
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့အကျဉ်းထောင်မှ အကျဉ်းသားများ စားသောက်ရေး ခက်ခဲလာနေချိန်တွင် ထောင်ဝင်စာပေးပို့မှုလည်း တင်းကျပ်ခံလိုက်ရကြောင်း အဆိုပါထောင်နှင့် နီးစပ်သူများထံမှ သိရသည်။
အခြားထောင်များကဲ့သို့ ထောင်အစားအစာ ညံ့ဖျင်းလွန်းသဖြင့် ပြင်ပအလှူရှင်များ၊ မိသားစုများ ပေးပို့ကူညီမှုကို အားပြုနေရသည့် အခြေအနေတွင် ယခုနှစ်ဆန်းမှစ၍ ပြင်ပမှ ပေးပို့မှု ရပ်တန့်သွားကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ဆိုသည်။
“ထောင်ထဲမှာ ပါဆယ်တွေ လုံး၀ ပြတ်နေတယ်။ သူတို့ကျွေးတဲ့ ဆန်ကြမ်းတွေကိုပဲ နေ့တိုင်း စားနေရတာ။ တစ်ခါတလေ ဟင်းလေး စားချင်လို့ အကြွေးနဲ့ ယူစားထားတာ …အကြွေးတွေလည်း တင်နေကြတယ်လို့ ကြားတယ်” ဟု ထိုအမျိုးသမီးက ပြောသည်။
အမျိုးသားဆောင်အတွင်း ဝဲ၊ ယားနာ စသည့် အရေပြားဆိုင်ရာ ရောဂါ အဖြစ်များနေသလို အမျိုးသမီးဆောင်အတွင်း လစဉ်သုံးပစ္စည်းများ လိုအပ်နေသည်ဟု ၎င်းက ဆိုသည်။
လားရှိုးထောင်နှင့် နီးစပ်သည့် အမျိုးသမီးတစ်ဦးကလည်း ထောင်ဝင်စာဟု ခေါ်သည့် ပြင်ပမှ ပစ္စည်း ပေးပို့ရာတွင်လည်း ကန့်သတ်ချက်များနှင့် ရင်ဆိုင်နေရကြောင်း ပြောသည်။
“ပါဆယ် သွားပို့တဲ့လူရဲ့ မှတ်ပုံတင်ရော တောင်းတယ်။ CCTV ရှေ့မှာ မတ်တပ်ရပ်ရတယ်။ ဓာတ်ပုံရိုက်တယ်။ နိုင်ကျဉ်းအများစုကလည်း မိသားစုဝင်တွေ လားရှိုးမှာ ရှိမနေကြဘူး။ အလှူရှင် ရှိရင်တောင်မှ ဘယ်သူက ထောင်ကို ကပ်ရဲမှာလဲ” ဟု သူက ပြောသည်။
“၁၀၂၇ စစ်ဆင်ရေး” စတင်ပြီးနောက် လားရှိုးမြို့၏ အနီးဆုံးမြို့များဖြစ်သည့် နမ္မတူ၊ ကွတ်ခိုင်နှင့် သိန္နီမြို့တို့ကို မြောက်ပိုင်းသုံးဖွဲ့က ထိန်းချုပ်လိုက်ပြီးနောက်တွင် နောက်ထပ်စစ်ရေးပစ်မှတ်မှာ လားရှိုးမြို့ဖြစ်လာနိုင်သည်ဟု ဒေသခံများက ယူဆကာ အများအပြားက မြို့မှ ထွက်ခွာသွားကြသည်။
ထိုသို့ ထွက်ခွာသွားသူများထဲတွင် နိုင်ကျဉ်းများကို လှူဒါန်းထောက်ပံ့နေသူများလည်း ပါဝင်သည်ဟု သိရသည်။

ယခင်က တအာင်း/ပလောင်အရပ်ဘက်အဖွဲ့အစည်းတချို့နှင့် ပုဂ္ဂလိကအလှူရှင်တို့၏ အလှူငွေများ၊ အစာခြောက်၊ ဟင်းခြောက်များ ထောင်ထဲ ရောက်ခဲ့ကြောင်း အထက်ပါ နိုင်ကျဉ်းဟောင်းအမျိုးသမီးက ဆိုသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် တာဝန်ရှိသူ ကိုသိုက်ထွန်းဦးကလည်း လားရှိုးဝန်းကျင် တိုက်ပွဲပြင်းထန်သည့် ကာလတွင် ၎င်းတို့နှင့် ချိတ်ဆက်လုပ်ဆောင်နေသူလည်း စစ်ရှောင်သွားရသည်ဟု ဆိုသည်။
“အရင်က မြေပြင်တာဝန်ခံတစ်ဦးက လားရှိုးထောင်အတွက် တာဝန်ယူပြီး ကူညီပေးခဲ့ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးမှာ သူလည်း စစ်ရှောင်ရင်း အခြားတာဝန်တွေကြောင့် အနားယူသွားခဲ့ကတည်းက အကူအညီပေးရေး ခဏ ပျက်သွားခဲ့တာ” ဟု ကိုသိုက်ထွန်းဦးက ပြောသည်။
လားရှိုးထောင်တွင် ချမှတ်လိုက်သည့် ကန့်သတ်ချက်မျိုးကို အခြားအကျဉ်းထောင်ကြီးများတွင် ချမှတ်ထားသည်မှာ ကြာပြီဖြစ်သည်။
ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်တွင် ၂၀၂၂ နှစ်ကုန်မှစ၍ ထောင်ဝင်စာပေးပို့သူ တစ်ဦးချင်းကို သန်းခေါင်စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးနေပြီး လုံခြုံရေးစက်ကိရိယာများနှင့် စစ်ဆေးနေသည်ဟု နိုင်ကျဉ်းမိသားစုဝင်များက ပြောသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကလည်း အင်းစိန်ထောင်သို့ ထောင်ဝင်စာ ပါဆယ်ပို့ခြင်း၊ တွေ့ဆုံခြင်းများတွင် နိုင်ကျဉ်းမိသားစုဝင်တို့ စိတ်ပိုင်း၊ ရုပ်ပိုင်း အဆင်မပြေမှုများစွာ ရှိနေသည်ဟု ဧပြီ ၃၀ ရက်နေ့က ထုတ်ပြန်ထားသည်။
လားရှိုးထောင်တွင်မူ ယခုနှစ်ဆန်းမှစတင်၍ တင်းကျပ်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။
ထောင်ဝန်ထမ်းများက ဆေးဝါးပို့မှုကို လက်ခံထားသော်လည်း နိုင်ကျဉ်းများလက်ဝယ်သို့ ရောက်ရန် မသေချာသလို ထောင်တွင်းသတ်မှတ်ထားသည့် ဆေးဝါးများမဟုတ်၍ဟု အကြောင်းပြသိမ်းဆည်းတတ်ကြောင်း၊ ပါရာစီတမော အကိုက်အခဲပျောက်ဆေးတစ်မျိုးသာ ရရှိနေကြောင်း အထက်ပါ နိုင်ကျဉ်းဟောင်းအမျိုးသမီးက ဆိုသည်။
နိုင်ကျဉ်းများကို ကူညီနေသူတစ်ဦး၏ စာရင်းအရ လားရှိုးထောင်တွင် ရှမ်းမြောက်ဒေသခံများ၊ နိုင်ငံအနှံ့မှ လူငယ်များလည်း ရှိနေသည်၊ နိုင်ကျဉ်းအများစုမှာ ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း ဆန္ဒပြသူများနှင့် လက်နက်ကိုင်တော်လှန်နေသူများ အပါအဝင် စုစုပေါင်း ၈၀ ကျော် ရှိကြောင်း သိရသည်။
အမျိုးသမီးနိုင်ကျဉ်း ၅၂ ဦးရှိပြီး ထောင်တစ်သက်တစ်ကျွန်းချခံထားရသူ ၆ ဦး ပါဝင်သည်၊ အမျိုးသားနိုင်ကျဉ်း ၃၀ ကျော်ရှိပြီး ထောင်တစ်သက်တစ်ကျွန်း ၂ ဦး၊ သေဒဏ် ၁ ဦး ပါဝင်သည်ဟု ထိုစာရင်းက ဆိုသည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း တိုင်းရင်းသားလက်နက်ကိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ဆက်စပ်သည်ဆိုသည့် အကြောင်းပြချက်ဖြင့် လားရှိုးဒေသခံအများအပြားကို စစ်တပ်က ဖမ်းဆီးသည့် သတင်းထွက်ပေါ်လာသည်၊ အများစု ဆက်လက် ပျောက်ဆုံးနေသလို တချို့သာ ထောင်ရောက်သွားသည်။
အာဏာသိမ်းစစ်တပ်က ၎င်းတို့ကို ဆန့်ကျင်သူမှန်သမျှကို ဖမ်းဆီးပြီး ပုဒ်မအမျိုးမျိုးတပ်ကာ ထောင်ချနေရာ နိုင်ကျဉ်းအရေအတွက် ၂၀,၄၁၅ ဦး အနည်းဆုံး ရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက မေ ၇ တွင် ထုတ်ပြန်ထားသည်။
မြန်မာနှစ်ဆန်းတစ်ရက်နေ့ (ဧပြီ ၁၇) တွင် နိုင်ငံအနှံ့ထောင်များမှ အကျဉ်းသား ၃၃၀၃ ဦးကို စစ်ကောင်စီက ပြန်လွှတ်ပေးရာ ထုံးစံအတိုင်း နိုင်ကျဉ်းအနည်းငယ်သာ ပါဝင်ခဲ့သည်။