သတင်း

စစ်မှုထမ်းဥပဒေဖြင့်လူစုပြီး ဆုံးရှုံးနယ်မြေများပြန်သိမ်းမည်ဟု စစ်ခေါင်းဆောင်ကြုံးဝါး

ရှမ်းမြောက်၊ ကချင်နှင့် ရခိုင်ပြည်နယ်တို့မှ ဆုံးရှုံးနယ်မြေများကို ပြန်သိမ်းမည်ဟု ယမန်နေ့ (မတ်၂၇) က နေပြည်တော်၌ ပြုလုပ်သည့် စစ်ရေးပြအခမ်းအနားတွင် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က ကြုံးဝါးသည်။

စစ်မှုထမ်းဥပဒေနှင့် အရန်တပ်ဖွဲ့ဥပဒေတို့အားဖြင့် စုဆောင်းရရှိသူများ တပ်ထဲရောက်လာချိန်တွင် ဆုံးရှုံး နယ်မြေများ ပြန်လည်ရရှိရေး တစ်ဆင့်ချင်းစီဆောင်ရွက်သွားမည်ဟု ဆိုသည်။ စစ်ခေါင်းဆောင်၏ ပြော ဆိုချက်တွင် တည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့ရသည့် ဒေသများဟု သုံးနှုန်းထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့တွင် ဖြစ်ပွားနေသည့် တော်လှန်ပုန်ကန်မှု များကို “ အင်မတန်မိုက်မဲတဲ့လုပ်ရပ်” ဟုလည်း စစ်ခေါင်းဆောင်က ကင်ပွန်းတပ်သည်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို အမြစ်ပြတ်ခြေမှုန်းမည်ဟု အာဏာသိမ်းပြီးနောက် လွန်ခဲ့သည့် နှစ်များက ကျင်းပသည့် စစ်ရေးပြအခမ်းအနားများတွင်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကြုံးဝါး ခဲ့ဖူးသည်။

၂၀၂၃ နိုဝင်ဘာ ၁၀ က တရုတ်-မြန်မာနယ်စပ်မြို့ နမ့်ခမ်းမြို့ပေါ်တွင် တွေ့ရသော TNLA တပ်ဖွဲ့ဝင်နှစ်ဦး။ (ဓာတ်ပုံ -မြတ်ပန်း/Myanmar Now)

ပြီးခဲ့သည့် ၂၀၂၃ အောက်တိုဘာ ၂၇ မှစတင်ခဲ့သည့် ကိုးကန့်တပ် MNDAA၊ ရခိုင်တပ် AA နှင့် တအာင်းတပ်  TNLA တို့၏ ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီသည် ကိုးကန့်ဒေသအပါအဝင် ရှမ်းပြည်နယ်မြောက် ပိုင်းမှ မြို့ရွာများ၊ ရာနှင့်ချီသည့် စစ်စခန်းများကို ဆုံးရှုံးခဲ့ရသည်။

နိုင်ငံအနောက်ပိုင်းတွင်လည်း ရက္ခိုင့်တပ်တော် AA သည် မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နှင့် ချင်းပြည်နယ်ပလက်ဝတို့ကို စစ်ကောင်စီလက်ထဲမှ သိမ်းပိုက်ထားသည်။ ထို့အပြင် ဘူးသီးတောင်၊ မောင်တောမြို့နယ်တို့ရှိ စစ်စခန်းများကို ဆက်လက်ထိုး စစ်ဆင်တိုက်ခိုက်နေသည်။

၂၀၂၄ မတ်လအစောပိုင်းက ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ကို သိမ်းပိုက်ပြီးနောက် တွေ့ရသည့် ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – AA)

အလားတူ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ကလည်း ၎င်းတို့၏မဟာမိတ်တပ်များနှင့်ပေါင်းကာ မတ်လ ၇ ရက်နေ့မှ စတင်ပြီး နိုင်ငံမြောက်ပိုင်းမှ စစ်ကောင်စီတပ်စခန်းများ၊ မြို့ရွာများကို ထိုးစစ်ဆင်နေသည်။

ရှမ်းမြောက်၊ကချင်နှင့်ရခိုင်တို့မှ ပုန်ကန်မှုများကို စစ်တပ်က ရဲတပ်ဖွဲ့၊ ပြည်သူ့စစ် နှင့် လူထုနှင့်ပေါင်းကာ တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိအောင် လုပ်ရမည်ဟု စစ်ခေါင်းဆောင်က ၎င်း၏မိန့်ခွန်းထဲတွင် ထည့်သွင်းပြောဆိုသည်။

စစ်ခေါင်းဆောင်ကထိုးစစ်သည် အရပ်သားများ စစ်ထဲမဝင်မနေရစနစ်ကျင့်သုံးမည့် “ပြည်သူ့စစ်မှုထမ်း ဥပဒေ” နှင့် စစ်မှုထမ်းဟောင်းများကို စစ်တပ်ထဲပြန်ခေါ်မည့် “အရန်တပ်ဖွဲ့ဥပဒေ” တို့ဖြင့် စုဆောင်းခံရ သူများ အဆင်သင့်ဖြစ်ချိန်တွင် စတင်မည်ဟုဆိုသည်။

“ဒီဥပဒေနှစ်ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်တာကြောင့် ကာကွယ်ရေးအင်အားကို အထိုက် အလျောက် မြင့်တက်လာစေမှာ ဖြစ်ပြီး အဲဒီကမှတစ်ဆင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ တရား ဥပဒေစိုးမိုးရေးအတွက် လုပ်ဆောင်သင့်လုပ်ဆောင်ထိုက်တာတွေကို တစ်ဆင့်ပြီးတစ်ဆင့် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုတယ်” ဟု ၎င်းက ဆိုသည်။

အာဏာရှင်ဟောင်း ဗိုလ်ချုပ်သန်းရွှေက ရေးဆွဲခဲ့ပြီး ဆိုင်းငံ့ထားသည့် ထိုဥပဒေနှစ်ရပ်လုံးကို စစ်ခေါင်းဆောင်က ဖေဖော်ဝါရီလအတွင်းက လက်မှတ်ထိုးကာ အသက်သွင်းခဲ့ခြင်းဖြစ်သည်။

“ပြည်သူ့စစ်မှုထမ်းဥပဒေ” အရ သာမန်အရပ်သားများထဲမှ ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများနှင့် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများကို ၂ နှစ်အထိ စစ်မှုထမ်းရန် စစ်တပ်က ဆင့်ဆိုနိုင်သည်။

ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တတ်မြောက်သူ သို့မဟုတ် အခြား အတတ်ပညာတစ်ရပ် ရပ်ဖြင့် အသက်မွေးဝမ်းကျောင်းနေသူများဖြစ်ပါက စစ်မှုထမ်းရမည့် အသက်အပိုင်းအခြားကို အမျိုးသားဖြစ်ပါက အသက် ၁၈ မှ ၄၅ နှစ်၊ အမျိုးသမီးဖြစ်ပါက အသက် ၁၈ နှစ်မှ ၃၅ နှစ်ဟု သတ်မှတ်ထားသည်။

အရေးပေါ်အခြေအနေဟု သတ်မှတ်ပါက စစ်မှုထမ်းကာလကို ၅ နှစ်အထိ သက်တမ်းတိုးနိုင်သည်။စစ်မှုထမ်းခြင်းကို ငြင်းဆိုပါက ထောင်ဒဏ် ၅ နှစ်အထိ ချနိုင်ကြောင်းလည်း ထိုဥပဒေတွင် ပြဋ္ဌာန်းထားသည်။

Show More

Related Articles

Back to top button