သတင်း

ထောင်ဝင်စာ စနစ်သစ်ကြောင့် အကျဉ်းသားမိသားစုဝင်များ အခက်တွေ့နေ

ရန်ကုန်မြို့၊ အင်းစိန်ထောင် ပါဆယ်ဌာနတွင် ဗုံးပေါက်ကွဲမှုကြောင့် ပိတ်ပင်ထားခဲ့သည့် ထောင်ဝင်စာ ပေးပို့ခွင့်ကို အောက်တိုဘာ ၃၁ တနင်္လာနေ့က ပြန်ခွင့်ပြုလိုက်သော်လည်း တင်းကျပ်စွာ စစ်ဆေးနေသော ပစ္စည်းလက်ခံမှုစနစ်သစ်ကြောင့် အကျဉ်းသားမိသားစုဝင်များ အခက်အခဲဖြစ်နေသည်။ 

ပေါက်ကွဲမှုမတိုင်ခင်က အထုပ်အပိုးများကို ထောင်ဝင်စာဌာနသို့ ပေးပို့နိုင်သော်လည်း ယခုအခါ အကျဉ်းသားမိသားစုဝင်များနှင့် အစားအသောက်အထုပ်အပိုးများကို အကျဉ်းထောင်ရှေ့၌ စစ်ဆေးနေသောကြောင့် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရသည်။

အင်းစိန်အကျဉ်းထောင်ရှေ့တွင် ထောင်ဝင်စာပေးပို့သူ တစ်ဦးချင်းကို သန်းခေါင်စာရင်းဖြင့် တိုက်ဆိုင်စစ်ဆေးနေပြီး လုံခြုံရေးစက်ကိရိယာများနှင့် စစ်ဆေးနေသည်ဟု နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များထံမှ သိရသည်။  

ထို့နောက် ထောင်ဝင်းအတွင်းရှိ ထောင်ဝင်စာဌာနတွင်လည်း ထပ်မံ စစ်ဆေးနေချိန်တွင် မိုးရွာသွန်းမှုကြောင့် အစားအစာပါဆယ်ထုပ်များလည်း မိုးရေစိုပြီး ပျက်စီးခဲ့ရသည်ဟု နိုင်ကျဉ်းမိသားစုဝင်တစ်ဦးက ပြောသည်။

“ထောင်ဝင်စာပို့တဲ့အချိန်ကတည်းကစပြီးတော့ ပိတ်နေတယ်။ တစ်ယောက်ချင်းစီ ဝင်ရတော့ လူတန်းရှည်သွားတယ်။ လူရော၊ အထုပ်ရောကို Scan ဖတ်တယ်။ ပို့လို့ ရတာကို ပို့တယ်။ ပို့လို့ မရတာကို ဖယ်ထားလိုက်တယ်” ဟု ၎င်းက ဆိုသည်။

အင်းစိန်ထောင်ရှေ့၌ စောင့်ဆိုင်းနေသည့် မိသားစုဝင်တချို့။ (ဓာတ်ပုံ-ပေးပို့)

ရန်ကုန်မြောက်ပိုင်းခရိုင်တွင် နေထိုင်သည့် နိုင်ကျဉ်းမိသားစုဝင်တစ်ဦးကမူ ထောင်ရှေ့ စောင့်ဆိုင်းရသည့်နေရာမှာ အမိုးအကာ မရှိသည့်အတွက် ယနေ့ နံနက်က မိုးရွာသွန်းချိန်တွင် ထောင်ဝင်စာ ပေးပို့ရမည့် အစားအသောက် ပါဆယ်ထုပ်များကို သတိထားပြီး ထီးမိုးနေရသည်ဟု ပြောသည်။ 

“ပါဆယ်ကို ဦးစားပေးပြီးတော့ ထီးမိုးနေရတာပေါ့။ လူစိုတာက အရေးမကြီးဘူးလေ။ ပါဆယ်တွေ မစိုရင် ပြီးတာပဲဆိုပြီးတော့ ထီးမိုးပေးနေရတယ်။ အားတင်းထားပါတယ်။ သူတို့အလှည့် ပြန်လာဦးမှာပေါ့” ဟု ထိုသူက ပြောသည်။

အင်းစိန်အကျဉ်းထောင်ရှေ့တွင် မွန်းလွဲ ၁ နာရီအထိ​ ထောင်ဝင်စာပေးပို့သူ ရာနှင့်ချီရှိနေသည်။ ပစ္စည်းလက်ခံချိန်ကို မွန်းလွဲ ၂ နာရီအထိသာ သတ်မှတ်ထားရာ ထောင်ဝင်စာ ပေးပို့ခွင့် မရတော့မည်ကို တန်းစီနေသူ အများအပြားက စိုးရိမ်နေကြရသည်။ 

ပစ္စည်းပို့ခွင့် ပြန်ရပြီဖြစ်သော်လည်း ကိုဗစ်ကပ်ဘေးအကြောင်းပြ ပိတ်ပင်ထားသည့် လူချင်းတွေ့ဆုံခွင့်ကိုမူ ဆက်လက် ပိတ်ပင်ထားဆဲဖြစ်သည်။

အောက်တိုဘာ ၁၉ က ဖြစ်ပွားခဲ့သည့် အင်းစိန်ထောင် ဗုံးပေါက်ကွဲမှုတွင် အကျဉ်းဦးစီးဝန်ထမ်း ၃ ဦးနှင့် အရပ်သား ၅ ဦး သေဆုံးခဲ့ပြီး ၁၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ထောင်တွင်း လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့ရာ ထောင်ဝင်စာပေးပို့ရန် စောင့်ဆိုင်းနေသည့် အရပ်သားများ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်များက Myanmar Now ကို ဖြေဆိုထားသည်။ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆက်လက် ဖမ်းဆီးခံထားရသူ ၁၂,၈၃ ဦး၊ သေဒဏ်ချမှတ်ခံထားရသူ ၁၂၁ ဦး၊ ပြန်လည်လွတ်မြောက်လာသူ ၃၁၈၁ ဦးအထိ ရှိနေပြီဖြစ်ကြောင်း ဖမ်းဆီးနှိပ်ကွပ်မှုကို လက်လှမ်းမီသမျှ မှတ်တမ်းတင်နေသည့် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) က နိုဝင်ဘာ ၂ တွင် ထုတ်ပြန်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button