
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ရင်ဆိုင်တိုက်ပွဲများတွင် ဆက်တိုက်ရှုံးနိမ့်နေသည့် အာဏာသိမ်းစစ်တပ်က အရပ်သားများကို စစ်မှုထမ်းအဖြစ် ဆွဲသွင်းနိုင်ရေး အပူတပြင်းကြိုးပမ်းနေပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်မှုထမ်းရန်အကျုံးဝင်သူ ၁၃ သန်းရှိသည်ဟု ထုတ်ပြန်သည်။
ယခုလ ၁၀ ရက်နေ့တွင် အရွက်ရောက်သူတိုင်း ငါးနှစ်အထိ စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ပြီးနောက် ယမန်နေ့ (ဖေဖော်ဝါရီ ၁၃) တွင်လည်း စစ်သားဟောင်းများကို တပ်ထဲ ပြန်ခေါ်မည့် အရန်တပ်ဖွဲ့ဥပဒေကို အာဏာတည်စေသည်ဟု စစ်ကောင်စီက ကြေညာသည်။
ကာကွယ်ရေးအင်အားကို တိုးမြှင့်စေရန် ယင်းဥပဒေနှစ်ရပ်ကို အကောင်အထည်ဖော်ရခြင်းဖြစ်သည်ဟု ယမန်နေ့က နေပြည်တော်၌ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံရာတွင် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောဆိုသည်။
“မိမိတို့ခြေထောက်ပေါ်တွင်သာ ရပ်တည်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း” လည်း ဘက်ပေါင်းစုံဖိအားများ ရင်ဆိုင်နေရသည့် စစ်ခေါင်းဆောင်က ဆိုသည်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ခြင်းမှာ ၎င်းတို့နေရာဖယ်ပေးရမှာ စိုးရိမ်သောကြောင့်ဖြစ်ပြီး တစ်တိုင်းတစ်ပြည်လုံးကို ဆွဲချလိုက်ခြင်းဖြစ်သည်ဟု လက်ရှိ စစ်ဗိုလ်ချုပ်ကြီးတချို့နှင့် စစ်တက္ကသိုလ်အတူတူတက်ရောက်ခဲ့သည့် တပ်အရာရှိဟောင်းတစ်ဦးက ဆိုသည်။
“ဒါက ပြည်သူ့စစ်မဟာဗျူဟာအရ ရေးဆွဲထားတာ။ ပြည်ပကျူးကျော်စစ်ပွဲအတွက်ပါ။ တိုင်းရင်းသားပြည်သူတွေနဲ့ စစ်ဆင်ရတဲ့ပြည်တွင်းစစ်ဖြစ်နေတော့ ထောက်ခံမှုနည်းပြီး အခက်အခဲတွေနဲ့ သေချာပေါက်တွေ့မှာပဲ”
“လူငယ်တွေအကုန် နိုင်ငံခြားထွက်ပြေးကြတော့မယ်။ ငယ်ရွယ်သူ Labour Force (လုပ်သားအင်အား) ဆုံးရှုံးပြီး လုပ်ငန်းတွေ ပြဿနာတက်လာမယ်” ဟုလည်း ၎င်းက မှတ်ချက်ပြုသည်။
စစ်မှုထမ်းဥပဒေ အသက်ဝင်ကြောင်း ကြေညာပြီး နှစ်ရက်အကြာတွင် စစ်ကောင်စီက စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို ဖွဲ့စည်းလိုက်သည်။ အဖွဲ့ဝင် ၁၈ ဦးပါ ထိုဗဟိုအဖွဲ့ကို လက်ရှိကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဦးဆောင်မည်ဖြစ်ပြီး အတွင်းရေးမှူးအဖြစ် စစ်ရေးချုပ် ဒုဗိုလ်ချုပ်ကြီးစိုးမင်းဦးကို နေရာပေးထားသည်။
စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောဆိုချက်ကို ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများ၌ ဖော်ပြထားရာ၌ စစ်မှုထမ်းရန် အကျုံးဝင်သူ အမျိုးသား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇ ဒသမ ၇ သန်း စုစုပေါင်း ၁၃ သန်းနီးပါးရှိသည်ဟု ဆိုသည်။
ထိုအရေအတွက်အတိုင်း တစ်ပြိုင်နက် စစ်မှုထမ်းစေမည်မဟုတ်ကြောင်းလည်း စစ်ကောင်စီ၏ ဒုပြန်ကြားရေးဝန်ကြီးလည်းဖြစ်သည့် ၎င်းက ဆိုသည်။
“ကျွန်တော်တို့ ဒီလောက်လူဦးရေ လိုသလား မလိုနိုင်ပါဘူး။ မြန်မာနိုင်ငံမှာ ရပ်ကွက်ကျေးရွာပေါင်း ခြောက်သောင်းရှိတယ်။ ရပ်ကွက်တစ်ခုမှာ စစ်မှုထမ်းဆောင်ဖို့ တစ်ဦးထက် ဒါမှမဟုတ် နှစ်ဦးထက် ပိုစရာအကြောင်းမရှိပါဘူး” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုသည်။

စစ်မှုထမ်းဆင့်ခေါ်ခြင်းကို သင်္ကြန်ရုံးပိတ်များအပြီး လာမည့်ဧပြီလတွင် စတင်မည်ဖြစ်ကြောင်း၊ အပတ်စဉ်တစ်ခုလျှင် လူ ၅၀၀၀ နှုန်းဖြင့် ခေါ်မည်ဖြစ်ကြောင်း စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ်က ယမန်နေ့တွင် သတင်းဌာနတစ်ခုကို ထုတ်ဖော်ပြောဆိုသည်။
အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်တွင် ရေးဆွဲအတည်ပြုခဲ့သည့် စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများနှင့် ၁၈ မှ ၂၇ နှစ်အတွင်း အမျိုးသမီးများ စစ်မှုထမ်းရန် အကျုံးဝင်ပြီး အသက်မွေးဝမ်းကြောင်းပညာရပ်တစ်ခုခုဖြင့် ကျွမ်းကျင်သူအဖြစ် သတ်မှတ်ပါက အမျိုးသား ၄၅ နှစ်အထိ၊ အမျိုးသမီး ၃၅ နှစ်အထိ အကျုံးဝင်မည်ဖြစ်သည်။
စစ်မှုထမ်းရမည့် ကာလအပိုင်းအခြားမှာ သာမန်အခြေအနေတွင် ၂ နှစ်ဟုဆိုသော်လည်း အရေးပေါ်အခြေအနေဖြစ်ပါက ၅ နှစ်အထိ တိုးမြှင့်နိုင်ပြီး၊ စစ်မှုထမ်းရန် ငြင်းဆန်ပါက ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
သာသနာ့ဝန်ထမ်းများ၊ အိမ်ထောင်ရှိသူအမျိုးသမီးများနှင့် ကိုယ်လက်အင်္ဂါမသန်းစွမ်းသူများ စစ်မှုထမ်းကင်းလွတ်ခွင့်ရမည်ဖြစ်သည်။ အခြားကင်းလွတ်ခွင့်ရမည့်သူများအတွက်လည်း စစ်ကောင်စီက အချက်နှစ်ချက် ထည့်သွင်းထားသည်။
စစ်တပ်ဆေးစစ်ဘုတ်အဖွဲ့က စစ်မှုထမ်းရန် မသင့်လျော်သူဟု သတ်မှတ်ထားသူများနှင့် စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ခွင့်ပြုသူများ ကင်းလွတ်ခွင့်ရမည်ဟု ဆိုသည်။ ဆေးစစ်ဘုတ်အဖွဲ့နှင့် ဗဟိုအဖွဲ့ကို စစ်ဗိုလ်ချုပ်များသာ ဦးဆောင်မည်ဖြစ်ရာ ကင်းလွတ်ခွင့်ရသူ အမျိုးအစားနှင့်ပတ်သက်၍ သံသယပွားဖွယ်ရာဖြစ်နေသည်။
အရပ်သားများကို အတင်းအကျပ် လက်နက်တပ်ဆင်ပေးကာ ပျူစောထီးအဖွဲ့များ တိုးချဲ့ဖွဲ့စည်းနေသည့် စစ်ကောင်စီအနေဖြင့် နိုင်ငံအနှံ့တွင် စစ်မျက်နှာဖွင့်နေရသည်ဖြစ်ရာ စစ်မှုထမ်းဥပဒေကို အသုံးချပြီး အရပ်သားများကို ၎င်းတို့စိတ်တိုင်းကျ ရှေ့တန်းစစ်မြေပြင်သို့ ပို့နိုင်ခြေရှိနေသည်။
ယခုလ ၁၀ ရက်နေ့က အသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေအရ အသက်ကန့်သတ်ချက် ကျော်လွန်သူများကိုပင် စစ်ကောင်စီက စစ်ထဲဆွဲသွင်းနိုင်ခြေရှိသည်။ သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသူများကို အရေးပေါ်ခန့်အပ်နိုင်သည်ဟု ပြဋ္ဌာန်းထားရာ အသက်ကျော်လွန်သည့်တိုင် ပျူစောထီးအဖွဲ့ဝင်အဖြစ် သွတ်သွင်းမည့်အန္တရာယ်ရှိသည်။
လက်ရှိတွင် တပ်သားသစ်စုဆောင်းမှုနှင့် လုပ်အားပေးတပ်သားသစ် စုဆောင်းမှုလုပ်ငန်းများ အရှိန်အဟုန်မကျဘဲ ဆက်လုပ်ဆောင်နေသည်ဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားသည်ကို ယနေ့ထုတ် နိုင်ငံပိုင်သတင်းများတွင် ပါရှိသည်။
လုပ်အားပေးတပ်သားသစ် စုဆောင်းသည့်အကြောင်း အတိအကျပြောဆိုထားခြင်း မရှိသော်လည်း စစ်ကောင်စီက ပဲခူးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် ပြည်သူ့စစ်အမည်ခံ ပျူစောထီးအဖွဲ့များ အင်တိုက်အားတိုက်ဖွဲ့စည်းလျက်ရှိသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ကာ တရားမဝင်အာဏာရယူထားသည့် စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ခြင်းမှာ ခုခံစစ်အတွက်ဖြစ်သည်ဟု ဝါရင့်နိုင်ငံရေးသမားနှင့် တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ဝေဖန်သည်။
“ရွေးကောက်ပွဲအတွက် ပြင်ဆင်တာနဲ့ ခုခံစစ်အတွက် ပြင်ဆင်တာပေါ့။ သူတို့ရည်ရွယ်ချက်က ဘယ်လောက်ပေါက်မြောက်မလဲ။ ခုပဲ သူတို့လုပ်လို့ တိုင်းပြည်က ပျက်မလိုဖြစ်နေပြီ”
လွန်ခဲ့သည့်နှစ် အောက်တိုဘာလကုန်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့က စတင်ခဲ့သည့် “၁၀၂၇” စစ်ဆင်ရေးအတွင်း စစ်ကောင်စီဘက်က ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်စခန်းပေါင်းများစွာနှင့် မြို့အများအပြား လက်လွတ်ဆုံးရှုံးခဲ့သည်။
တရုတ်ကြားဝင်မှုဖြင့် မြောက်ပိုင်းညီနောင်သုံးဖွဲ့နှင့် ယာယီအပစ်ရပ်နိုင်သော်ခဲ့သော်လည်း ရှမ်းမြောက်ဒေသတစ်ခွင်ရှိ တအာင်းလက်နက်ကိုင်အဖွဲ့နှင့် ကိုးကန့်အဖွဲ့တို့က သိမ်းယူခဲ့သည့် မြို့များကို စစ်ကောင်စီဘက်က လက်လွှတ်ခဲ့ရသည်။
ထို့ပြင် “၁၀၂၇” စစ်ဆင်ရေးနှင့်တစ်ပြိုင်နက် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တို့တွင် လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ရှိ အဖွဲ့များက မြို့များနှင့် စစ်စခန်းပေါင်းများစွာ သိမ်းပိုက်နိုင်ခဲ့သည်။

ထိုသို့အထိနာနေချိန် ရက္ခိုင့်တပ်တော် (AA) က ရခိုင်ပြည်နယ်အတွင်း စစ်ဆင်ရေး စတင်ခဲ့ရာ စစ်ကောင်စီဘက်က ဆက်တိုက်အရှုံးပြခဲ့သည်။ လက်ရှိတွင် AA ပြည်နယ်မြောက်ပိုင်းရှိ မြို့ကြီးများနှင့် စစ်ကောင်စီလက်အောက်ခံ တပ်ရင်းအားလုံးနီးပါးကို သိမ်းပိုက်ထားသည်။
အထက်ပါ စစ်ပွဲများအတွင်း ရာနှင့်ချီသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးခဲ့သည့်နည်းတူ ရန်သူ့ထံ လက်နက်ချအညံ့ခဲ့သည့် အဖွဲ့များလည်းရှိသည်။