ကြီးကြပ်သော အွန်လိုင်းဒေါ်လာရောင်းဝယ်ဈေး ကျပ် ၃၃၀၀-၃၃၅၀ ဝန်းကျင်တို့ဖြစ်သည်။
စစ်ကောင်စီ၏ တရားဝင်ဒေါ်လာဈေး အနည်းဆုံး ၃ မျိုးဖြစ်နေချိန်တွင် ဈေးကွက်ပေါက်ဈေးသည် မေလကုန် ၃၁ ရက်နေ့တွင် ကျပ် ၄၄၇၀ ဝန်းကျင် (တစ်ဒေါ်လာ ကျပ် ၅၀၀၀ အထိ ဖြစ်ခဲ့ပြီး စစ်ကောင်စီက ငွေလဲလုပ်ငန်းရှင်များကို ဖမ်းဆီးနှိမ်နင်းခဲ့၍ ပြန်လည်ကျဆင်းခဲ့သည်) အထိ မြင့်တက်လာခဲ့သည်။ တရားဝင် ကျပ်ငွေ-ဒေါ်လာ လဲနှုန်းကိုပင် တစ်မျိုးတည်း မလုပ်ဆောင်နိုင်သော စစ်ကောင်စီသည် ငွေလဲလုပ်ငန်းရှင်များကို ဖမ်းဆီးနှိမ်နင်းရုံမျှဖြင့် ကျပ်ငွေတန်ဖိုးကျဆင်းခြင်းပြဿနာကို ဖြေရှင်းနိုင်မည်မဟုတ်ပါ။
ထို့ပြင် ဒေါ်လာဖြင့် တင်သွင်းရသော သွင်းကုန်များကို စည်းကမ်းချက်အမျိုးမျိုး ထုတ်ပြန်၍ ကန့်သတ်ကာ နိုင်ငံတွင်းမှ ဒေါ်လာစီးထွက်မှုကို တားဆီးခဲ့သည်။ ပို့ကုန်မြှင့်တင်ပြီး သွင်းကုန်လျှော့ချကာ ကုန်သွယ်ရေးပိုငွေပြရန် ကြိုးပမ်းခြင်းဖြင့် ဒေါ်လာစီးဝင်မှု ပိုမိုလာစေရန်လည်း လုပ်ဆောင်ခဲ့သည်။
ဒေါ်လာလိုအပ်ချက်ဖိအား လျော့ပါးရန်နှင့် ဒေါ်လာအပေါ် မှီခိုမှုလျှော့ချရန် အိမ်နီးချင်း တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့၏ ငွေကြေးဖြင့် နယ်စပ်ကုန်သွယ်ရေး ငွေပေးချေမှုကို ပြောင်းလဲကျင့်သုံးရန် ကြိုးပမ်းခဲ့သည်။ သို့သော်လည်း နယ်စပ်ဒေသများကို တိုင်းရင်းသားတော်လှန်ရေးအင်အားစုက သိမ်းပိုက်ထိန်းချုပ်လိုက်ခြင်းကြောင့် ဒေါ်လာလိုအပ်ချက်ဖိအား လျော့ပါးမသွားဘဲ၊ ဈေးကွက်တွင် ဒေါ်လာရှားမြဲ၊ ကျပ်ငွေတန်ဖိုး ကျဆင်းမြဲ ဖြစ်နေသည်။

ဒေါ်လာလုယက်ခြင်း သို့မဟုတ် တစ်စိတ်တစ်ပိုင်း ပြည်သူပိုင်သိမ်းခြင်း
စစ်ကောင်စီသည် ကျပ်ငွေတန်ဖိုးကျဆင်းခြင်းနှင့် ဒေါ်လာလိုအပ်ချက် မြင့်မားနေခြင်းကို လျှော့ချရန် ငွေကြေးဈေးကွက်ကို အမိန့်အာဏာဖြင့် စီမံခန့်ခွဲမှုအပြင်၊ ပြည်တွင်းသို့ ဒေါ်လာ ပိုမိုစီးဝင်လာစေရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းခဲ့ပုံကို အထက်တွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။
ထိုသို့ ကြိုးပမ်းမှု၏နောက်ကွယ်တွင် နိုင်ငံအနှံ့ ပြည်သူများ၏ လက်နက်စွဲကိုင်တော်လှန်မှုကို ရင်ဆိုင်နေရသဖြင့် စစ်ရေးအသုံးစရိတ် အဆများစွာ တိုးမြှင့်သုံးစွဲနေရပြီး၊ တိုက်လေယာဉ်များအတွက် လေယာဉ်ဆီ ဝယ်ယူရခြင်းနှင့် လက်နက်ခဲယမ်းဝယ်ယူတင်သွင်းနေရခြင်းတို့ကြောင့် စစ်ကောင်စီကိုယ်တိုင် ဒေါ်လာလိုအပ်ချက် ကြီးမားနေခြင်းကိုလည်း လေ့လာတွေ့ရှိရသည်။
ထိုအခါ ဒေါ်လာလိုအပ်ချက် မြင့်တက်နေခြင်းကို ငွေကြေးဈေးကွက်ကို အမိန့်ပေးထိန်းချုပ်ခြင်းဖြင့် စီမံခန့်ခွဲနေရာမှ ဒေါ်လာလုယက်ခြင်းကို လုပ်ဆောင်လာခဲ့ပါသည်။
ယင်းမှာ ပို့ကုန်လုပ်ငန်းရှင်များ ခက်ခဲစွာကြိုးပမ်းရရှိခဲ့သော ပို့ကုန်ဒေါ်လာငွေများ၏ ၆၅ ရာခိုင်နှုန်းကို ဈေးကွက်ပေါက်ဈေးထက် များစွာနည်းပါးသော ငွေလဲနှုန်း သတ်မှတ်ပြီး အတင်းအဓမ္မသိမ်းယူခြင်း ဖြစ်သည်။ နောက်ပိုင်း ၅၀ နှင့် ၃၅ ရာခိုင်နှုန်းသို့ တစ်ဆင့်ချင်းလျှော့ချခဲ့သော်လည်း စစ်ကောင်စီသည် ပြည်သူများ၏ ဒေါ်လာငွေများကို တစ်စိတ်တစ်ပိုင်း ပြည်သူပိုင်သိမ်းခြင်း (Semi-Nationalization) သဘောဖြစ်သည်။
ထို့ကြောင့် ပို့ကုန်ရငွေ ဒေါ်လာများကို သတ်မှတ်ဈေးနှုန်းဖြင့် အတင်းအကျပ်လဲလှယ်ရမှုများကြောင့် ဒေါ်လာများ ပြည်တွင်းသို့ ပြန်လည်စီးဝင်မှု မရှိခြင်း သို့မဟုတ် နှေးကွေးခြင်းများ ဖြစ်ပေါ်နေပြီး၊ ပို့ကုန်လုပ်ငန်းရှင်များ အသုံးပြုသော ပုဂ္ဂလိကဘဏ်များကို ဗဟိုဘဏ်က ဖိအားပေးသော ညွှန်ကြားချက်များ ထုတ်ပြန်နေရသည်ကိုလည်း တွေ့ရှိရသည်။
ထိုမျှဖြင့် ဒေါ်လာလုယက်မှု အဆုံးမသတ်သွားပါ။ ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှစ၍ ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြည်တွင်းကို ဒေါ်လာလွှဲပြောင်းလျှင် တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ကျပ် ၃၀ ကို နိုင်ငံတော်က အပိုဆောင်းငွေအဖြစ် ထည့်သွင်းပေးမည်ဟု မက်လုံးပေးပြီး ဒေါ်လာစီးဝင်မှု များပြားစေရန် ကြိုးပမ်းခဲ့သေးသည်။
ရုတ်တရက်ကြည့်လျှင် ပြည်ပတွင် အလုပ်လုပ်ကိုင်နေသော နိုင်ငံသားများအပေါ် နိုင်ငံတော်ကပင် စေတနာထားပြီး အပိုဆောင်းငွေ ထောက်ပံ့နေသည်ဟု ထင်ရသော်လည်း ပြည်သူများ ‘မအ’ ကြပါ။ ထိုသို့ လွှဲပြောင်းမည့် ဒေါ်လာငွေကို ဈေးနှိမ်ဝယ်ယူပြီး ဒေါ်လာလုယက်နေခြင်းကြောင့် ထိုနည်းလမ်းကို ပြည်ပရောက်မြန်မာများ မသုံးကြောင်းကို ဟွန်ဒီငွေလွှဲလုပ်ငန်းများ ပိုမိုများပြားလာခြင်းက သက်သေဖြစ်သည်။
စစ်ကောင်စီသည် ပြည်ပရောက် သန်းနှင့်ချီသော မြန်မာနိုင်ငံသားများထံမှ ဒေါ်လာသန်းပေါင်းများစွာ ဝင်လာတော့မည်ဟု စိတ်ကူးဖြင့် မြှူဆွယ်ခဲ့သောနည်းလမ်း မအောင်မြင်သောအခါ နောက်တစ်ဆင့်တက်ပြီး PJ နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားများထံမှ အခွန်စတင်ကောက်ယူသည်၊ အခွန်မဆောင်လျှင် နိုင်ငံကူးလက်မှတ်သက်တမ်းမတိုးပေးဟု ဆိုကာ နိုင်ငံခြားငွေကို ဓားပြတိုက်လုယက်ပြန်ပါသည်။

စင်စစ် ပြည်ပနိုင်ငံများတွင် အလုပ်လုပ်နေသော နိုင်ငံသားများသည် သက်ဆိုင်ရာနိုင်ငံတွင်လည်း အခွန်ဆောင်နေရသဖြင့် အခွန်နှစ်ထပ် (Double Taxation) ပေးဆောင်ရခြင်း မဖြစ်စေရန် ၂၀၁၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲများ လုပ်ဆောင်ခဲ့ချိန်ကတည်းက နှစ်နိုင်ငံအစိုးရများအကြား နားလည်သဘောတူညီမှုများဖြင့် ကောက်ယူခြင်းမရှိခဲ့ပါ။ သို့သော် ဒေါ်လာလိုအပ်ချက်ကြီးမားနေသော စစ်ကောင်စီက ဒေါ်လာကို ရသည့် နည်းလမ်းပေါင်းစုံဖြင့် နိုင်ငံသားများထံမှ လုယက်ရန် စီစဉ်လာခြင်း ဖြစ်သည်။
အခွန်နှင့် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းကို ချိတ်ဆက်ခြိမ်းခြောက်ခြင်းဖြင့် ပြည်ပနေ နိုင်ငံသားများ နိုင်ငံမဲ့ဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံများတွင် အတိဒုက္ခရောက်သွားမည်ကို သိလျက်နှင့် စစ်ကောင်စီသည် ပြန်ပေးငွေညှစ်သကဲ့သို့ လုပ်ဆောင်လာပါသည်။
ထိုမျှနှင့် မပြီးသေးဘဲ ထပ်မံခြေတစ်လှမ်းတိုး ဒေါ်လာလုယက်မှုမှာ ပြည်ပသို့ အလုပ်ထွက်လုပ်ကြသော နိုင်ငံသားရွှေပြောင်းလုပ်သားများ ခက်ခဲပင်ပန်းစွာ ရှာဖွေရရှိထားသော လစာငွေ၏ ၂၅ ရာခိုင်နှုန်းကို ပြည်တွင်းသို့ မဖြစ်မနေပြန်လည်လွှဲပြောင်း ပေးပို့ရမည်၊ လွှဲပြောင်းခြင်းမရှိပါက ၎င်းတို့၏ နိုင်ငံကူးလက်မှတ်သက်တမ်း ကုန်ဆုံးချိန်တွင် အသစ်ထုတ်ပေးခြင်း မပြုတော့ဟု ခြိမ်းခြောက်ကာ အတင်းအဓမ္မ ဒေါ်လာလုယက်လာပြန်သည်။
ခြုံငုံသုံးသပ်ရလျှင် စစ်ကောင်စီသည် နိုင်ငံရေးနှင့် စစ်ရေးတွင် အကြမ်းဖက်သည့်နည်းလမ်းများ ကျင့်သုံးရုံမျှမက “စီးပွားရေးအကြမ်းဖက်ခြင်း” (Terrorizing the Economy) ကိုလည်း နောက်ဆုံးနည်းလမ်းအဖြစ် တိုး၍ ကျင့်သုံးလာသည်ကို လေ့လာတွေ့ရှိရသည်။
ယခုနောက်ဆုံး ဒေါ်လာနှင့် ရွှေဈေးနှုန်းများ မြင့်တက်လာမှုတွင် ငွေလဲလုပ်ငန်းရှင်များနှင့် ရွှေကုန်သည်များကို ဖမ်းဆီးခြင်း၊ ၎င်းတို့၏ ပိုင်ဆိုင်မှုများကို အတင်းအဓမ္မသိမ်းဆည်းခြင်း နည်းလမ်းတို့ကို သုံးကာ စီးပွားရေးအကြမ်းဖက် ရမ်းကားလာခြင်းဖြင့် စစ်ကောင်စီ၏ နောက်ဆုံးနေ့များ မဝေးတော့ပြီဟု သုံးသပ်တင်ပြလိုက်ရပါသည်။