
အရပ်သားများကို စစ်တပ်ထဲဆွဲသွင်းနိုင်ရေး အာဏာသိမ်းစစ်တပ်က အပူတပြင်းကြိုးပမ်းနေရာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး တစ်လမပြည့်မီ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့်ဖွဲ့စည်းခဲ့ပြီး သင်တန်းကျောင်းများလည်း အသင့်ဖြစ်နေပြီဟု စစ်ကောင်စီက ထုတ်ပြန်သည်။
ပြည်သူ့စစ်မှုထမ်း နည်းဥပဒေမူကြမ်းနှင့် လုပ်ထုံးလုပ်နည်းများ ရေးဆွဲထားပြီးဖြစ်သည်ဟု ယမန်နေ့ (မတ် ၄) က နေပြည်တော်၌ ပြုလုပ်သည့် အစည်းအဝေးတွင် စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြောဆိုသည်ဟု ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြသည်။
စစ်ဥပဒေချုပ် ဦးဆောင်သည့် အဖွဲ့ဝင် ၁၅ ဦးပါ နည်းဥပဒေပြုစုရေးဆွဲရေးအဖွဲ့က နည်းဥပဒေမူကြမ်းကို သုံးကြိမ်တိုင် ရေးပြီးသွားပြီဟု ဆိုသည်။ ထို့ပြင် စစ်မှုထမ်းဆင့်ခေါ်ရေး တိုင်းနှင့်ပြည်နယ်အဆင့်သာမက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေဒေသနှင့် ခရိုင်၊ မြို့နယ်အဆင့်များ ဖွဲ့စည်းထားသည်ဟု စစ်ကောင်စီက ကြေညာသည်။
“အဆက်မပြတ်သင်တန်းပေးနိုင်ရေး သင်တန်းကျောင်းများလည်း ဖွင့်လှစ်ထားပြီးဖြစ်ကာ ”နည်းပညာနှင့် အချက်အလက်ပိုင်းဆိုင်ရာ ဆက်စပ်လုပ်ငန်းအဖွဲ့များကိုလည်း လွန်ခဲ့သည့်လအတွင်း ဖွဲ့စည်းခဲ့သည်ဟု ဆိုရာ စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်ရေး စစ်ကောင်စီဘက်က မရပ်မနားကြိုးပမ်းနေသည်ကို တွေ့ရသည်။
စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ အချိန်ဇယားအတိုင်း အချိန်မီဆောင်ရွက်ရန်လည်း စစ်ကောင်စီ၏ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌက သတိပေးသည်။
စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့တွင် ရေတပ်ဗိုလ်ချုပ်ကြီးဟောင်း တင်အောင်စန်းက ဥက္ကဋ္ဌ လက်ရှိစစ်ရေးချုပ် ဒုဗိုလ်ချုပ်ကြီးစိုးမင်းဦးက အတွင်းရေးမှူးဖြစ်သည်။ သက်ဆိင်ရာ ဝန်ကြီးချုပ်များ ဦးဆောင်မည့် တိုင်းနှင့်ပြည်နယ်အလိုက် ဆင့်ခေါ်ရေးအဖွဲ့များတွင် ဒုစစ်တိုင်းမှူးများနှင့် နယ်စပ်ရေးရာဝန်ကြီးဖြစ်သည့် ဗိုလ်မှူးကြီးများက ဒုဥက္ကဋ္ဌများအဖြစ် ပါဝင်ပြီး ထွေအုပ်အရာရှိက အတွင်းရေးမှူးဖြစ်သည်။
စစ်မှုထမ်းရန် အကျုံးဝင်သူ အမျိုးသား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇ ဒသမ ၇ သန်း စုစုပေါင်း ၁၄ သန်း ရှိပြီး အပတ်စဉ်တစ်ခုလျှင် ၅၀၀၀ နှုန်းဖြင့် လာမည့်ဧပြီလ သင်္ကြန်အပြီးတွင် စတင်ခေါ်ယူမည်ဖြစ်ကြောင်း၊ လတ်တလောတွင် အမျိုးသားများကို ဦးစားပေးခေါ်မည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာထားသည်။
စစ်မှုထမ်းဥပဒေအရ သာမန်အရပ်သားများထဲမှ ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများနှင့် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများ၊ ဘွဲ့ရပညာတတ်များထဲမှ ၁၈ နှစ်မှ ၄၅ နှစ်အတွင်း အမျိုးသားများနှင့် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသမီးများသည် စစ်ထဲဝင်ရမည်ဖြစ်သည်။
စစ်ကောင်စီတပ်ထဲနေရန် အချိန်ကာလကို ၂ နှစ်သတ်မှတ်ထားပြီး အရေးပေါ်အခြေအနေဟု သတ်မှတ်ပါက စစ်မှုထမ်းကာလကို ၅ နှစ်အထိ သက်တမ်းတိုးနိုင်သည်။ စစ်မှုထမ်းကာလပြည့်ပါက အခြားသူများ အိမ်ပြန်ခွင့်ရနိုင်သော်လည်း ပါရဂူဘွဲ့ရသူများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဘွဲ့ရသူများ၊ သတ်မှတ်သည့် အရည်အချင်းနှင့် ပြည့်စုံသည်ဟု စစ်တပ်က သတ်မှတ်လိုက်ပါက ထိုသူများသည် စစ်တပ်အလိုရှိပါက နောက်တစ်ကြိမ် စစ်ထဲထပ်ဝင်ရမည်ဖြစ်သည်။ စစ်မှုထမ်းရန် ငြင်းဆိုပါက ထောင်ဒဏ် ၅ နှစ်အထိ ချနိုင်သည်ဟုလည်း ပြဋ္ဌာန်းထားသည်။
စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ခြင်းမှာ ၎င်းတို့နေရာဖယ်ပေးရမှာ စိုးရိမ်သောကြောင့်ဖြစ်ပြီး တစ်တိုင်းတစ်ပြည်လုံးကို ဆွဲချလိုက်ခြင်းဖြစ်သည်ဟု စစ်တပ်အရာရှိဟောင်းတစ်ဦးက ထုတ်ဖော်ပြောဆိုသည်။
စစ်မှုထမ်းဥပဒေဖြင့် အရပ်သာများကို တပ်ထဲဆွဲသွင်းမည့် စစ်ကောင်စီ၏ အစီအစဉ်ကို နိုင်ငံတကာအသိုင်းအဝိုင်းက ပြစ်တင်ဝေဖန်ထားပြီး အာဏာသိမ်းစစ်တပ်ကို ဖိအားပေးအရေးယူရန် ပြည်တွင်းပြည်ပ တက်ကြွလှုပ်ရှားများက တောင်းဆိုလျက်ရှိသည်။
စစ်ကောင်စီက စစ်မှုထမ်းဥပဒေ ကြေညာပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များထံ ဆက်သွယ်လာသည့် လူငယ်များရှိသည့်နည်းတူ ရရာနည်းဖြင့် ပြည်ပထွက်ခွာရန် ကြိုးပမ်းနေသူများလည်းရှိသည်။
စစ်မှုထမ်းဥပဒေကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံဘက်ခြမ်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော်လာသူများအနက် ဖေဖော်ဝါရီ ၂၉ ရက်နေ့အထိ ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံရသူ ၄၀၀ ခန့်ရှိသည်ဟု ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်ပေးနေသူများက ဆိုသည်။