သတင်း

ဝိုင်းမော်တိုက်ပွဲအတွင်း သေဆုံးသူဒေသခံ ၆ ဦးတွင် ဆယ်နှစ်အောက် ၂ ဦး ပါဝင်

တိုက်ပွဲများ မြို့အနီးသို့ ရောက်လာသည့် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း လက်နက်ကြီးကျည်ကြောင့် သေဆုံးသူများထဲတွင် ဆယ်နှစ်အောက် ကလေး ၂ ဦး ပါဝင်နေသည်။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အရှေ့ဘက်ခြမ်းတွင် မေ ၁၈ ရက်မှစတင်ကာ ဖြစ်ပွားလာသည့် တိုက်ပွဲများ မြို့အနီးသို့ ရောက်ရှိလာသည်၊ လက်နက်ကြီးကျည်ကြောင့် ကလေးငယ် ၂ ဦး အပါအဝင် ဒေသခံ ၆ ဦး သေဆုံးပြီးနောက် မြို့မှတိမ်းရှောင်သူ ပိုမိုများပြားလာသည်ဟု ဒေသခံတို့က ပြောသည်။

တိုက်ပွဲဖြစ်ပွားရာ နေရာများသို့ ဝိုင်းမော်မြို့အရှေ့ဘက်တွင်ရှိသည့် ခြေလျင်တပ်ရင်း ခလရ (၅၈) နှင့် မြစ်ကြီးနားမြို့ပေါ်ရှိ စစ်ကောင်စီတပ်၏ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။

ထိုပစ်ခတ်မှုများကြောင့် ယမန်နေ့ (မေလ ၂၀ ရက်) မွန်းလွဲပိုင်းက ခပ်ချိုရွာ ကွက်သစ်ရပ်ကွက်မှ ကလေးငယ်နှစ်ဦးအပါ ၆ ဦးသေဆုံးသည်၊ ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့သည်ဟု ဝိုင်းမော်မြို့ခံ စစ်ရှောင်အရေးကူညီသူ အမျိုးသားတစ်ဦးက ပြောသည်။

“အဲဒီနားက အရင် ၂၀၁၁ တုန်းက စစ်ရှောင်ထားရတဲ့ သူတွေနေတာများတယ်၊ အခုက ပွဲချင်းပြီးက ၆ ဦးမှာ ကလေးငယ်လေးက ၂ ဦးပါတယ်၊ ဒဏ်ရာရတဲ့သူတွေလည်း စိုးရိမ်နေရတယ်၊ အကုန်ပြင်းပြင်းထန်ထန် ရကြတာ။ တကယ်ကို ဝမ်းနည်းစရာပဲ” ဟု အဆိုပါ အမျိုးသားက ပြောသည်။

သေဆုံးသူ ၆ ဦးမှာ အသက် ၅ နှစ်နှင့် ၉ နှစ်အရွယ် ကလေးငယ်နှစ်ဦး အမျိုးသမီး ၃ ဦးနှင့် အမျိုးသားတစ်ဦးတို့ဖြစ်ပြီး အမည်နှင့် အသေးစိတ်အချက်အလက်များကို မသိရသေးပေ။

ထို့ပြင် မေ ၁၈ ရက်ကလည်း စစ်ကောင်စီလက်နက်ကြီး လက်ချက်ဖြင့် မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်မှ ဒေသခံ အမျိုးသား ၃ ဦးသေဆုံးခဲ့ရာ သုံးရက်အတွင်း စစ်ကောင်စီ လက်နက်ကြီးကြောင့် ဒေသခံ ၉ ဦးသေဆုံးခဲ့ပြီးဖြစ်သည်။

ယမန်နေ့ညကလည်း မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းမှ အတွဲလိုက်ဒုံးများဖြင့် ဝိုင်းမော်မြို့ဘက်သို့ ပစ်ခတ်နေသည်ကို မြို့ခံတချို့က တွေ့မြင်ခဲ့ရပြီး ည ၁၀ နာရီခန့်မှ စတင်ကာ တစ်ညလုံးနီးပါး ပစ်ခတ်နေသည်ဟု သိရသည်။

ပြီးခဲ့သည့် ရက်များက တိုက်ပွဲတချို့ဖြစ်ပွားခဲ့သော်လည်း ခပ်ချိုရွာလက်နက်ကြီးပစ်ခတ်မှု ဖြစ်ပွားစဉ် ယမန်နေ့ မွန်းလွဲပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“စစ်ကောင်စီရဲ့ လက်နက်ကြီး ကျည်ဆန်တွေကျလို့ ပြည်သူလူထုတွေသေဆုံးတာရှိပါတယ်၊ ဒဏ်ရာရတာလည်း ရှိပါတယ်၊ ပြီးတော့ တာလောကြီးဘက်မှာလည်း စကစက လေကြောင်းနဲ့ ပစ်တာတွေရှိပါတယ်၊ တိုက်ပွဲလည်း မရှိဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

မေ ၁၈ ရက်က ဝိုင်းမော်မြို့နယ် အရှေ့တောင်ဘက် မိုင် ၂၀ ခန့်အကွာ မြစ်ကြီးနား-ဗန်းမော်လမ်းမကြီးပေါ်ရှိ စစ်ကောင်စီတပ်စခန်းများနှင့် စစ်ဆေးရေးဂိတ်များကို KIA နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ထို့နောက် တိုက်ပွဲများမှာ မြို့နှင့် တဖြည်းဖြည်းနီးကပ်လာခဲ့ပြီး မြို့နှင့် ၁၀ မိုင်ခန့်အကွာ ရွှေညောင်ပင်ရွာမှ ခြေမြန်တပ်ရင်း ခမရ (၃၂၁) တပ်ကို KIA က တိုက်ခိုက်နေသည်၊ မြို့တောင်ဘက် ခပ်ချိုရွာအနီးတွင်လည်း တိုက်ပွဲများ ဖြစ်ပွားသည်ဟု သိရသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးရန်ကြောင့် ဝိုင်းမော်မြို့ပေါ်နှင့် အနီးအနားရှိကျေးရွာများဖြစ်သည့် ခပ်ချို၊ နောင်ဟီး၊ စန်းကား၊ အင်းလေး၊ နောင်စီပေါကျေးရွာများမှ ဒေသခံများမှာ မြစ်ကြီးနားမြို့ပေါ်နှင့် အခြားနီးစပ်ရာရွာများသို့ တိမ်းရှောင်နေကြသည်။

ဝိုင်းမော်မြို့မှ မြစ်ကြီးနားမြို့သို့ တိမ်းရှောင်နေကြသည့် ဒေသခံများကို ယနေ့ (မေလ ၂၁) တွင် တွေ့ရစဉ်။ (ဓာတ်ပုံ-ဝါရှောင်ဆရာတော်)

ဝိုင်းမော်ဒေသခံများ ဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်များ၊ ကားများဖြင့် ဝိုင်းမော်မြို့မှ ဗလမင်းထင်တံတားကို ဖြတ်ပြီး မြစ်ကြီးနားမြို့သို့ သွားနေသည့် ရုပ်သံဖိုင်များ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်ကို ယနေ့ (မေ ၂၁ ရက်) နံနက်တွင် တွေ့မြင်ရသည်။

၂၀၂၁ တစ်ကျော့ပြန်စစ်ပွဲကြောင့် ဝိုင်းမော်မြို့အနီး မိုင်းနားစစ်ရှောင်စခန်းတွင် သောင်တင်နေသည့် စစ်ရှောင်ဦးရေ ၂၀၀၀ ခန့်မှာ ထပ်ပြေးစရာနေရာမရှိသည့်အတွက် စခန်းအတွင်း၌ပင် နေကြရသည်ဟု အဆိုပါစခန်း၏ တာဝန်ခံတစ်ဦးက ပြောသည်။

“စခန်းနားကို လက်နက်ကြီးကျတာတွေရှိတယ်၊ ခပ်ချိုကိုလည်း လက်နက်ကြီးကျထားတော့ စိုးရိမ်ကြတာပေါ့ဗျာ၊ ကျွန်တော်လည်း ဘယ်လိုလုပ်ရမလဲမသိဘူး လောလောဆယ်တော့ ဒီလိုပဲ နေကြရတာပေါ့၊ ထပ်သွားစရာလည်း မရှိဘူး” ဟု အဆိုပါ တာဝန်ခံက ပြောသည်။

စစ်ရှောင်များ တဖွဲဖွဲဝင်ရောက်နေသည့် မြစ်ကြီးနားမြို့ကိုလည်း စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ထားပြီး မကြာခင် မြို့ကိုလည်း အဝင်အထွက်ပိတ်တော့မည်ဟု သတင်းထွက်ပေါ်နေကြောင်း ဒေသခံတချို့က ပြောသည်။

“အစစ်အဆေးကတော့ အရမ်းကြမ်းတယ်၊ ကားတွေ ဆိုင်ကယ်တွေ အကုန်စစ်တာ၊ နေရာတိုင်းလိုလို သူတို့ကို တွေ့ရတယ်။ မြို့ကို ပိတ်မယ်ဆိုတော့ ဒေသခံတွေကလည်း ကြောက်ပြီးဝင်လာကြတာ” ဟု မြစ်ကြီးနားမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ဒေသခံတချို့မှာ မြစ်ကြီးနားမြို့အထက်ဘက်ရှိ နောင်ချိန်းဒေသသို့ ပြောင်းရွှေ့နေကြသလို အချို့ကလည်း မြစ်ကြီးနားမြို့ပေါ်ရှိ နီးစပ်ရာ ဆွေမျိုးများအိမ်တွင် တည်းခိုနေထိုင်နေကြသည်ဟု သိရသည်။

မတ် ၇ ရက်က စတင်သည့် ကချင်ထိုးစစ်သည့် ကချင်ပြည်နယ် နေရာအတော်များများတွင် အရှိန်အဟုန်ဖြင့် ဆက်လက်အားကောင်းနေသည်။ ထိုးစစ်အတွင်း KIA နှင့်အတူ အာရက္ခတပ်တော် (AA) နှင့် ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) တို့လည်း ပူးပေါင်းတိုက်ခိုက်နေကြသည်။

KIA က ကချင်ပြည်နယ်တွင်း ထိုးစစ် စတင်ခဲ့ပြီး နှစ်လကျော်အတွင်း စခန်းပေါင်း ၁၀၀ ခန့်နှင့် ရှမ်းမြောက်ရှိ မဘိမ်းမြို့၊ ကချင်ပြည်နယ်ရှိ အင်ဂျန်းယန်၊ ဆင်ဘို၊ ဆွမ်ပရာဘွမ်မြို့များနှင့် နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်တို့ကို သိမ်းပိုက်ထားသည်။

Show More

Related Articles

Back to top button