သတင်း

စစ်ကောင်စီ တပ်သားသစ်လိုသလောက်မရ၊ စစ်ထဲဝင်ကြရန် ဆက်လက် ခြိမ်းခြောက်

စစ်သားသစ်စုဆောင်းရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးတင်အောင်စန်းက လူသစ် အလုံအလောက် ရရန် အရာရှိများကို သတိပေးလိုက်ပြီး စစ်ထဲဝင်ရမည့်သူများလည်း တာဝန်ပျက်ကွက်ပါက အရေးယူမည်ဟု ဆိုသည်။

စစ်မှုထမ်းသင်တန်းတက်ရောက်မည့် လျာထားချက်ဦးရေ ပြည့်မီအောင်လုပ်ရန် စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ယင်းလက်အောက်ခံ အရာရှိများကို သတိပေးလိုက်ပြီး စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသူများလည်း လာရောက်ရန် ပျက်ကွက်ပါက အရေးယူမည်ဟု ခြိမ်းခြောက်လိုက်သည်။

ယမန်နေ့ (မေ ၂၀) တွင် ပြုလုပ်သည့် စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ အစည်းအဝေးအတွင်း ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြောဆိုခြင်းဖြစ်သည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီက တပ်သားသစ်ရရန် နည်းမျိုးစုံဖြင့် အကြီးအကျယ် စုဆောင်းနေရာ “ပြည်သူ့စစ်မှုထမ်းသင်တန်း” ဟု အမည်ပေးထားသော သင်တန်းများကို အပတ်စဉ် ၂ အထိ စီစဉ်လျက် ရှိသည်။ အပတ်စဉ်တစ်ခုလျှင် သင်တန်းသား ၅၀၀၀ အထိ တက်ရောက်စေရန် စီစဉ်ထားသည်။

သို့သော် ထိုတပ်သားသစ် သင်တန်းများအတွက် လျာထားချက်ပြည့်မီရေး ခက်ခဲခဲ့သည်ဟု ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ဆိုသည်။

စစ်မှုထမ်းရန် ဆင့်ခေါ်ရာတွင် လာရောက်ရန် ပျက်ကွက်သူများအားလုံးကို အရေးယူရန်၊ သင်တန်းအမှတ်စဉ် ၃ တွင် လျာထားချက်ဦးရေ ပြည်မီအောင် ကြိုတင်ပြင်ဆင်ကြရန်လည်း သူက ပြောသည်။ အရေးယူမည့် ဥပဒေပုဒ်မနှင့် မည်ကဲ့သို့ အရေးယူမည် ပုံစံကို အသေးစိတ် ပြောဆိုခြင်းမရှိပေ။

နိုင်ငံအနှံ့အပြားတွင် စစ်မျက်နှာဖွင့်ထားရသည့် စစ်ကောင်စီသည် မြို့တချို့နှင့် တပ်စခန်းတချို့ ထိန်းချုပ်နိုင်မှု လက်လွှတ်လိုက်ရခြင်း၊ တပ်သားများ ဆုံးရှုံးခြင်းတို့ ကြုံလာရချိန်တွင် ၂၀၁၀ ခုနှစ်အတွင်း အာဏာရှင်ဟောင်း ဦးသန်းရွှေ ပြဋ္ဌာန်းခဲ့သည့် စစ်မှုထမ်းဥပဒေကို တက်သုတ်ရိုက် အသက်သွင်းကာ စစ်သားစုဆောင်းလာခြင်းဖြစ်သည်။

သင်တန်းအမှတ်စဉ် ၃ ခေါ်ယူမည့်အချိန် ရောက်နေသော်လည်း စစ်မှုထမ်းဥပဒေနှင့် ဆက်စပ်သည့် နည်းဥပဒေကို ထုတ်ပြန်နိုင်ခြင်းမရှိသေးပေ။

ထိုနည်းဥပဒေအသေးစိတ်ကို ၄ ကြိမ်မြောက်အထိ ပြင်ဆင်ခဲ့သည်၊ ထပ်မံဖြည့်စွက်လိုသည်များရှိပါက အမြန်ဆုံး ပေးပို့ကြရန်လည်း ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြောသည်။

စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ နည်းဥပဒေ မထွက်လာသေးသော်လည်း မူရင်းဥပဒေတွင်မူ စစ်မှုထမ်းရန် ဆင့်ခေါ်မှုကို မလာရောက်ပါက ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

သို့သော် ထွက်ပြေးသူများကို မည်သို့ပုံစံဖြင့် အရေးယူမည် ဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်နေသည်ဟု နေပြည်တော်ဒေသခံတစ်ဦးက ပြောသည်။

သူ၏ သားဖြစ်သူမှာ အသက် ၃၅ နှစ် မကျော်သေးသဖြင့် စစ်ကောင်စီတပ်ထဲ ဝင်ရန် စာရင်းသွင်းထားရသည်ဟု သိရသည်။

“လူမရရင်၊ အဆင့်ဆင့် ဖိအားပေးလာရင် နောက်ဆုံးကျ မိသားစုဆီပဲ ပုံကျလာမှာ၊ တကယ်စစ်သင်တန်းသွားရမယ်ဆိုရင်တော့ သားကို ပြေးခိုင်းပြီး ဖြစ်သမျှ ကျွန်တော် ဒိုင်ခံဖြေရှင်းမယ်လို့တော့ စဉ်းစားထားတယ်” ဟု သူက ပြောသည်။

စစ်မှုထမ်းရန် ဖိအားပေးခံရမှုများ

စစ်မှုမထမ်းမနေရ ဥပဒေကို အသက်သွင်းပြီးနောက် နိုင်ငံတစ်ဝန်း စစ်သားအသစ်စုဆောင်းရရှိရေး စစ်ကောင်စီက အပြင်းအထန် ပြုလုပ်နေရာ မန္တလေးမြို့၌လည်း စစ်မှုထမ်းတတိယအသုတ်အတွက် လူစုဆောင်းရေးများ စတင်နေပြီး မိသားစုဝင်တို့ ဖိအားပေးခံနေရသည်ဟု မြို့ခံများက ပြောသည်။

ချမ်းအေးသာစံမြို့နယ်မှ အမျိုးသားတစ်ဦးက ၎င်းနှင့် နီးစပ်သည့် မိသားစုတစ်စုလည်း ဖိအားပေးခံရသည်ဟု ပြောသည်။

“အုပ်ချုပ်ရေးမှူးကိုယ်တိုင် အိမ်ကိုလာပြီး ပြောတယ်၊ ခင်ဗျားတို့သားက စာရင်းပါတယ်။

ဆေးစစ်တာတွေလုပ်ရမယ်ပေါ့။ သူက ခရီးသွားနေတာ နေအိမ်မှာမရှိဘူး။ ဒီတော့မိဘတွေကို ခြိမ်းခြောက်တယ်၊ နှစ်ပတ်အတွင်း ပြန်လာရမယ်၊ မဟုတ်ရင် အရေးယူမယ်ဆိုပြီး လက်မှတ်တွေထိုးခိုင်းတယ်” ဟု သူက ပြောသည်။

လူသစ်စုဆောင်းရေး ပထမအပတ်စဉ်နှင့် ဒုတိယအပတ်စဉ်အတွက် လူသစ် မပေးနိုင်ခဲ့သည့် ယင်းရပ်ကွက်မှ အုပ်ချုပ်ရေးမှူးသည် ပြီးခဲ့သည့်လတွင် တာဝန်မှ အနားပေးခံရသည်ဟုလည်း ချမ်းအေးသာစံမြို့နယ်နေ ဒေသခံက ပြောသည်။

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်မှ အသက် ၂၂ အရွယ် လူငယ်တစ်ဦးကလည်း ၎င်းမှာ စစ်မှုထမ်းဥပဒေအတွက် စာရင်းသွင်းခံထားရသူဖြစ်ရာ ၎င်းနှင့် မိသားစုဝင်များ စောင့်ကြည့်ဖိအားပေးခံနေရသည်ဟု ဆိုသည်။

“ခရီးတွေဘာတွေ ထွက်လို့မရဘူး။ ထွက်ခွင့်မပြုဘူး။ နေအိမ်မှာပဲ နေရမယ်ဆိုပြီး ရာအိမ်မှူးက လာပြောတယ်။ နေအိမ်ကိုလည်း ရံဖန်ရံခါ ကျွန်တော်ရှိရဲ့လားဆိုတဲ့ ပုံစံနဲ့ လာစောင့်ကြည့်တာမျိုးရှိတယ်” ဟု သူက ပြောပြသည်။

ပဲခူးတိုင်း ရေတာရှည်မြို့နယ်တွင်လည်း စစ်မှုထမ်းရန် အကျုံးဝင်သူတချို့ နေအိမ်တွင်မရှိဘဲ နိုင်ငံခြားထွက်အလုပ်လုပ်နေ၍ လူစားထိုးပေးရန် မြို့နယ်အဆင့် စစ်ကောင်စီအရာရှိက ဖိအားပေးနေသည်ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“ခုညပိုင်း ကားသံကြားတာနဲ့ အရွယ်ကောင်း ယောကျ်ားတွေက လယ်ကွင်းထဲ ပြေးကြ၊ ညဘက်တိမ်းရှောင်ပြီး သွားအိပ်ကြနဲ့ ညတိုင်းရှောင်နေကြရတာ” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီကမူ မိမိသဘောနှင့်မိမိ စစ်မှုထမ်းရန် စာရင်းပေးသူများ ရှိသည်ဟု ဝါဒဖြန့် မီဒီယာများတွင် ပုံများဖြင့် ဝေဝေဆာဆာ ဖော်ပြနေသည်။

၂၀၂၁ တွင် အာဏာသိမ်းပြီး လမ်းပေါ်ထွက် ဆန္ဒပြသူတို့ကို ပစ်သတ်သဖြင့် နာမည်အကြီးအကျယ်ပျက်နေသည့် စစ်တပ်ထဲ ဝင်ရောက်လိုခြင်း မရှိကြသဖြင့် လူငယ်တချို့မှာလည်း ဖမ်းဆီး စစ်မှုထမ်းခိုင်းမည်ကို စိုးရိမ်၍ ထွက်ပြေးတိမ်းရှောင်နေကြသူများလည်း ရှိလာသည်။

စစ်ကောင်စီကျင့်သုံးနေသည့် စစ်မှုထမ်းဥပဒေအတွက် မဲပေါက်သူများနှင့် နာမည်စာရင်းပါသူများ ရှောင်တိမ်းကြပြီးနောက် အမှတ်စဉ် (၂) စစ်သင်တန်းအတွက် ခေါ်ယူချိန်တွင် ဖမ်းဆီးမှုများ ပိုမိုစိပ်လာသလို တိမ်းရှောင်မှု ပိုမိုများပြားလာသည်။

မိသားစုဝင်များကလည်း ထိုသို့ တိမ်းရှောင်စေလိုကြသည်ဟု မန္တလေးဒေသခံတစ်ဦးက ပြောသည်။

“မိဘတွေက သားသမီးတွေကို ဟိုနေရာပြောင်းပြီးနေ၊ ဒီနေရာပြောင်းပြီးနေ အဲဒီလိုနေခိုင်းတာတွေ ရှိတယ်” ဟု သူက ဆိုသည်။

“မန္တလေးမှာက အခု ရာသီဥတုအပူရော။ ဒီ စစ်မှုထမ်းအပူတွေရောနဲ့ လူတွေက ကောင်းကောင်း အိပ်ပျော်ကြဘူး။ ကိုယ့်အိမ်ကိုယ်လည်း ကောင်းကောင်းမအိပ်ရဲကြဘူး၊ ရှောင်တိမ်းပြီး အိပ်နေကြရတယ်”

အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများ၊ ၁၈ မှ ၂၇ နှစ်အတွင်း အမျိုးသမီးများ စစ်မှုထမ်းရမည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီကမူ စစ်မှုထမ်းရန် အကျုံးဝင်သူ အမျိုးသား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇ ဒသမ ၇ သန်းစုစုပေါင်း ၁၃ သန်းနီးပါးရှိသည်၊ လတ်တလောတွင် အမျိုးသမီးများကို စစ်မှုထမ်းရန် မခေါ်ယူသေးဟု ဖေဖော်ဝါရီလတွင် သတင်းထုတ်ပြန်ထားသည်။

ယခု သင်တန်းအပတ်စဉ် ၁ နှင့် ၂ တို့တွင် သင်တန်းတက်နေသူ အများစုသည် မိသားစုနှင့် ဆက်သွယ်ခွင့်မရသေးပေ။ ထို့အတူ လစာနှင့် ခံစားခွင့်များလည်း တိကျသည့် သတ်မှတ်ချက်မရှိသေးပေ။

စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများကမူ ယခု စစ်မှုထမ်းသင်တန်းဆင်းများကို ရှေ့တန်းမပို့ဟု အာမခံကာ စစ်မှုထမ်းရန် စည်းရုံးနေကြဆဲဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေရာ ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းမြို့တို့ကို AA က ထိန်းချုပ်ထားသည်။

ထိုသို့သောအခြေအနေတွင် စစ်ကောင်စီသည် စစ်သည်အင်အားလိုအပ်ခြင်းကြောင့် စစ်မှုထမ်းဥပဒေကို ဖုတ်ပူမီးတိုက် အကောင်အထည်ဖော်နေခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက ဆိုသည်။

“တစ်ပြည်လုံးကို ထိန်းနေရတဲ့ စစ်ကောင်စီတပ်အတွက်တော့ အားလုံးနေရာမှာ အရှုံးနဲ့ ရင်ဆိုင်နေရတယ်။ အင်အားကတော့ အင်အားပြုန်းတီးမှုလည်းရှိတယ် ဒါကြောင့်လည်း စစ်မှုထမ်းဥပဒေကို ပြဌာန်းတာ သူတို့အနေနဲ့ ရခိုင်ပြည်ကို (အင်အား) တိုးပြီး ULA/AA တပ်တွေကို တိုက်ဖို့ အင်အားကတော့မရှိပါဘူး” ဟု ဦးဖေသန်းက ပြောသည်။

ရခိုင်၊ ကချင်နှင့် ရှမ်းပြည်မြောက်ပိုင်း၊ ကရင်နီပြည်နယ်တို့တွင် စစ်စခန်းများနှင့် နယ်မြေများ ဆုံးရှုံးထားရသည့် စစ်ခေါင်းဆောင်ကမူ စစ်မှုထမ်းဥပဒေဖြင့် လူစုပြီး ဆုံးရှုံးနယ်မြေများ ပြန်သိမ်းမည်ဟု ပြီးခဲ့သည့် မတ်လ ၂၇ ရက်က ပြုလုပ်သည့် အခမ်းအနားတစ်ခုတွင် ပြောဆိုထားသည်။

Show More

Related Articles

Back to top button