သတင်း

သရက်ချောင်းမြို့နယ်မှ စခန်းတစ်ခုပြန်ရရန် စစ်တပ်က ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ရှိ အရေးပါသည့် စခန်းတစ်ခုကို ပြန်လည်ရရှိနိုင်ရန် စစ်တပ်က ကြည်း၊ရေ၊လေ စစ်ကြောင်းများဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ မြိတ်-ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းမပေါ်ရှိ စစ်ရေးအရ အရေးပါသည့် စခန်းတစ်ခုကို ပြန်လည်ရရှိနိုင်ရန် စစ်ကောင်စီက ကြည်း၊ ရေ၊ လေတပ်များ သုံးပြီး ထိုးစစ်ဆင်နေသည်ဟု သိရသည်။ 

ကုန်သွယ်ရေးအချက်အချာကျသည့် မြိတ်-ထားဝယ် ကားလမ်းပေါ်ရှိ ပဲဒက်တပ်စခန်းကို မေ ၈ တွင် တော်လှန်ရေးပူးပေါင်းတပ်က သိမ်းပိုက်ခဲ့သည်။

ထို့နောက် စစ်တပ်က ပြန်လည်ထိုးစစ်ဆင်ရာတွင် သရက်ချောင်းမြို့နယ်တွင်းရှိ ကျေးရွာများကို ပစ်မှတ်ထားလာသည်။

အဓိကအားဖြင့် မြိတ်-ထားဝယ် ကားလမ်းမနှင့် ၄ မိုင်ခန့်အကွာ ပင်လယ်ကမ်းခြေဘေးတွင် တည်ရှိသည့် ကနက်သီရိရွာကို စစ်သင်္ဘော ၂ စင်းသုံးပြီး နေ့စဉ်ပစ်ခတ်နေသည်ဟု အမှတ် (၃) စစ်ဒေသခွဲ တောင်ပိုင်းစစ်ဒေသ၊ ဒုတိယစစ်ဒေသခွဲမှူး ရဲဘော်ဂျူပီတာက ပြောသည်။

“ကြည်း၊ ရေ၊ လေ ထိုးစစ်ဆင်တာတွေ ပိုပြီးတော့ များလာတယ်။ ကျေးရွာတွေကို အခြေပြုပြီးတော့ နှိမ်နင်းမယ့်သဘောမျိုးနဲ့ တက်လာတာကို တွေ့ရတယ်” ဟု ၎င်းက ပြောသည်။

သရက်ချောင်းမြို့နယ်အခြေစိုက် ခြေမြန်တပ်ရင်း အမှတ် ၄၀၃ နှင့် ၄၀၄၊ ပလောက်မြို့အခြေစိုက် ခြေလျင်တပ်ရင်း ခြေလျင်တပ်ရင်း ၂၈၀ တို့အပြင် ထားဝယ်မြို့မှ စစ်ကူလာသည့် စစ်ကြောင်းများကပါ ယမန်နေ့ (မေ ၁၅) ညနေအထိ ထိုးစစ်ဆင်နေသည်ဟု ဒေသခံများက ပြောသည်။

ပဲဒက်ရွာ စခန်းသိမ်းတိုက်ပွဲအပြီးတွင် ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေးကြောင့် မြိတ်-ထားဝယ်ကားလမ်းနှင့် ပင်လယ်ကမ်းခြေကြားရှိ မာလကာချောင်း၊ ပအော့၊ ကျောက်ဆည်၊ သရက်တောင်ကြီး၊ အောက်သရက်ချောင်း၊ ရငဲ၊ ကနက်သီရိ၊ ကျွဲမင်းကုန်း ကျေးရွာတို့မှ ဒေသခံ ထောင်နှင့်ချီ စစ်ဘေးရှောင်နေကြရသည်။

ပဲဒက် တပ်စခန်းမှာ ကုန်သွယ်ရေးအချက်အချာကျသည့် မြိတ်-ထားဝယ် လမ်းမပေါ်ရှိ စစ်တပ်၏ အခိုင်အမာစခန်းတစ်ခုဖြစ်သည်။ လက်နက်၊ ခဲယမ်း၊ ရိက္ခာနှင့် စစ်ကူပေးပို့ရန် ပင်လယ်ထွက်ပေါက်ဒေသလည်းဖြစ်သည်။

ပဲဒက် စခန်းသိမ်း တိုက်ပွဲ

နိုင်ငံတောင်ပိုင်း နယ်စပ်ကုန်သွယ်ရေး အချက်အချာကျသည့် မြိတ်-ထားဝယ်ကားလမ်းပေါ်ရှိ ပဲဒက်တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက မေ ၅ တွင် စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး မေ ၈ တွင် သိမ်းပိုက်နိုင်ခဲ့သည်။

ပဲဒက်စခန်းသိမ်းတိုက်ပွဲ အပြီးတွင် မြိတ်-ထားဝယ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ဝင်းဝရွာ ရဲစခန်း၊ ကျောက်ဆည်ရွာရှိ ပျူစောထီးစခန်းများကို သိမ်းပိုက်နိုင်ခဲ့​ပြီး စစ်ကောင်စီ တပ်သား ၂၀ ကျော်ကို သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့သည်။

အထိနာသွားသည့် အာဏာသိမ်းစစ်တပ်သည် ပဲဒက်ရွာတပ်စခန်း သိမ်းပိုက်ခံရသည့် မေ ၈ က စတင်ကာ သရက်ချောင်းမြို့နှင့် ပလောက်မြို့ကြားရှိ မြို့ရွာများကို လေတပ်၊ ရေတပ် သုံးကာ ပစ်မှတ်ထားတိုက်ခိုက်နေသည်။

မေလ ၈ ညနေပိုင်းကစတင်ပြီး ပဲဒက်ရွာအနီးတစ်ဝိုက်ရှိ ကျေးရွာများကို လေတပ် အသုံးပြု တိုက်ခိုက်ခဲ့ရာ ကနက်သီရိရွာ စာသင်ကျောင်းကို ထိမှန်ခဲ့ပြီး အသက် ၁၆ အရွယ် မောင်ပိုင်စိုးသူနှင့် မောင်ဟိန်းပြည့်ဖြိုးတို့ သေဆုံးခဲ့သည်။

မေလ ၁၀ ရက် မွန်းလွဲပိုင်းတွင်လည်း ကနက်သီရီကျေးရွာနှင့် ဂုံညှင်းဆိပ်ကျေးရွာတို့ကို လေတပ်က ဗုံးကြဲရာ အရပ်သား ၃ ဦး ထပ်မံသေဆုံးခဲ့သည်။

ဒေသအခြေစိုက် စစ်ဘေးဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေသည့် ဒေါန-တနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ကလည်း မေ ၈ ရက်နှင့် မေ ၁၀ ရက်တို့တွင် လေတပ်၏ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဒေသခံ ၅ ဦးသေဆုံးသည်၊ ဒဏ်ရာရသူများလည်းရှိနေသည်ဟု မေ ၁၀ တွင် ထုတ်ပြန်ထားသည်။

ထို့နောက် မေ ၁၃ တွင် စစ်သင်္ဘော ၂ စင်းဖြင့် စစ်ကောင်စီတပ်သားများ ကနက်သီရိရွာ ပင်လယ်ကမ်းခြေသို့ ရောက်ရှိလာရာ တော်လှန်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့​သည်။

ယမန်နေ့ (မေ ၁၅) မွန်းလွဲပိုင်းအထိ လေတပ်အပြင် ကနက်သီရိရွာအနီး ပင်လယ်ပြင်ရှိ စစ်သင်္ဘော ၂ စင်းကလည်း ပစ်ခတ်နေသည်၊ ရွာထဲ သွားရောက် စုံစမ်းခြင်း မပြုနိုင်သေး၍ ပြည်သူသေဆုံးမှုကို မသိရသေးဟု သရက်ချောင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ) ပြန်ကြားရေးတာဝန်ခံ ကိုဖြိုးကိုကိုက ပြောသည်။

“နေ့တိုင်းပဲ ကြဲနေတာ။ လေယာဉ်ပေါ်ကနေ စက်လတ်နဲ့လည်း ချတယ်။ ကနက်သီရိဘက်ကို လာရင် လေယာဉ် ၂ စင်းနဲ့ အမြဲလာတယ်။ ကနက်သီရိမှာတော့ လေယာဉ်နဲ့ ကြဲတာနဲ့တင် ပြည်သူတွေ တော်တော်သေတာများနေပြီ” ဟု ၎င်းက ပြောသည်။

မေလ ၈ ရက် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ရငဲကျေးရွာမှ ရငဲတိုက်နယ်ဆေးရုံကို တွေ့ရစဉ်။ (ဓာတ်ပုံ − ဒေါနတနင်္သာရီ – စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့)

လူသားဒိုင်းအဖြစ် အသုံးပြု

ပဲဒက် တပ်စခန်းသိမ်းခံရပြီးနောက် ၁ ရက်အကြာ မေ ၉ ရက်တွင် တော်လှန်ရေးတပ်ဖွဲ့များ အားကောင်းသည့် ကမ်းခြေတစ်လျှောက်ရှိ ကျေးရွာများကို စစ်သင်္ဘောများ အသုံးပြုကာ စီးနင်းဝင်ရောက်ရန် ကြိုးပမ်းခဲ့သည်၊ ဒေသခံရွာသားများကိုလည်း လူသားဒိုင်းအဖြစ် အသုံးပြုခဲ့သည်ဟု ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့က ပြောသည်။

မေ ၁၀ တွင် ပဲဒက် တပ်စခန်း၏ အနောက်ဘက် ၃ မိုင်အကွာ ပင်လယ်ကမ်းခြေရှိ ဆင်မဒန်းရွာကို ရေကြောင်းပစ်ကူများ အသုံးပြုကာ စတင်စီးနင်းခဲ့သည်၊ တစ်ရွာဝင်တစ်ရွာထွက် လှည့်လည်ကာ ဒေသခံရွာသားများကို လူသားဒိုင်းအဖြစ် အသုံးပြုနေသည်ဟု သိရသည်။

ပင်လယ်ကမ်းခြေဘေးရှိ ဆင်မဒန်းရွာမှ ဒေသခံရွာသားများကို ဖမ်းဆီးခေါ်ဆောင်လာသည့် စစ်ကြောင်းသည် မာလကာချောင်းတွင် ဒေသခံများကို ထပ်မံ ဖမ်းဆီးခဲ့သည်၊ ထိုမှတစ်ဆင့် သရက်တောင်ကြီးရွာ၊ အောက်သရက်ချောင်းရွာတို့မှ ဒေသခံများကို လူသားဒိုင်းအဖြစ် ထပ်မံ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သရက်ချောင်း ပ.အ.ဖ ပြန်ကြားရေးတာဝန်ခံ ကိုဖြိုးကိုကိုက ပြောသည်။

“သူတို့အင်အားက ၅၀ လောက်ရှိတယ်။ လူသားဒိုင်းလုပ်ထားတဲ့ ပြည်သူတွေနဲ့ အကုန်လုံးနဲ့ ပေါင်းလိုက်ရင်တော့ လူ ၈၀ လောက်ရှိတယ်။ တချို့ ရွာသူရွာသားတွေကို သူတို့ရဲ့ ယူနီဖောင်းတွေ ပေးဝတ်ထားတာမျိုးတောင်ရှိတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါကျေးရွာများကို ပစ်ခတ်မှု၊ ဒေသခံတို့ကို လူသားဒိုင်းအဖြစ် အသုံးပြုမှုတို့နှင့် ပတ်သက်ပြီး အာဏာသိမ်း စစ်ကောင်စီကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီကမူ ၎င်းတို့၏ လက်နက်ကိုင်များက ပြည်သူများကို အကာအကွယ်ပေးနေသည်ဟု ရံဖန်ရံခါ တုံ့ပြန်တတ်သည်။

အမှတ် (၃) စစ်ဒေသခွဲ တောင်ပိုင်းစစ်ဒေသ၊ ဒုစစ်ဒေသခွဲမှူး ရဲဘော်ဂျူပီတာက စစ်တပ်သည် အောက်သရက်ချောင်းရွာမှ ဆယ်ကျော်သက်လူငယ် ၃ ဦးကို ဖမ်းဆီးသွားပြီး မျက်နှာကို ဓားဖြင့် လှီးကာ ညှဉ်းပန်း နှိပ်စက်ထားသည်၊ နေအိမ်တချို့ကို ဖျက်ဆီးပြီး ပြည်သူပိုင်ပစ္စည်းများကိုလည်း သိမ်းယူသည်ဟု ပြောသည်။

“အဓိကတော့ စပြီးတော့ ရောက်လာတဲ့ အနီးစပ်ဆုံးရွာကနေ စပြီးတော့ ရွာတွေမှာ ဝင်မွှေတယ်။ လူတွေကို ဖမ်းတယ်။ လူတွေကို ဖမ်းပြီးမှ နောက်တစ်ရွာ၊ နောက်တစ်ရွာကို သွားတဲ့အချိန်ကျရင် အဲဒီလူတွေကို ရှေ့ဆုံးမှာ ထားပြီးတော့ လူသားဒိုင်းအနေနဲ့ တက်လာကြတာပေါ့” ဟု ၎င်းက ပြောသည်။

ထိုသို့ လူသားဒိုင်းအသုံးပြုမှုကြောင့် ထိတွေ့တိုက်ပွဲများတွင် ပြည်သူလူထု မထိခိုက်စေရန် ထိန်းသိမ်းရသည်၊ ကျေးရွာ ပြည်သူ့အုပ်ချုပ်ရေး၊ ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာ သတ်မှတ်ထားသည့်နေရာများသို့ အချိန်မီသွားရောက်ပေးရန် လိုအပ်သည်ဟု ၎င်းက ဆက်ပြောသည်။

“အဲ့လိုမှ မဟုတ်ဘဲ မိမိရဲ့ အိမ်မှာပဲ နေမယ်ဆိုရင်တော့ ပြည်သူတွေအတွက် စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကို ခံရလိမ့်မယ်။ ခံရပြီးတော့ လူသားဒိုင်းအနေနဲ့ စစ်ကောင်စီရဲ့ အသုံးချတာကို ခံရပါလိမ့်မယ်” ဟု ၎င်းက ပြောလိုက်သည်။

Show More

Related Articles

Back to top button