သတင်း

တိုင်းနှင့်ပြည်နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ စဖွဲ့၊ သောင်းချီခေါ်နိုင်

အပတ်စဉ်တစ်ခုလျှင် လူ ၅၀၀၀ နှုန်းဖြင့် လာမည့် ဧပြီလ သင်္ကြန်အပြီးတွင် စတင်မည်ဖြစ်ကြောင်း စစ်ကောင်စီဘက်က ထုတ်ဖော်ပြောဆိုထားပြီး တစ်နှစ်လျှင် အနည်းဆုံး လူငါးသောင်းအထိ ဆင့်ခေါ်မည့် အနေအထားရှိသည်။

အရွယ်ရောက်သူတိုင်း အမြင့်ဆုံး ၅ နှစ်ကြာ စစ်တပ်ထဲဝင်ရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ပြီးနောက် စစ်ကောင်စီက ဗဟိုအဖွဲ့အပြင် တိုင်းနှင့်ပြည်နယ်အလိုက် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ ဆက်တိုက်ဖွဲ့စည်းလိုက်ကာ နှစ်စဉ်လူဦးရေ သောင်းဂဏန်းအထိ ဆင့်ခေါ်နိုင်ခြေရှိသည်။

အပတ်စဉ်တစ်ခုလျှင် လူ ၅၀၀၀ နှုန်းဖြင့် လာမည့် ဧပြီလ သင်္ကြန်အပြီးတွင် စတင်မည်ဖြစ်ကြောင်း စစ်ကောင်စီဘက်က ထုတ်ဖော်ပြောဆိုထားပြီး တစ်နှစ်လျှင် အနည်းဆုံး လူငါးသောင်းအထိ ဆင့်ခေါ်မည့် အနေအထားရှိသည်။

ယခုလ ၁၀ ရက်နေ့တွင် စစ်မှုထမ်းဥပဒေအသက်ဝင်ကြောင်း ကြေညာပြီးနောက် စစ်ကောင်စီက အဖွဲ့ဝင် ၁၈ ဦးပါ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ထိုအဖွဲ့တွင် လက်ရှိကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ဥက္ကဋ္ဌ၊ စစ်ရေးချုပ် ဒုဗိုလ်ချုပ်ကြီးစိုးမင်းဦးက အတွင်းရေးမှူးဖြစ်သည်။

နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်အလိုက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များကိုလည်း ယမန်နေ့ (ဖေဖော်ဝါရီ ၁၄) တွင် ဖွဲ့စည်းခဲ့သည်။ အဖွဲ့ဝင် ၉ ဦးပါဝင်ပြီး ဒေသဆိုင်ရာဝန်ကြီးချုပ်က ဥက္ကဋ္ဌ၊ သက်ဆိုင်ရာ ဒုစစ်တိုင်းမှူးများနှင့် နယ်စပ်ရေးရာဝန်ကြီးဖြစ်သူ ဗိုလ်မှူးကြီးများကို ဒုဥက္ကဋ္ဌ (၁) နှင့် (၂)၊ တိုင်းအဆင့် ထွေအုပ်အရာရှိက အတွင်းရေးမှူးဖြစ်သည်။

မြို့နယ်နှင့် ရပ်ကွက်/ကျေးရွာအဆင့် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များကိုလည်း ဆက်လက်ဖွဲ့စည်းသွားမည်ဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ထုတ် နိုင်ငံပိုင်သတင်းများမှတစ်ဆင့် ပြောဆိုထားသည်။

စစ်မှုထမ်းရန် အကျုံးဝင်သူ အမျိုးသား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇ ဒသမ ၇ သန်း စုစုပေါင်း ၁၃ သန်း နီးပါးရှိသည့်အနက် ပထမဦးဆုံး အပတ်စဉ်များတွင် အမျိုးသမီးများကို ခေါ်ယူနိုင်ခြေနည်းကြောင်း၊ တစ်နှစ်လျှင် ငါးသောင်းထက် ပိုခေါ်နိုင်ဖွယ်မရှိကြောင်းလည်း ၎င်းက ဆိုသည်။

နေရာဒေသအနှံ့အပြား၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ရင်ဆိုင်တိုက်ပွဲများတွင် ဆက်တိုက်ရှုံးနိမ့်နေသည့် အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို အသက်သွင်းကာ အရပ်သားများကို တပ်ထဲဆွဲသွင်းနိုင်ရေး အပူတပြင်းကြိုးပမ်းနေကာ စစ်သားဟောင်းများကို ပြန်ခေါ်ရန် အရန်တပ်ဖွဲ့ဥပဒေကို အသက်သွင်းလိုက်သည်ဟု ယခုလ ၁၃ ရက်နေ့တွင် ကြေညာထားသည်။

ယင်းဥပဒေနှစ်ရပ်ကို အကောင်အထည်ဖော်ရခြင်းမှာ ကာကွယ်ရေးအင်အား တိုးမြှင့်ရန်ဖြစ်သည်ဟု နေပြည်တော်၌ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံစဉ် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောဆိုခဲ့သည်။

နေပြည်တော်သို့ ဆင့်ခေါ်ထားသည့် ပြည်ပနိုင်ငံများရောက် သံအမတ်များနှင့် သံရုံးယာယီတာဝန်ခံများကို ယမန်နေ့က တွေ့ဆုံရာ၌လည်း စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သက်ဆိုင်ရာနိုင်ငံများ၌ ရှင်းလင်း ပြောဆိုရန် စစ်ခေါင်းဆောင်က ထည့်သွင်းညွှန်ကြားထားသည်ကို တွေ့ရသည်။

ခေတ်အဆက်ဆက်တွင် အတင်းအကျပ်စစ်သားစုဆောင်းမှုကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသည့် မြန်မာစစ်တပ်သည် ယနေ့ထက်တိုင် ရန်ကုန်မြို့လယ်ရှိ ဘူတာကြီးအပါအဝင် နေရာဒေသအနှံ့တွင် စစ်သားစုဆောင်ရေးစခန်းများ ဖွင့်လှစ်ထားကာ ခရီးသွားလူငယ်များကို ပစ်မှတ်ထား ချဉ်းကပ်လေ့ရှိသည်။

စစ်တပ်အရာရှိများအနေဖြင့် ရာထူးတက်လိုပါက ကိုယ့်နည်းကိုယ့်ဟန်ဖြင့် စစ်သားစုဆောင်းပေးရလေ့ရှိသည်ဟု အာဏာသိမ်းပြီးနောက် စစ်တပ်ကို စွန့်ခွာခဲ့သူ အရာရှိများက ထုတ်ဖော်ပြောဆိုထားသည်။

အာဏာသိမ်း သုံးနှစ်ပြည့်ချိန်အထိ စစ်ကောင်စီအနေဖြင့် နိုင်ငံအနှံ့တွင် စစ်မျက်နှာဖွင့်ထားရပြီး စစ်မြေပြင်တိုင်းတွင် ဆက်တိုက်အရှုံးပြနေဆဲဖြစ်သည်။ ဘက်ပေါင်းစုံ အခြေအနေဆိုးလာသဖြင့် တပ်ထဲဝင်လိုသူမရှိ ဖြစ်လာချိန်တွင် စစ်မှုထမ်းဥပဒေနှင့် အရန်တပ်ဖွဲ့ဥပဒေတို့ကို စစ်ကောင်စီက အသက်သွင်းလာ ခြင်းဖြစ်သည်။

အရပ်သားများ စစ်ထဲမဝင်မနေရစနစ်သည် ခဏတဖြုတ်မဟုတ်ဘဲ စစ်ကောင်စီအစီအစဉ်ဖြင့် ကျင်းပမည့် ရွေးကောက်ပွဲအပြီး တက်လာမည့်အစိုးရလက်ထက်တွင်လည်း ဆက်ရှိနေမည်ဟု စစ်ကောင်စီ ပြောခွင့်ရအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

“တစ်နှစ်၊ နှစ်နှစ်၊ သုံးလေးနှစ် ရည်မှန်းထားတာ မဟုတ်ပါဘူး။ နောင်နှစ်ပေါင်းများစွာထိ ရည်မှန်းပြီး ဆောင်ရွက်နေခြင်းဖြစ်တယ်”

“ဒီအစိုးရလက်ထက်မှာမှ ဆောင်ရွက်သွားမှာ မဟုတ်ဘူး။ နောင်ဆက်လာမယ့် ဒီမိုကရေစီအစိုးရလက်ထက်တွေမှာလည်း ဆက်လက်ဆောင်ရွက်သွားမယ့် ရေရှည်စီမံကိန်းရဲ့ Long Term Plan ဖြစ်တယ်ဆိုတာ ကျနော်တို့ပြောချင်ပါတယ်” ဟု ၎င်းက စစ်တပ်ထိန်းချုပ် သတင်းဌာနများမှတစ်ဆင့် ယမန်နေ့တွင် ပြောသည်။

    စစ်မှုထမ်းဥပဒေတွင် ဘွဲ့ရပညာတတ်များ တပ်ထဲ ကာလရှည်နေရန် ပြဋ္ဌာန်းထား

·   အသက်ကြီးသူများကို ပျူစောထီးတပ်ထဲ ထည့်နိုင်သည့်စနစ် စစ်ကောင်စီတွင်ရှိနေ

စစ်မှုထမ်းဥပဒေအရ သာမန်အရပ်သားများထဲမှ ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများနှင့် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများ၊ ဘွဲ့ရပညာတတ်များထဲမှ ၁၈ နှစ်မှ ၄၅ နှစ်အတွင်း အမျိုးသားများနှင့် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသမီးများသည် စစ်ထဲဝင်ရမည်ဖြစ်သည်။

စစ်ကောင်စီတပ်ထဲနေရန် အချိန်ကာလကို ၂ နှစ်သတ်မှတ်ထားပြီး အရေးပေါ်အခြေအနေဟု သတ်မှတ်ပါက စစ်မှုထမ်းကာလကို ၅ နှစ်အထိ သက်တမ်းတိုးနိုင်သည်။

စစ်မှုထမ်းကာလပြည့်ပါက အခြားသူများ အိမ်ပြန်ခွင့်ရနိုင်သော်လည်း ပါရဂူဘွဲ့ရသူများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဘွဲ့ရသူများ၊ သတ်မှတ်သည့် အရည်အချင်းနှင့် ပြည့်စုံသည်ဟု စစ်တပ်က သတ်မှတ်လိုက်ပါက ထိုသူများသည် စစ်တပ်အလိုရှိပါက နောက်တစ်ကြိမ် စစ်ထဲထပ်ဝင်ရမည်ဖြစ်သည်။ စစ်မှုထမ်းရန် ငြင်းဆိုပါက ထောင်ဒဏ် ၅ နှစ်အထိ ချနိုင်သည်ဟုလည်း ပြဋ္ဌာန်းထားသည်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ခြင်းမှာ ၎င်းတို့နေရာဖယ်ပေးရမှာ စိုးရိမ်သောကြောင့်ဖြစ်ပြီး တစ်တိုင်းတစ်ပြည်လုံးကို ဆွဲချလိုက်ခြင်းဖြစ်သည်ဟု လက်ရှိ စစ်ဗိုလ်ချုပ်ကြီးတချို့နှင့် စစ်တက္ကသိုလ်အတူတူတက်ရောက်ခဲ့သည့် တပ်အရာရှိဟောင်းတစ်ဦးက ဆိုသည်။

Show More

Related Articles

Back to top button