
ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့အနီးတွင် စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ ပြီးခဲ့သည့် အင်္ဂါနေ့ (ဇွန် ၄) မှစတင်ပြီး တစ်ကျော့ပြန်တိုက်ပွဲများ ပြန်လည်ပြင်းထန်လာပြီးနောက် ဒေသခံထောင်ချီ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည်။
နှစ်ဖက်တပ်များသည် ထိုနေ့ညနေ ၆ နာရီမှစတင်ပြီး မြို့အရှေ့ဘက် လေးမိုင်ခန့်အကွာ မန်ဖွယ်နှင့် လယ်ကြီးကျေးရွာအနီး တစ်နာရီကျော်ကြာ ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ကြသည်ဟု ဒေသခံတို့က ဆိုသည်။
“ရွာခံတွေ ရှောင်ကြတယ်။ မြို့ပေါ်မှာလည်း အရင်လို တိုက်ပွဲတွေပြန်ဖြစ်ဦးမယ်လို့ စိုးရိမ်ကြတော့ လူဦးရေ ထက်ဝက်လောက် ပြန်ရှောင်ကြပြီ။ အဓိကတော့ စစ်ကောင်စီ ရှိနေသေးတော့ မြို့ပေါ်မှာလဲ မနေရဲကြသေးဘူးလေ“ ဟု ဒေသခံတစ်ဦးက ဆိုသည်။
နမ့်ဆန်၊ မန်တုံ၊ သပိတ်ကျင်း၊ မိုင်းငေါ့၊ မိုးကုတ်၊ မဘိမ်း စသည့် မြို့များနှင့် နယ်နိမိတ်ထိစပ်နေသည့် မိုးမိတ်ထဲမှ စစ်ကောင်စီတပ်များကို KIA နှင့် မဟာမိတ်တို့က ယခုနှစ် ဇန်နဝါရီ ၁၈ ရက်နေ့က ထိုးစစ်ဆင်ခဲ့ရာ ပြင်းထန်သည့် မြို့တွင်းတိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

KIA နှင့်အတူ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ ပါဝင်တိုက်ခိုက်ခဲ့သည့် ဇန်နဝါရီလအတွင်းက ထိုးစစ်ကို စစ်ကောင်စီက လေတပ်အားပြုပြီး ခုခံခဲ့သည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် မိုးမိတ် မြို့မစျေးကြီးနှင့် မြို့ပေါ်အိမ်ခြေ ၃၀၀ ကျော် မီးလောင်သည်အထိ မြို့တွင်းအပျက်အစီး များပြားခဲ့ပြီး အရပ်သားများလည်း သေဆုံးခဲ့ရသည်။
ထို့နောက် KIA နှင့် မဟာမိတ်တို့ ရုတ်တရက် ပြန်လည်ဆုတ်ခွာသွားပြီး စစ်ကောင်စီက မိုးမိတ်ကို အနီးအနားမှ မဘိမ်းမြို့နှင့်အတူ ဖေဖော်ဝါရီ ၂၈ တွင် စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည်။
မြို့ခံများ မိုးမိတ်သို့ ပြန်လည်ဝင်ရောက်လာပြီး ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးများ ပြန်လည်ဖွင့်လှစ်ထားကြောင်း မြို့ခံများထံမှ သိရသည်။ သို့သော် အခြေခံပညာကျောင်းများ ပိတ်ထားဆဲဖြစ်သည်။
KIA နှင့် မဟာမိတ်တို့ ဆုတ်ခွာအပြီး ငါးလခန့်အကြာ မိုးမိတ်တွင် တစ်ကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေခြင်းဖြစ်သည်။

လတ်တလော စစ်ကောင်စီက မိုးမိတ်မြို့မှ မဘိမ်းမြို့ဘက်အထွက် ရွှေဇာလီကျေးရွာ၊ မြို့နှင့် ၇ မိုင်ခန့် အကွာရှိ ကျောက်တောင်ကျေးရွာ၊ မြို့အရှေ့ဘက် ၄ မိုင်အကွာ အာသံနှင့် လယ်ကြီးကျေးရွာ၊ မြို့တွင်းနေရာတချို့နှင့် မြို့အဝင် ၂ မိုင်ခန့် အကွာတွင် ရှိသော မိုးမိတ်ဗျူဟာတပ်စခန်းများတွင် အင်အား ရာနှင့်ချီပြီး တပ်စွဲထားသည်ဟု သိရသည်။
မိုးမိတ်ဒေသတစ်ခုလုံးကို ထိန်းချုပ်ထားသည့် စစ်ကောင်စီ၏ မိုးမိတ်ဗျူဟာတပ်စခန်းအတွင်းက ခြေလျင်တပ်ရင်း ခလရ-၂၂၃ နှင့် ၂၄၈ တပ်စခန်းတို့က မေလ ၂၉ ရက်နေ့မှ ဇွန်လ ၄ ရက်နေ့အထိ မြို့အနီးရှိ ကျေးရွာသို့ လက်နက်ကြီးပစ်ခတ်မှုဆက်လက်ပြုလုပ်နေကြောင်း တအာင်း/ပလောင်တပ် TNLA ဘက်က ဇွန်လ ၄ ရက်နေ့က ထုတ်ပြန်ထားသည်။
ထို့ပြင် မိုးမိတ်မြို့အပါအဝင် လားရှိုး၊ မူဆယ်၊ သီပေါ၊ ကျောက်မဲနှင့် နောင်ချိုမြို့တို့တွင် စစ်ကောင်စီတပ်က စစ်လက်နက်နှင့် စစ်အင်အား ဖြည့်တင်းနေပြီး စစ်ရေးပြင်ဆင်နေကြောင်း TNLA ၏ ထုတ်ပြန်ချက်က ဆိုသည်။
မိုးမိတ်မြို့သည် မန္တလေးတိုင်း၊ မိုးကုတ်မြို့နှင့် ၂၈ မိုင်သာ ကွာဝေးပြီး မြန်မာပြည်အလယ်ပိုင်းမှ ခုခံတော်လှန်စစ်ပွဲများအတွက် စစ်ရေးအရ အရေးပါသည့် လမ်းကြောင်းပေါ်တွင် တည်ရှိသည်။
လူဦးရေ ၆၇၀၀၀ ကျော် နေထိုင်သည့် မိုးမိတ်-ဗန်းမော်လမ်းပေါ်ရှိ မိုးမိတ်မြို့သည် မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ ရှမ်းမြောက် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ကချင်ပြည်နယ် ဗန်းမော်ခရိုင်တို့နှင့် နယ်မြေထိစပ်နေပြီး စစ်ရေးအရလည်း အချက်အချာကျသည်။