လေ့လာသုံးသပ်ချက်

မြန်မာ့ပဋိပက္ခ လားရာ – နိုင်ငံပြိုကွဲနိုင်ခြင်းလော၊ စစ်တပ်ဖိနှိပ်မှုမှ လွတ်မြောက်ခြင်းလော

စစ်တပ် မပြိုကွဲနိုင်၊ တိုင်းရင်းသားအဖွဲ့များလည်း နေပြည်တော်ကို ထိုးစစ်ဆင်မည်မဟုတ်ဟု နိုင်ငံတကာက ကောက်ချက်ချကြစေရန် ICG အဖွဲ့က အစီရင်ခံစာ စနစ်တကျ ရေးထားသည်ကို တွေ့ရသည်။

ယခုတစ်လော မြန်မာ့ပဋိပက္ခ ‘လားရာ’ အပေါ် ခန့်မှန်းတွက်ချက်မှုများ ပါဝင်သည့် အစီရင်ခံစာများ ထုတ်ပြန်လာကြခြင်းနှင့် အရေးပါသော နိုင်ငံတကာလုံခြုံရေးညီလာခံတစ်ခု၌ စကားဝိုင်းဆွေးနွေးပွဲအဖြစ် ဆွေးနွေးလာကြခြင်းဖြင့် နိုင်ငံတကာအသိုက်အဝန်းအကြား စိတ်ဝင်တစားပြောဆိုမှုများ ပြန်လည်ကြားလာရပါသည်။

မြန်မာ့ပဋိပက္ခအပေါ် အစဉ်တစိုက်လေ့လာနေသော ဘယ်လ်ဂျီယံနိုင်ငံ ဘရက်ဆယ်လ်အခြေစိုက် နိုင်ငံတကာပဋိပက္ခလေ့လာရေးအဖွဲ့ International Crisis Group (ICG) က မေလ ၃၀ ရက်နေ့တွင် “Ethnic Autonomy and its Consequences in Post-coup Myanmar” ခေါင်းစဉ်ဖြင့် အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့သည်။

ထိုနေ့ တစ်နေ့တည်းတွင် ဘန်ကောက်မြို့အခြေစိုက် Special Advisory Council for Myanmar (SAC-M) က “Effective Control in Myanmar 2024 Update” ခေါင်းစဉ်ဖြင့် အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့သည်။ ထို့အတူ Lowy Institute က မေလလယ်တွင် Outrage is not a policy: Coming to terms with Myanmar’s fragmented state ခေါင်းစဉ်ဖြင့် အစီရင်ခံစာတစ်စောင် ထုတ်ပြန်ထားပါသေးသည်။

မေလ ၃၁ ရက်နေ့တွင် စင်ကာပူနိုင်ငံတွင် နှစ်စဉ်ကျင်းပလေ့ရှိသော Shangri-La Dialogue 2024 နိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံကို ၃ ရက်ကြာ ကျင်းပမည့် ဖွင့်ပွဲနေ့တွင် မြန်မာ့အရေးနှင့်ပတ်သက်ပြီး “Myanmar: Opportunity for Diplomacy and Different Visions for Peace” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတစ်ခု ထည့်သွင်း ကျင်းပခဲ့သည်။

ထိုဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးကြသူများမှာ ဗြိတိန်အစိုးရ၏ အင်ဒို-ပစိဖိတ် နိုင်ငံခြားရေး၊ ဓနသဟာယနိုင်ငံများနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဝန်ကြီး Anne-Marie Trevelyan, မလေးရှားအစိုးရ နိုင်ငံတော်လုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ် Dato’ Raja Nushirwan bin Zainal Abidin, ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Igor Driesmans နှင့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ရုံး၏ အကြီးအကဲ ဝါရင့်သံတမန်ဟောင်း Ngurah Swajaya တို့ ဖြစ်ကြသည်။

ထူးခြားချက်မှာ အစီရင်ခံစာထုတ်ပြန်သော အဖွဲ့အစည်းများသည် နိုင်ငံတကာပညာရှင်များဖြင့် စုဖွဲ့ထားသည့် မြန်မာ့အရေး လေ့လာသောအဖွဲ့များဖြစ်ကြပြီး၊ Shangri-La Dialogue ဆွေးနွေးပွဲတွင် မြန်မာ့အရေး ပါဝင်ဆွေးနွေးကြသူများအားလုံးသည်လည်း မြန်မာ့ပဋိပက္ခကို ကြိုးပမ်းဖြေရှင်းနေကြသော နိုင်ငံတကာသံတမန်များဖြစ်ကာ နိုင်ငံတကာရှုထောင့်မှ ကြည့်မြင်သုံးသပ် ပြောဆိုနေကြခြင်း ဖြစ်သည်။

ထို့ကြောင့် နိုင်ငံတကာအသိုက်အဝန်း၏ မြန်မာ့ပဋိပက္ခ “လားရာ” ကို ချဉ်းကပ်ကြည့်မြင်ပုံအမျိုးမျိုးက လွန်ခဲ့သော ၃ နှစ်ကျော်လုံးလုံး စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ထောင်ရေးအတွက် မြန်မာပြည်သူများ၏ လက်နက်ကိုင်တော်လှန်ရေးဖြင့် မရပ်မနား ရုန်းကန်ကြိုးပမ်း မျှော်မှန်းချက်များနှင့် မည်သို့ကွာခြား၊ ကွာဟနေသည်ကို လေ့လာတင်ပြထားပါသည်။

ICG ၏ နိုင်ငံအစိတ်စိတ်အပိုင်းပိုင်း ကွဲပြားနိုင်ခြေ ဟောကိန်း

ပထမဦးဆုံး ICG အစီရင်ခံစာကို လေ့လာသည့်အခါ “၁၀၂၇ စစ်ဆင်ရေး” နောက်ပိုင်း မြန်မာ့ပဋိပက္ခသည် နိုင်ငံတကာလေ့လာသူများ ထင်မှတ်မထားခဲ့သော မြန်မာစစ်တပ်၏ အင်အားချည့်နဲ့မှုနှင့် ရှုံးနိမ့်မှုကို မြင်တွေ့လိုက်ရသလို၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ စစ်ရေးစွမ်းရည်၊ နယ်မြေများစွာ သိမ်းပိုက်နိုင်မှုနှင့် သိမ်းပိုက်နယ်မြေများတွင် ကိုယ်ပိုင်အုပ်ချုပ်ရေးယန္တရားများ တည်ထောင်လာကြသည့် ဖြစ်စဉ်အပေါ် အခြေခံပြီး၊ ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို လေ့လာသုံးသပ်ထားခြင်း ဖြစ်သည်။

ထို့ကြောင့် ICG သည် ပဋိပက္ခရလဒ်ကို အခြေပြုပြီး ပဋိပက္ခ၏ “လားရာ” ကို တွက်ချက်ခန့်မှန်းခြင်း ဖြစ်သည်။ ထို့ပြင် မြန်မာ့ပဋိပက္ခကို နိုင်ငံတကာစနစ်က လက်ခံထားသော အချုပ်အခြာအာဏာပိုင်နိုင်ငံ (Sovereign State) တစ်ခု၏ ဖြစ်တည်မှုရှုထောင့်မှ ချဉ်းကပ်လေ့လာခဲ့ခြင်း ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံအချုပ်အခြာအာဏာ စုစည်းဖြစ်တည်မှုသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မတိုင်မီ အခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်မည် မဟုတ်ဘဲ၊ နိုင်ငံအတွင်း ကိုယ်ပိုင်အုပ်ချုပ်သော အာဏာပိုင်နယ်မြေအစိတ်အပိုင်းများ (Fragmentation) ကွဲပြားသွားနိုင်သည်ဟု သုံးသပ်ထားသည်။

ICG က ထိုသို့ကောက်ချက်ဆွဲ သုံးသပ်ရာတွင် တော်လှန်ရေးအင်အားစုများအကြား ရရှိထားသော ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (FDC) သည် အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ နိုင်ငံရေးရည်မှန်းချက်နှင့် ကိုက်ညီမှု ရှိမနေကြောင်း အာရက္ခတပ်တော် (AA) ၏ ဖက်ဒရယ်စနစ်ထက် “ကွန်ဖက်ဒရိတ်” အဆင့်အတန်းကို ပို၍ ရည်မှန်းထားသည့် နမူနာကို နမူနာအဖြစ် ဆွဲထုတ်ပြထားသည်။

အလားတူ တရုတ်နယ်စပ်တွင် အခြေစိုက်သော “ဝ” (UWSA) ၊ ကိုးကန့် (MNDAA) နှင့် တအာင်း (TNLA) တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များသည် ဖက်ဒရယ်စနစ်အရ ပေါ်ပေါက်လာမည့် ဗဟိုအစိုးရနှင့် အာဏာခွဲဝေကျင့်သုံးခြင်းထက်၊ ကိုယ့်နယ်မြေကို သီးခြားလွတ်လပ်သော အာဏာပိုင်နယ်မြေများအဖြစ် ထူထောင်ခြင်းကို ပို၍အားသန်ကြကြောင်း သုံးသပ်ပြခြင်းဖြင့် FDC ၏ လားရာကို ICG အစီရင်ခံစာက မှေးမှိန်စေခဲ့သည်။

သို့သော် ယခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ (EROs) ဖြစ်ကြသော K2C (ကရင်၊ ကရင်နီနှင့် ချင်း) နှင့် နောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပါဝင်သဘောတူခဲ့သော “ဘုံသဘောထား ရပ်တည်ချက်” နှင့် စစ်အာဏာသိမ်းချိန်မှစ၍ NUG နှင့် K3C အကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုနှင့် နိုင်ငံရေးအရ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ထောင်ရေး နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှု အခြေအနေနှင့် လားရာကို ICG အစီရင်ခံစာက အလေးထားသုံးသပ်ခဲ့ခြင်း မရှိခဲ့ပါ။

မြန်မာစစ်တပ်၏ အခြေအနေအပေါ် ICG အစီရင်ခံစာက သုံးသပ်ရာတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်အတွင်း လူကြိုက်နည်းလာနေပြီး၊ ခေါင်းဆောင်မှု အစားထိုးနိုင်မည့်နည်းလမ်း စစ်တပ်အတွင်း ရှိမနေခြင်းက အခက်အခဲဖြစ်နေကြောင်း၊ ခေါင်းဆောင်မှုအပြောင်းအလဲ တစ်နည်းနည်းဖြင့် ဖြစ်နိုင်သော်လည်း၊ စစ်တပ်သည် အလွယ်တကူ ပြိုလဲနိုင်ခြေ မရှိသေးပါဟု သုံးသပ်ထားသည်။

မြေပြင်ပကတိအခြေအနေအရ နိုင်ငံ၏ အချက်အချာကျသော အုပ်ချုပ်ရေးမြို့တော် နေပြည်တော်၊ အဓိကစီးပွားရေးမြို့တော်များဖြစ်ပြီး နိုင်ငံတကာသံရုံးများ၊ ကောင်စစ်ဝန်ရုံးများ အခြေစိုက်ရာ ရန်ကုန်နှင့် မန္တလေးမြို့များ၊ အဓိကကျသော နိုင်ငံတကာဆက်သွယ်ရေး လေဆိပ်များနှင့် ဆိပ်ကမ်းများ၊ ဒေသန္တရမြို့တော်များကို စစ်တပ်က ထိန်းချုပ်ထားဆဲဖြစ်ပြီး၊ နိုင်ငံ၏အရင်းအမြစ်များကို သုံးစွဲနိုင်ဆဲဖြစ်၍ စစ်တပ်သည် အလွယ်တကူ ပြိုလဲနိုင်မည်မဟုတ်ဟု ICG က တွက်ချက်ခြင်း ဖြစ်နိုင်ပါသည်။

စစ်တပ်သည် ဆုံးရှုံးသွားသော နယ်မြေများ ပြန်လည်ရရှိရန် တန်ပြန်ထိုးစစ်ဆင်နွှဲနိုင်သည့် စွမ်းအားမရှိတော့ခြင်းနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် ၎င်းတို့သိမ်းပိုက်ရရှိလိုက်သော နယ်မြေများတွင် စစ်ရေးခြေကုပ် အခိုင်အမာတည်ဆောက်ရေးနှင့် ဒေသန္တရအုပ်ချုပ်ရေးလုပ်ငန်းကို ဦးစားပေးလုပ်ဆောင်နေခြင်း၊ စစ်တပ်၏ အာဏာဗဟိုချက် နေပြည်တော်အထိ ထိုးစစ်ဆင်ရန် ရည်ရွယ်ချက်မရှိကြခြင်းကို ထောက်ပြထားသည်။ ထို့ကြောင့် နိုင်ငံတွင် ကိုယ်ပိုင်အုပ်ချုပ်ရေးနယ်မြေအမျိုးမျိုးပေါ်ပေါက်ပြီး အစိတ်စိတ်အပိုင်းပိုင်း ကွဲပြားသွားနိုင်သည်ဟု ICG က ခန့်မှန်းတွက်ဆထားခြင်း ဖြစ်သည်။

ထို့ကြောင့် နိုင်ငံတကာအသိုက်အဝန်းနှင့် အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများသည် ၎င်းတို့နှင့် နယ်နိမိတ်ထိစပ်နေသော မြန်မာနယ်စပ်ဒေသများကို ထိန်းချုပ်စိုးမိုးထားပြီး၊ ဒေသန္တရအုပ်ချုပ်ရေး အသီးသီးထူထောင်လာကြသော ပကတိအရှိတရားကို လက်ခံရန် လိုအပ်ပြီး၊ ထိုနယ်မြေဒေသများရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပျော့ပျောင်းသော ထိတွေ့ဆက်ဆံရေးမူဝါဒကို ကျင့်သုံးသင့်သည်ဟု အစီရင်ခံစာက တိုက်တွန်းထားသည်။

ထို့အတူ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အလှူရှင်နိုင်ငံများအနေဖြင့် နိုင်ငံတော်ဗဟိုပြုဆက်ဆံရေး (State centric relation) မှ ခွဲထွက်ပြီး၊ နယ်စပ်ဒေသများကို ထိန်းချုပ်ထားသော တိုင်းရင်းသားအဖွဲ့များနှင့် ထိတွေ့ဆက်ဆံပါမှ ဒုက္ခရောက်နေသော မြန်မာပြည်သူများအား ထိရောက်သော အကူအညီများပေးအပ်နိုင်မည်ဟု အကြံပြုထားပါသည်။

မေလအတွင်းက မြို့ပေါ်တွင် စစ်ရေးပြနေသည့် TNLA တပ်ဖွဲ့များ။

ICG အစီရင်ခံစာ၏ ဇာတ်ကြောင်းတည်ဆောက်ပုံ  

ICG အစီရင်ခံစာ၏ မြန်မာ့ပဋိပက္ခလားရာ ဇာတ်ကြောင်း (Narrative) တည်ဆောက်ရာတွင် အဓိကအချက် ၄ ချက်ကို လေ့လာတွေ့ရှိရသည်။ ယင်းတို့မှာ (၁) စစ်တပ်သည် စစ်ရှုံးနေပြီး၊ ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည်ရရှိရန် စွမ်းဆောင်နိုင်တော့မည်မဟုတ်ခြင်း၊ (၂) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် ၎င်းတို့ သိမ်းပိုက်ရရှိထားသော နယ်မြေများကို အခိုင်အမာထိန်းချုပ်နိုင်သော စစ်ရေးအင်အားရှိနေခြင်း၊ (၃) NUG ၏ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေး ရည်မှန်းချက်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့က (အထူးသဖြင့် တရုတ်နယ်စပ်မှ အဖွဲ့များက) လက်မခံကြခြင်း၊ ထို့ကြောင့် (၄) နိုင်ငံ၏ အချုပ်အခြာနယ်မြေအတွင်း နိုင်ငံငယ်လေးများ (Statelets) အဖြစ် အစိတ်စိတ်အပိုင်းပိုင်း သီးခြားပေါ်ထွက်လာမည့် ‘လားရာ’ ကို ဦးတည်နေသည်ဟူ၍ ဖြစ်သည်။

ထို့ကြောင့် ICG သုံးသပ်ထားသကဲ့သို့ မြန်မာ့ပဋိပက္ခ လက်ရှိပကတိအခြေအနေကို ဆန်းစစ်ကြည့်ရန် လိုအပ်ပါသည်။ ဦးစွာ စစ်အာဏာသိမ်းချိန်ကတည်းက ၃ နှစ်ကျော်လုံးလုံး NUG ၏ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) ကို စနစ်တကျလေ့ကျင့်ဖွဲ့စည်းကာ၊ စစ်တပ်ကို တော်လှန်ခဲ့သော K3C သည် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံရေးရည်မှန်းချက်အပေါ် NUG နှင့်အတူ ရပ်တည်လျက်ရှိသည်မှာ သံသယရှိစရာမလိုပါ။

ထို့ကြောင့် K3C သည် ICG သုံးသပ်သကဲ့သို့ ကိုယ်ပိုင်နိုင်ငံငယ်လေးများ ထူထောင်ရန် ရည်မှန်းဦးတည်နေခြင်း မရှိပါ။ သို့သော် ဖက်ဒရယ်ဒီမိုကရေစီစနစ်သစ်အရ နိုင်ငံတော်အာဏာဆင်းသက်ပုံသည် ပြည်နယ်များ၊ ဖက်ဒရယ်ယူနစ်များတွင် အခြေခံသည့် နိုင်ငံရေးစနစ်သစ်ကို တည်ဆောက်ရန်၊ ပြည်နယ်များသည် ကိုယ်ပိုင်ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်း၍ ဒီမိုကရေစီစံနှုန်းများအပေါ် အခြေခံသော ဖက်ဒရယ်အုပ်ချုပ်ရေး အပြည့်အဝထူထောင်ရန် မျှော်မှန်းထားကြသည်။

အသစ်ပေါ်ထွန်းလာမည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်တွင် နိုင်ငံတော်ဖွဲ့စည်းမှုသည် ၁၉၄၈ ခုနှစ် ဗြိတိသျှ ကိုလိုနီလက်အောက်မှ လွတ်လပ်ရေးရချိန်ကစ၍ ယနေ့အချိန်ထိ ရှိနေခဲ့သော၊ အာဏာကို ဗဟိုတွင် စုစည်းထားသော တစ်ပြည်ထောင်စနစ် (Unilateral State) နှင့် ကွဲပြားခြားနားမည်မှာ အမှန်ဧကန်ဖြစ်သည်။

ထိုသို့ဖြစ်လာခြင်းကိုပင် ICG က Fragmentation ဟု သတ်မှတ်ခေါ်ဝေါ်ပြီး ဇာတ်ကြောင်းခင်းကျင်းလာခြင်းက နောက်ကွယ်တွင် နိုင်ငံတကာအသိုက်အဝန်း၏ မြန်မာ့အရေးရှုမြင်ပုံကို လွှမ်းမိုးချင်သည့် ရည်ရွယ်ချက်တစ်ခု ရှိနေနိုင်ပါသည်။

ယင်းမှာ စစ်တပ်သည် အလွယ်တကူ ပြိုကွဲမည်မဟုတ်၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များကလည်း အာဏာဗဟိုချက်ဖြစ်သော နေပြည်တော်အထိ စစ်ဆင်နွှဲရန် ရည်ရွယ်ချက်မရှိ၊ သို့ဖြစ်၍ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောင်နိုင်မည် မဟုတ်ဘဲ၊ နိုင်ငံသည် အစိတ်စိတ်အပိုင်းပိုင်းဖြစ်မည့်အခြေအနေသို့ ဦးတည်နေကြောင်း နိုင်ငံတကာအသိုက်အဝန်းက ကောက်ချက်ဆွဲနိုင်ရန် ICG အစီရင်ခံစာက စနစ်တကျ ဆင်ခြေတည်ဆောက် ပံ့ပိုးထားခြင်းကို တွေ့ရှိရသည်။

ICG ၏ ဇာတ်ကြောင်းအတိုင်း နိုင်ငံတကာအသိုက်အဝန်း ကောက်ချက်ဆွဲမည်ဆိုလျှင် “စစ်တပ်သည် နိုင်ငံမပြိုကွဲရန် စုစည်းထားနိုင်သော တစ်ခုတည်းသော အဖွဲ့အစည်း” ဆိုသည့် စစ်ခေါင်းဆောင်များ အစဉ်တစိုက် ဝါဒဖြန့်ခဲ့သော အတွေးအခေါ်ဘောင်ထဲ ပြန်လည်သွတ်သွင်းခံရနိုင်ပါသည်။

ထိုအခါ ပြည်တွင်းစစ်သက်တမ်း အရှည်ကြာဆုံး မြန်မာ့သမိုင်းကို သိထားကြသော အိမ်နီးချင်းနိုင်ငံများနှင့် မြန်မာ့ပဋိပက္ခကို ဖြေရှင်းရန် အဓိကတာဝန်ယူထားသော အာဆီယံအဖွဲ့ကြီးအတွင်း စစ်ရှုံးနေသော စစ်တပ် ပြိုလဲသွားပါက မြန်မာနိုင်ငံသည် ပို၍ အစိတ်စိတ်အမြွှာမြွှာကွဲပြားသွားနိုင်သည်ဟူသော စိုးရိမ်စိတ်ကို စနစ်တကျ တည်ဆောက်ပေးရာ ရောက်ပါသည်။

ICG မှသည် Shangri-La Dialogue သို့

ICG အစီရင်ခံစာက မြန်မာ့ပဋိပက္ခလားရာကို “Fragmentation” ဖြစ်တော့မည်ဟု သုံးနှုန်းပြီး ၂၄ နာရီမပြည့်မီ၊ ထိုအစီရင်ခံစာ၏ သက်ရောက်မှုကို ချက်ချင်းတွေ့ရှိလာရသည်။

မေလ ၃၁ ရက်နေ့တွင် စတင်ကျင်းပသော Shangri-La Dialogue ၏ မြန်မာ့အရေးဆွေးနွေးပွဲကို တက်ရောက် ဆွေးနွေးခဲ့သော ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Igor Driesmans က ICG သုံးစွဲခဲ့သော “Fragmentation” အသုံးအနှုန်းကို တစ်ကြိမ်မက သုံးစွဲလျက် မြန်မာနိုင်ငံ အစိတ်စိတ်အပိုင်းပိုင်း ကွဲပြားသွားမည့်အရေး ဥရောပသမဂ္ဂအနေဖြင့် လက်မခံနိုင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့အတူ Shangri-La Dialogue ၏ Crisis Management Amid Rising Competition ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးသော အရှေ့တီမောနိုင်ငံသမ္မတ Dr. Jose Ramos-Horta ကလည်း “မြန်မာ့သမိုင်းတွင် ပထမဆုံးအကြိမ် စစ်တပ်ဟာ စစ်ရှုံးနေပါပြီ။ သူတို့ မနိုင်တော့ပါဘူး။ ပြဿနာက NLD ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ NUG က အာဏာလွှဲပြောင်းရယူနိုင်စွမ်း ရှိမရှိဆိုတာ မေးခွန်းထုတ်စရာပါပဲ။ ဒါကြောင့် နိုင်ငံတကာမှ မြန်မာ့အရေး အဖြေရှာရန် ပိုမိုကြိုးပမ်းအားထုတ်ဖို့ လိုအပ်ပြီး၊ ဒီလိုမှမဟုတ်ရင် ထိန်းမနိုင်သိမ်းမရအခြေအနေကို ဦးတည်သွားလိမ့်မယ်” ဟု သတိပေး ပြောဆိုခဲ့သည်။

Crisis Management Amid Rising Competition ဆွေးနွေးပွဲမှ အရှေ့တီမောသမ္မတ။ ဓာတ်ပုံ-IISS

“စစ်တပ်ဟာ အလွန့်အလွန် အားနည်းနေပြီး၊ တပ်တွင်းပြိုကွဲမှုဆီ ဦးတည်နေပါတယ်။ ဒီအချိန်ဟာ သူတို့အတွက် တွေ့ဆုံဆွေးနွေးဖို့ အချိန်ပါပဲ။ ဒါကြောင့် ပဋိပက္ခအဖြေရှာနိုင်ဖို့ သက်ဆိုင်သူအားလုံးပါဝင်တဲ့ ဆွေးနွေးမှုတွေကို ကြိုတင်စည်းကမ်းချက်မထားဘဲ လုပ်သင့်ပါတယ်။ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကတော့ အကောင်းဆုံးရည်ညွှန်းချက်ပဲ ဖြစ်ပါတယ်” ဟု မြန်မာ့ပဋိပက္ခဖြေရှင်းရေး Dr. Jose Ramos-Horta က တိုက်တွန်းသွားသည်။

Shangri-La Dialogue တွင် မြန်မာ့ပဋိပက္ခဖြေရှင်းရေး ဆွေးနွေးချက်များကို ခြုံငုံလေ့လာကြည့်လျှင် နိုင်ငံတကာအသိုက်အဝန်းသည် စစ်တပ်အာဏာသိမ်းမှုကို မထောက်ခံသော်လည်း၊ စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေး လက်နက်ကိုင်တော်လှန်ရေးကြောင့် စစ်တပ်ပြိုလဲသွားပြီး တိုင်းပြည် အစိတ်စိတ်အပိုင်းပိုင်းဖြစ်သွားနိုင်သည့် ဇာတ်ကြောင်း (Narrative) က တဖြည်းဖြည်း နေရာယူလာနေသည်ကို လေ့လာတွေ့ရှိရသည်။

မြန်မာ့ပဋိပက္ခကို ဖြေရှင်းရန် နိုင်ငံတကာအသိုက်အဝန်းကြား ဘုံသံတမန်ရေး ကြိုးပမ်းမှု မရှိခြင်း

Shangri-La Dialogue ကို ကြီးမှူးကျင်းပသော နိုင်ငံတကာမဟာဗျူဟာလေ့လာရေးအင်စတီကျု (IISS) က ၂၀၂၄ ခုနှစ်၏ အာရှ-ပစိဖိတ်ဒေသ လုံခြုံရေးဆိုင်ရာ အကဲဖြတ်လေ့လာချက် အစီရင်ခံစာ ထုတ်ပြန်ရာတွင် မြန်မာ့ပဋိပက္ခအခြေအနေကို Disparate Diplomacy: Managing the Post-coup Myanmar Conflict ခေါင်းစဉ်ဖြင့် အခန်း (၄) တွင် ထည့်သွင်းဖော်ပြထားသည်။

လူဦးရေ ၅၅ သန်းခန့်ရှိသော မြန်မာနိုင်ငံသည် တရုတ်၊ အိန္ဒိယ၊ အိန္ဒိယသမုဒ္ဒရာတို့နှင့် ထိစပ်နေသော ပထဝီ မဟာဗျူဟာကျသော နေရာတွင် တည်ရှိခြင်းကြောင့် မြန်မာ့ပဋိပက္ခက အင်အားကြီးနိုင်ငံများ၏ အာရုံစိုက်မှုကို သဘာဝကျစွာ ဆွဲဆောင်လျက်ရှိသည်ဟု IISS အစီရင်ခံစာက သုံးသပ်ထားသည်။

သို့ရာတွင် မြန်မာ့ပဋိပက္ခကို ဖြေရှင်းရာ၌ နိုင်ငံတကာအသိုက်အဝန်း၏ သံတမန်ရေးကြိုးပမ်းချက်များသည် နည်းလမ်းအမျိုးမျိုးဖြစ်နေပြီး၊ အဓိကအားဖြင့် အမေရိကန်၊ တရုတ်၊ အာဆီယံနှင့် ထိုင်းနိုင်ငံတို့၏ ကြိုးပမ်းမှု နည်းလမ်း (၄) မျိုးကို ဖော်ထုတ်တင်ပြထားသည်။

အမေရိကန်သည် အာဏာသိမ်းစစ်ခေါင်းဆောင်များကို အရေးယူပိတ်ဆို့ထားသည်၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာမျက်နှာစာတွင် အသိအမှတ်ပြုမခံရစေရန်လည်း ကြိုးပမ်းနေသည်၊ မြန်မာပြည်သူများ ရွေးကောက်တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော အမျိုးသားညီညွတ်ရေးအစိုးရကို အားပေးထောက်ခံသော်လည်း ရှုပ်ထွေးလှသော မြန်မာ့လက်နက်ကိုင်ပဋိပက္ခတွင် ကြားဝင်ခြင်းမပြုဘဲ ရှောင်ရှားလျက်ရှိသည်။

တရုတ်နိုင်ငံသည် မြန်မာစစ်ခေါင်းဆောင်များနှင့် တရုတ်နယ်စပ်အခြေပြု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပေါ် ဩဇာအရှိဆုံး ဒေသတွင်း အင်အားကြီးနိုင်ငံဖြစ်သော်လည်း၊ မြန်မာ့ပဋိပက္ခကို ကြားဝင်ကူညီဖြေရှင်းရန်ထက် မြန်မာနိုင်ငံက ၎င်းတို့အကျိုးစီးပွားများကာကွယ်ရေးကို အဓိကထားလုပ်ဆောင်လျက်ရှိသည်။

စစ်အာဏာသိမ်းပြီးနောက် စစ်တပ်က ငြိမ်းချမ်းစွာဆန္ဒပြကြသော ပြည်သူများကို အကြမ်းဖက်နှိမ်နင်းမှုများက နိုင်ငံတကာ၏ အမြင့်ဆုံးဆန့်ကျင်မှုကို ဖြစ်ပေါ်လာစေသဖြင့်၊ အဖွဲ့ဝင်မြန်မာနိုင်ငံအရေး ဖြေရှင်းရန် အာဆီယံအဖွဲ့ကြီးသည် ဘုံသဘောတူညီချက် ၅ ရပ်ကို ထုတ်ပြန်ခဲ့ချိန်မှစ၍ မြန်မာ့ပဋိပက္ခကို ကုလသမဂ္ဂအပါအဝင် တစ်ကမ္ဘာလုံးက အာဆီယံ၏တာဝန်အဖြစ် သတ်မှတ်လိုက်ကြပြီး ရှောင်လွှဲခဲ့ကြသည်။

စစ်ခေါင်းဆောင်များက ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရန် ငြင်းဆန်သောအခါ အာဆီယံသည် အဖွဲ့၏သမိုင်းတွင် မရှိဖူးသော အာဆီယံထိပ်သီးအစည်းအဝေးနှင့် နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးများသို့ မြန်မာစစ်ခေါင်းဆောင်များ တက်ရောက်ခွင့်ပိတ်ပင်သည့် အရေးယူမှုကို ပြုလုပ်ခဲ့သည်။

အာဆီယံနိုင်ငံများထဲ မြန်မာနှင့် နယ်နိမိတ်ရှည်လျားစွာ ထိစပ်နေသော ထိုင်းနိုင်ငံက ရွေးကောက်ခံအစိုးရသစ်တက်လာသည့်အခါ မြန်မာ့အရေး ထိုင်းက ဦးဆောင်ဖြေရှင်းသင့်သည်ဟု ကြွေးကြော်လျက် စစ်ခေါင်းဆောင်များကို အသိအမှတ်ပြုဆက်ဆံပြီး မြန်မာ့ပဋိပက္ခအတွင်း ဒုက္ခရောက်နေသော ပြည်သူများအတွက် နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှုအကူအညီပေးရေးလမ်းကြောင်းသစ်ကို ဖော်လာပါသည်။

ဤသို့ဖြင့် ၂၀၂၄ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှ မြဝတီမြို့သို့ နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမူအကူအညီကို ထိုင်းအစိုးရက ပထမဆုံးအကြိမ် ပေးပို့ခဲ့ပြီး၊ ထိုမှတစ်ဆင့် စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တွေ့ဆုံ ဆွေးနွေးရေးဖြစ်လာရန် မျှော်လင့်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုခဲ့သည်။

သို့သော် ရက်ပိုင်းအတွင်း ဧပြီလထဲတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် NUG-PDF ပူးပေါင်းတပ်များက သင်္ယန်းညီနောင် အခြေချစစ်ဗျူဟာစခန်းနှင့် မြဝတီမြို့၏ နောက်ဆုံး မြို့စောင့်တပ် ခလရ ၂၇၅ ကို သိမ်းပိုက်လိုက်ရာ ၎င်းတို့အသိအမှတ်ပြုဆက်ဆံနေသော အာဏာသိမ်းစစ်တပ်သည် မြဝတီမြို့ကို လက်လွှတ်လိုက်ရသည့်အခါ ထိုင်းအစိုးရ တုန်လှုပ်သွားခဲ့သည်။

ထိုင်းနိုင်ငံ၏ မြန်မာ့ပဋိပက္ခ ကြားဝင်ဖြေရှင်းရေး လမ်းကြောင်းသစ် ဖော်ဆောင်မှုသည် ထိုင်းပြည်တွင်း နိုင်ငံရေးဂယက်ကြောင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-nukara နှင့် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow တို့ ရုတ်တရက် နုတ်ထွက်သွားကြရာ လမ်းပျောက်သွားခဲ့ပြန်သည်။

ထို့ကြောင့် မြန်မာ့အရေး နိုင်ငံတကာ၏ သံတမန်ရေးကြိုးပမ်းမှုနည်းလမ်းအားလုံးက မထိရောက်ကြောင်း IISS ၏ အစီရင်ခံစာနှင့် Shangri-La Dialogue ဆွေးနွေးပွဲများက ထောက်ပြကြပြီး၊ မြန်မာ့ပဋိပက္ခကို ဖြေရှင်းရာတွင် ထိရောက်သော နိုင်ငံတကာသံတမန်ရေးနည်းလမ်းဖြင့် နိုင်ငံအားလုံးက တူညီစွာချဉ်းကပ်ဆောင်ရွက်သင့်သော လိုအပ်ချက်ကို ထောက်ပြကြသည်။

SAC-M အစီရင်ခံစာ၏ ထိန်းချုပ်နယ်မြေအမျိုးမျိုး ပဋိပက္ခမြေပုံများ၏ လားရာ

ထိုအခြေအနေတွင် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က စစ်ကောင်စီသည် ယခုအခါ နိုင်ငံ၏နယ်မြေ ၁၄ ရာခိုင်နှုန်းကိုသာ အပြည့်အဝ ထိန်းချုပ်စိုးမိုးနိုင်စွမ်းရှိပြီး၊ တော်လှန်ရေးအင်အားစုများက အပြည့်အဝ သို့မဟုတ် ၉၀% ထိန်းချုပ်စိုးမိုးထားနိုင်သောနယ်မြေမှာ နိုင်ငံ၏ ၃၄ ရာခိုင်နှုန်းရှိပြီး၊ ကျန်နယ်မြေများမှာ စစ်ကောင်စီ ထိန်းချုပ်စိုးမိုးမှု အခိုင်အမာမရှိသော နယ်မြေများဖြစ်သည်ဟု ဖော်ပြထားသည်။

ထို့ကြောင့် စစ်ကောင်စီသည် မူလကတည်းက မြန်မာနိုင်ငံ၏ တရားဝင်အစိုးရ (De Jure Government) မဟုတ်ဘဲ၊ အစိုးရတစ်ရပ်အဖြစ် အသိအမှတ်ပြုရန် နိုင်ငံတကာက လက်ခံထားသော နယ်မြေထိန်းချုပ်ထားနိုင်မှု စံနှုန်းများအရ တရားမဝင်အစိုးရ (De Facto Government) ဟု သတ်မှတ်ရန်ပင် မဖြစ်နိုင်ပါဟု သုံးသပ် ဖော်ပြလာပါသည်။

SAC-M သည် မြန်မာပြည်သူများ၏ စစ်အာဏာရှင်စနစ် ဖယ်ရှားရေး လက်နက်ကိုင်တော်လှန်ရေး ကြိုးပမ်းမှုများကို အထူးပြုစောင့်ကြည့်လေ့လာပြီး၊ ၂၀၂၂ ခုနှစ်မှစ၍ တော်လှန်ရေးအင်အားစုများ၏ နယ်မြေစိုးမိုးထိန်းချုပ်နိုင်မှု အခြေအနေကို မြေပုံများနှင့်တကွ အစီရင်ခံစာများ ထုတ်ပြန်ခဲ့ရာ ယခုနောက်ဆုံး မေလ ၃၀ ရက်နေ့ ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် နယ်မြေထိန်းချုပ်စိုးမိုးမှု (၈) မျိုးကို မြေပုံနှင့်တကွ ခွဲခြားဖော်ပြထားသည်။

ယင်းတို့မှာ (၁) စစ်ကောင်စီက အပြည့်အဝထိန်းချုပ်ထားသောနယ်မြေ၊ (၂) စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များမှတစ်ဆင့် ထိန်းချုပ်ထားသောနယ်မြေ၊ (၃) စစ်တပ်နှင့် လက်အောက်ခံတပ်ဖွဲ့များ ပုံမှန်တိုက်ခိုက်ခံနေရပြီး၊ စစ်တပ်၏အုပ်ချုပ်ရေးအားနည်းသောနယ်မြေ၊ (၄) တော်လှန်ရေးအင်အားစုများက နယ်မြေပိုမိုထိန်းချုပ်လာနိုင်သော်လည်း အပြည့်အဝထိန်းချုပ်နိုင်ခြင်းမရှိသောနယ်မြေ၊ (၅) စစ်တပ်နှင့် အပစ်ရပ်စာချုပ်ချုပ်ထားပြီး စစ်တပ်လှုပ်ရှားမှု အကန့်အသတ်သာရှိသောနယ်မြေ၊ (၆) စစ်တပ်ထိန်းချုပ်မှု လျော့နည်းလာပြီး တော်လှန်ရေးအင်အားစုများက နယ်မြေထိန်းချုပ်မှုနှင့် ဒေသန္တရအုပ်ချုပ်ရေး ထူထောင်လာသောနယ်မြေ၊ (၇) တော်လှန်ရေးအင်အားစုများ အင်အားကောင်းစွာ (နယ်မြေ၏ ၉၀%) ထိန်းချုပ်ထားပြီး ဒေသန္တရအုပ်ချုပ်ရေးထူထောင်ထားသောနယ်မြေနှင့် (၈) တော်လှန်ရေးအင်အားစုများ အပြည့်အဝထိန်းချုပ်ထားသောနယ်မြေတို့ ဖြစ်သည်။

SAC-M ၏ မြန်မာနိုင်ငံအခြေအနေများပြမြေပုံ။ ဓာတ်ပုံ-SAC-M

SAC-M ၏ အစီရင်ခံစာတွင် စိတ်ဝင်စားစရာကောင်းသည့် အချက်မှာ အိမ်နီးချင်းနိုင်ငံများနှင့် ထိစပ်နေသော မြို့နယ်ပေါင်း ၅၁ မြို့နယ်ရှိရာတွင် တရုတ်နိုင်ငံနယ်စပ်တစ်လျှောက် ၁၈ မြို့နယ်တွင် တော်လှန်ရေးအင်အားစုများ အပြည့်အဝထိန်းချုပ်သော မြို့နယ် ၁၁ မြို့နယ်အထိ ရှိလာပြီး၊ စစ်ကောင်စီ အပြည့်အဝထိန်းချုပ်နိုင်သောမြို့နယ် တစ်မြို့နယ်မျှမရှိတော့ခြင်း၊ အလားတူ ထိုင်းနိုင်ငံနယ်စပ်တစ်လျှောက် ၁၇ မြို့နယ်တွင် ၈ မြို့နယ်၏ ၉၀%၊ အိန္ဒိယနယ်စပ်တစ်လျှောက် ၁၄ မြို့နယ်တွင် ၇ မြို့နယ်၏ ၉၀% အသီးသီးကို တော်လှန်ရေးအင်အားစုက အပြည့်အဝထိန်းချုပ်ထားသည်ဟု ဖော်ပြထားသည်။

ထို့ကြောင့် စစ်ကောင်စီသည် အိမ်နီးချင်း တရုတ်၊ ထိုင်း၊ အိန္ဒိယနိုင်ငံတို့နှင့် နယ်စပ်ကုန်သွယ်ရေးကို များစွာ လက်လွတ်ဆုံးရှုံးလိုက်ရသလို နယ်စပ်ဆက်ဆံရေးတွင်လည်း စစ်ကောင်စီကို အသိအမှတ်ပြုဆက်ဆံနေသော ထိုအိမ်နီးချင်း ၃ နိုင်ငံအတွက် မကြုံဖူးသောအခြေအနေတစ်ခုနှင့် ရင်ဆိုင်နေရသည်။

မြန်မာ့ပဋိပက္ခ “လာရာ” ကို ကျောခိုင်းပြီး၊ “လားရာ” ကို မျှော်ကြည့်သော အစီရင်ခံစာများ

SAC-M အစီရင်ခံစာမှလွဲလျှင် နိုင်ငံတကာအဖွဲ့အစည်းများ ထုတ်ပြန်သော ကျန်အစီရင်ခံစာများသည် မြန်မာ့ပဋိပက္ခ “လာရာ” ကို ကျောခိုင်းပြီး၊ “လားရာ” ကို မျှော်ကြည့် ခန့်မှန်းကြသည်ကို လေ့လာတွေ့ရှိရသည်။ တစ်နည်းအားဖြင့် ပဋိပက္ခဇာစ်မြစ်ကို ကျောခိုင်း၍ ပဋိပက္ခရလဒ်ကို ကြည့်ပြီး ခန့်မှန်းကြသည်။

ပဋိပက္ခဇာစ်မြစ်ကို ကျောခိုင်းခြင်းသည် ပဋိပက္ခ သန္ဓေတည်ဖြစ်ပေါ်လာပုံကို မှန်ကန်စွာနားလည်ရန် ပျက်ကွက်ခြင်းဖြစ်သည်။ လွန်ခဲ့သော ၃ နှစ်ကျော်လုံးလုံး မြန်မာပြည်သူများ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ရုန်းကန်တိုက်ပွဲဝင်နေခြင်းသည် နိုင်ငံရေးအပေါ်လွှာ (Political Elite) တစ်စု၏ စည်းရုံးလှုံ့ဆော်မှု၊ ရွေးချယ်မှုကြောင့် မဟုတ်ဘဲ ပြည်သူများကိုယ်တိုင် စစ်တပ်၏ သန္ဓေဆိုးကို ရွံရှာမုန်းတီး၍ အုံကြွသော “တော်လှန်ရေး” (Revolution) ဖြစ်သည်။

ထိုအချက်ကို မြန်မာ့အရေးလေ့လာသော နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရများနှင့် သံတမန်များ ယနေ့အချိန်ထိ အလေးအနက်မထားခြင်း သို့မဟုတ် နားလည်နိုင်ခြင်းမရှိသည်ကို တွေ့ရသည်။

အထက်ပါ မြန်မာအရေးလေ့လာသော အဖွဲ့အစည်းများအပါအဝင် နိုင်ငံတကာအသိုက်အဝန်းသည် မြန်မာစစ်တပ်ကို အရှေ့တောင်အာရှတွင် အင်အားတောင့်တင်းဆုံး စစ်တပ်တစ်ခုဟု တစ်ချိန်က သတ်မှတ်ထားခဲ့ဖူးသည်။ ယခုအခါ ထိုစစ်တပ်သည် စစ်အာဏာသိမ်းမှုနောက်ပိုင်းမှ ပေါ်ပေါက်လာပြီး၊ လက်နက်ခဲယမ်းမပြည့်စုံသော NUG လက်အောက်ခံ PDFs များနှင့် ဒေသအလိုက် ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့များ (L-PDFs) များကိုပင် တစ်ချိန်က လက်နက်ကိုင်ပဋိပက္ခကင်းစင်သော စစ်ကိုင်းနှင့် မကွေးကဲ့သို့ ဒေသများတွင် အာဏာသိမ်းမှု ၃ နှစ်ကျော်လာသည်အထိ အနိုင်မယူနိုင်ခြင်း အကြောင်းရင်းနှင့် ပတ်သက်ပြီး မှန်ကန်စွာ ဆန်းစစ်နိုင်ခြင်း မရှိကြောင်း လေ့လာတွေ့ရှိရသည်။

ထိုအချက်ကို Lowy Institute ၏ အစီရင်ခံစာ ရေးသားသူ Morten B. Pedersen ၏ စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်တော်လှန်ရန် ဆုံးဖြတ်ပြီး၊ PDFs များဖြစ်လာကြသော မြန်မာလူငယ် Generation Z များကို အနောက်တိုင်းပညာရေးစနစ်မှ သင်ကြားပေးလိုက်သော “ဆင်ခြင်သိ” သက်သက်မျှဖြင့် အထင်အမြင်သေးစွာ ဝေဖန်သုံးသပ်ထားမှုကို အောက်ပါအတိုင်း တွေ့ရှိရသည်။

၎င်းက “စစ်ပွဲကြာရှည်လာတာနဲ့အမျှ တော်လှန်ရေးအင်အားစုများဘက်က အင်အားဆုတ်ယုတ်လာပြီး သိသာထင်ရှားတဲ့ စိန်ခေါ်မှုများကို ရင်ဆိုင်လာရပါလိမ့်မယ်။ တော်လှန်ရေးတပ်သား အများစုဟာ စစ်သားအဖြစ် ပြုစုပျိုးထောင်ဖို့ စနစ်တကျလေ့ကျင့်ထားတဲ့ စစ်သားများ မဟုတ်ကြဘဲ၊ နိုင်ငံအလယ်ပိုင်း မြို့များမှ ၎င်းတို့ရဲ့ အိုးအိမ်များ၊ အလုပ်အကိုင်များကို စွန့်လွှတ်ပြီး၊ ပြောက်ကျားစစ် ဆင်နွှဲဖို့ အလွန်ဝေးကွာသော အရပ်ဒေသများသို့ ထွက်ခွာလာကြသူများ ဖြစ်တယ်။ ဒီအချက်ဟာ သူတို့ကို ရုပ်ဝတ္ထုပိုင်းဆိုင်ရာထက် အိမ်ပြန်ချင်တဲ့စိတ်၊ သူတို့ဘဝတွေတော့ အချည်းနှီးဖြစ်သွားပြီဆိုတဲ့စိတ် စတဲ့ စိတ်ပိုင်းဆိုင်ရာ ဖိအားများရစေပါလိမ့်မယ်။ တော်လှန်ရေး စောစီးစွာ အောင်ပွဲခံမယ်လို့ တွေးထင်ထားခဲ့မှုတွေ မှေးမှိန်လာပြီး၊ နောက်ဆုံး တော်လှန်ရေးကို စွန့်ခွာပြီး အခြားလမ်းကြောင်းတစ်ခုကို ရွေးချယ်ကြလိမ့်မယ်” ဟု သုံးသပ်ထားသည်။

၂၀၂၂ နိုဝင်ဘာလအတွင်းက စစ်ကိုင်းတိုင်းအတွင်း တွေ့ရသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ-Myanmar Now

Morten B. Pedersen သည် ၎င်း၏ ဆင်ခြင်သိကို အချိန်အခါလွဲမှားစွာ တင်ပြထားသည်။ အကယ်၍ လွန်ခဲ့သော ၂ နှစ်ခန့်က ထိုဆင်ခြင်မှုကို တင်ပြမည်ဆိုလျှင် လက်ခံမည့်သူ အများအပြားရှိပါလိမ့်မည်။ စင်စစ် အနောက်တိုင်းပညာရှင်များ မြန်မာ့နွေဦးတော်လှန်ရေးကို အကဲဖြတ်ခဲ့ကြသည့် အလွဲအမှားများ များစွာရှိနေပြီး အဆန်းတကျယ်မဟုတ်တော့ပါ။

နိဂုံးချုပ် – စစ်တပ်၏ဆုံးရှုံးမှု တိုင်းပြည်ပြိုကွဲခြင်းမဟုတ် ပြည်သူများ လွတ်မြောက်ခြင်း အဓိပ္ပာယ်ဖြစ်

နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပညာရှင်အသိုင်းအဝန်းအကြား မြန်မာ့ပဋိပက္ခဇာစ်မြစ်ကို မှန်ကန်စွာနားလည်ရေးသည် အလွန်အရေးကြီးသည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသော မြန်မာ့ပဋိပက္ခကို ဆယ်စုနှစ်ချီရှိနေခဲ့သော စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ပဋိပက္ခနှင့် ရောထွေးနားလည်ခြင်းက ၎င်းတို့၏ ကြီးစွာသော မှားယွင်းမှုဖြစ်သည်။

စစ်အာဏာသိမ်းမှုအလွန်ပေါ်ပေါက်လာသော လက်နက်ကိုင်တော်လှန်ရေးသည် စစ်တပ်နှင့် ပြည်သူအကြား ဖြစ်ပွားသော ပဋိပက္ခဖြစ်သည်ကို နားလည်ရန် လိုအပ်သည်။

ထို့ကြောင့် တိုင်းပြည်၏ နယ်မြေဒေသများ စစ်တပ်ထိန်းချုပ်မှုအောက်မှ လွတ်မြောက်ခဲ့ခြင်းကို မြန်မာပြည်သူများ မည်မျှ လိုချင်ကြသည်၊ ယင်းအဖြစ်ကို စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ရည်မှန်းချက် တစ်စိတ်တစ်ဒေသအောင်မြင်မှုအဖြစ် မည်မျှထောက်ခံအားပေးလျက်ရှိသည်ကို နားလည်ကြရန် မြန်မာ့ပဋိပက္ခကို လေ့လာသော နိုင်ငံတကာအဖွဲ့အစည်းများ ကြိုးစားသင့်သည်။

နယ်မြေဒေသတစ်ခုကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကဖြစ်စေ၊ NUG လက်အောက်ခံ PDFs များကဖြစ်စေ သိမ်းပိုက်နိုင်ခြင်းကို ထိုနယ်မြေများရှိ ပြည်သူလူထုက သူတို့၏အိုးအိမ်စည်းစိမ် ဆုံးရှုံးခဲ့ရသည့်တိုင် အာဏာသိမ်းစစ်တပ်၏ ဖိနှိပ်အုပ်ချုပ်မှုအောက်မှ ဆောလျင်စွာ လွတ်မြောက်လာသူများအဖြစ် ဝမ်းမြောက်ကြသည်။ ထို့အတူ အောင်ပွဲဖြင့် ပြန်လာကြသော တော်လှန်ရေးတပ်များကို ဝမ်းပန်းတသာ ကြိုဆိုကြသည်။

၂၀၂၂ နိုဝင်ဘာလအတွင်းက စစ်ကိုင်းတိုင်းအတွင်း တွေ့ရသည့် စစ်ဘေးရှောင်ဒေသခံများ။ ဓာတ်ပုံ-Myanmar Now

ကျေးရွာများကို စစ်တပ်ဝင်ရောက် စီးနင်းပြီး PDF များကို ရှာဖွေရာတွင်၊ PDF ရှိမရှိ မေးမြန်းခြင်းကို အသေခံပြီး စစ်တပ်ကို သတင်းမပေးသော မြန်မာပြည်သူများစွာ၏ သန္နိဋ္ဌာန်က ပြတ်သားလှသည်။ ထိုအခြေအနေကို အနောက်တိုင်းပညာရှင်များ နားလည်နိုင်စွမ်း ရှိမည်မဟုတ်ပါ။

လွတ်မြောက်နယ်မြေများတွင် သန်းနှင့်ချီသည့် အရပ်သားပြည်သူများ နေထိုင်လျက်ရှိရာ၊ ထိုနယ်မြေများတွင် အာဏာလေဟာနယ် မဖြစ်ပေါ်ရေး၊ ထိုပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ လုံခြုံရေးတို့သည် ထိုနယ်မြေကို ထိန်းချုပ်စိုးမိုးသော တော်လှန်ရေးအဖွဲ့များ၏ တာဝန်ဖြစ်လာပါသည်။ ထို့ပြင် နယ်မြေဆုံးရှုံးခဲ့ရသော စစ်တပ်က အရပ်သားပြည်သူများကို ပစ်မှတ်ထား လေကြောင်းမှ ဗုံးကြဲခြင်းနှင့် အဝေးပစ်လက်နက်ကြီးများအသုံးပြု ပစ်ခတ်တိုက်ခိုက်ခြင်းများကို ဆက်လက်လုပ်ဆောင်နေသဖြင့် စစ်ဘေးဒုက္ခသည် ပြည်သူများကို လူသားချင်းစာနာမှုအကူအညီပေးရေး လုပ်ငန်းများသည်လည်း ထိုအဖွဲ့များ၏ တာဝန် ဖြစ်လာသည်။

ထို့ကြောင့် ထိန်းချုပ်နယ်မြေများ၏ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအတွက် သက်ဆိုင်ရာ EROs အဖွဲ့များက စတင်ဆောင်ရွက်လာကြသလို၊ NUG ထိန်းချုပ်နယ်မြေများတွင် “ပ” သုံးလုံး ဟု လူသိများသော ပြည်သူ့အုပ်ချုပ်ရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့များအပြင် ဒေသအလိုက် လူမှုအဖွဲ့အစည်းများ ဖွဲ့စည်းလျက် “ပြည်သူမှ ပြည်သူသို့” အစီအစဉ်များဖြင့် နိုင်ငံတကာအကူအညီမပါဘဲ ပြည်တွင်းအားဖြင့် အကူအညီပေးသော အဖွဲ့များစွာရှိနေသည်ကို နိုင်ငံတကာအစီရင်ခံစာများက လျစ်လျူရှုကာ မြန်မာနိုင်ငံအစိတ်စိတ်အပိုင်းပိုင်း ဖြစ်တော့မည်ဟု ဟောကိန်းထုတ်ကြသည်ကို လေ့လာတွေ့ရှိနေရသည်။

စင်စစ် လွန်ခဲ့သောနှစ်ကပင် စစ်တပ်အုပ်ချုပ်မှု ကင်းမဲ့သွားသော ဒေသများတွင် အာဏာလေဟာနယ်များ ပေါ်ပေါက်လာပြီး၊ မင်းမဲ့စရိုက် ကြီးစိုးကာ ထိန်းမနိုင်သိမ်းမရ အခြေအနေရောက်ရှိသွားလိမ့်မည်ဟု အဆိုပါ မြန်မာ့ပဋိပက္ခကို စောင့်ကြည့်လေ့လာသူများပင် ဟောကိန်းထုတ်ခဲ့ဖူးသေးသည်။ ထိုသို့ အုပ်ချုပ်ရေးလေဟာနယ်မဖြစ်ရန် NUG နှင့် EROs အသီးသီးက ကြိုးပမ်းကြသည့်အခါ နိုင်ငံငယ်များ (Statelets) ထူထောင်ကြလေပြီဟု ဆိုပြန်သည်။

မြန်မာပြည်သူ ၃သန်းကျော် စစ်ပြေးဒုက္ခရောက်နေဟု ကုလသမဂ္ဂအဖွဲ့အစည်းများက တွက်ချက်ကြသည်။ သို့သော် ယနေ့အချိန်ထိ နိုင်ငံတကာအကူအညီမရရှိသော်လည်း အငတ်ဘေးကျရောက်ပြီး ပြည်သူအစုအပြုံလိုက် သေကျေပျက်စီးသည့် သတင်းများ မကြားရပေ၊ ထိုဒုက္ခသည်များ မည်သို့ရှင်သန်ရပ်တည်နေကြသည်ကို မေးခွန်းမထုတ်ကြပါ။

စင်စစ် ပြည်တွင်းနှင့် နိုင်ငံတကာရောက် မြန်မာပြည်သူများ၏ ရက်ရောသော စေတနာဖြင့် လွန်ခဲ့သော ၃ နှစ်ကျော်လုံးလုံး စွဲစွဲမြဲမြဲ ငွေကြေးလှူဒါန်း ကူညီမှုများကြောင့် ခုခံရှင်သန်နေကြရပြီး၊ ယင်းသည် စစ်အာဏာရှင်စနစ်ကို မြန်မာပြည်သူများ မည်မျှမုန်းတီးကြသည်ကို သက်သေပြသလျက်ရှိကြောင်း၊ ပြည်သူများ မျှော်မှန်းသည့် အနာဂတ်မြန်မာသည် အစိတ်စိတ်အပိုင်းပိုင်း ကွဲပြားသော နိုင်ငံမဟုတ်ကြောင်း သုံးသပ်တင်ပြလိုက်ပါသည်။

Show More

Related Articles

Back to top button