သတင်း

မံစီ၊ မိုးမောက် တိုက်ပွဲများကြောင့် အရပ်သားထောင်ချီ ဗန်းမော်သို့ ထွက်ပြေး

KIA က ကချင်ပြည်နယ် မံစီနှင့် မိုးမောက်မြို့တို့တွင် ထိုးစစ်ဆင်ရာ တိုက်ပွဲ ပြင်းထန်နေပြီး ထောင်နှင့်ချီသည့် ဒေသခံများက အနီးဆုံးမြို့ဖြစ်သည့် ဗန်းမော်သို့ သွားရောက် ခိုလှုံနေကြသည်။

မေလ ၇ ရက်နေ့က ကချင်ပြည်နယ် မံစီနှင့် မိုးမောက်မြို့နယ်တို့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ထောင်နှင့်ချီသည့် အရပ်သားများ ဗန်းမော်မြို့သို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံတို့ထံမှ သိရသည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် မဟာမိတ်များက ဗန်းမော်မြို့တောင်ဘက် ၁၂ မိုင်ခန့်အကွာတွင်ရှိသည့် မံစီမြို့နယ်၊ ဗန်းမော်မြို့အရှေ့ဘက် ၁၀ မိုင်ခန့်အကွာတွင်ရှိသည့် မိုးမောက်မြို့နယ်၊ ဗန်းမော်မြို့ အနောက်ဘက် မိုင် ၃၅ ခန့်အကွာ ဧရာတီမြစ်ကမ်းဘေးတွင်ရှိသည့် စင်းခန်းရွာတို့ရှိ စစ်ကောင်စီစခန်းများကို နံနက် ၅ နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံတို့က ဆိုသည်။

တိုက်ပွဲဖြစ်ပွားပြီး နာရီပိုင်းအတွင်း စင်းခန်းရွာနှင့် မံစီမြို့‌ပေါ်ရှိ ရဲစခန်းတို့ကို KIA နှင့် ပူးပေါင်းတပ်များက ထိန်းချုပ်လိုက်ပြီးနောက် တစ်နေ့လုံးနီးပါး တိုက်ပွဲပြင်းထန်ခဲ့သည်၊ စစ်ကောင်စီတပ်တွင် လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူများ အဆက်မပြတ်ရှိခဲ့သည်ဟု သိရသည်။

စစ်ရှောင်များမှာ ဗန်းမော်မြို့ပေါ်ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံနေကြရသည်ဟု စစ်ရှောင်အရေးကူညီသူနှင့် မြို့ခံတချို့က ပြောသည်။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် မိုင်းနား စိန့်ဂျိုးဇက်စစ်ရှောင်စခန်း၌ ခိုလှုံနေသည့် စစ်ဘေးရှောင်ပြည်သူတချို့ကို ၂၀၂၀ မတ် ၆ က တွေ့ရစဉ် (ဓာတ်ပုံ- Myanmar Now)

ဗန်းမော်မြို့ရှိ ခရစ်ယာန်ဘုရားကျောင်းပေါင်း ၁၀ ခုထက်မနည်းတွင် ခိုလှုံသူများ ရောက်နေကြသည်၊ တချို့ကလည်း ဆွေမျိုးနီးစပ်တော်စပ်သူတို့၏ အိမ်များတွင် နေထိုင်ကြသည်ဟု စစ်ရှောင်အရေးကူညီနေသူ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တစ်ဦးက ဆိုသည်။

ဗန်းမော်မြို့ပေါ်မှ စစ်ရှောင်တချို့မှာ KIA ထိန်းချုပ်ထားသော မြို့သစ်၊ ကုန်းလော စသည့် ကျေးရွာများဘက်သို့ တိမ်းရှောင်သွားသူများလည်း ရှိနေသည်ဟု သူက ပြောသည်။

“Church ကျောင်းတွေ အကုန်ပြည့်တယ်၊ အားလုံး ၁၀ ခုကျော်ရှိတာ၊ တခြားဘုန်းကြီးကျောင်းတွေမှာလည်း အများကြီးရောက်တယ် ပြောတယ်။ ဒါပေမဲ့ တခြားရွာတွေဘက်ကို ပြန်ထွက်သွားသူတွေလည်း ရှိတော့ အရေအတွက်တော့ ပြောရခက်နေတယ်” ဟု သူက ပြောသည်။

“အခုသူတို့ လတ်တလောရှောင်ကြတဲ့သူတွေက အချို့က ဆန်တွေ ဘာတွေ ပါလာကြတယ်။ ကျွန်တော်တို့ အသင်းတော်ကနေ ကူညီတာတွေလည်း ရှိတယ်။ မပါတဲ့သူတွေကိုလည်း ကျွန်တော်တို့ ကူညီပေးထားပါတယ်”

၂၀၁၄ သန်းခေါင်စာရင်းအရ မံစီမြို့တွင် လူဦးရေ ၈၀၀၀ ကျော်၊ မိုးမောက်မြို့တွင် လူဦးရေ ၁၀၀၀၀ ကျော် ရှိသည်၊ နေထိုင်သူ လူဦးရေမှာ ထိုမှတ်တမ်းထက် ပိုမိုများပြားနေသည်ဟု ဒေသခံတချို့က ပြောသည်။

မိုးမောက်မြို့တွင် ဧပြီလကုန်ပိုင်းကပင် မြို့ပေါ်တိုက်ပွဲများဖြစ်ပွားမှုကြောင့် အများစုမှာ ဗန်းမော်မြို့သို့ ရောက်ရှိလာကြခြင်းဖြစ်သည်။

မကြာသေးမီက မံစီမြို့ခံ ထက်ဝက်ခန့်မှာ မြို့အထက်ဘက် မိုင်းခေါင်၊ ကောင်ဂျာ၊ မုန်းဒိန် စသည့် ကျေးရွာများသို့ တိမ်းရှောင်သွားကြသော်လည်း ကျန်ဒေသခံများမှာ နေမြဲအတိုင်းသာ နေခဲ့ကြသည်ဟု သိရသည်။

မံစီမြို့မှ ဗန်းမော်သို့ ရောက်သွားသူ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ရုတ်တရက် တိမ်းရှောင်လာကြရသည့်အတွက် အဝတ်အစားတချို့သာ ယူလာခဲ့နိုင်သည်ဟု ဆိုသည်။

“တကယ်မဖြစ်ဘူးထင်လို့လေ၊ အခုက ဘာမှလည်း မယူနိုင်ခဲ့ဘူး။ အကုန်ထားခဲ့ရတယ်၊ လူပဲ ပြေးလာခဲ့ရတာ” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

ယမန်နေ့က တိုက်ပွဲဖြစ်ပွားနေစဉ် မြို့ပြင်ရှိ စစ်ကောင်စီ ခလရ (၆၀၁) တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၅၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး ဒေသခံတချို့ ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဒေသတွင်းသတင်းဌာနဖြစ်သည့် The 74 Media က ရေးသားထားသည်။

လတ်တလော စစ်ရှောင်ကူညီသူအဖြစ် ဆောင်ရွက်ပေးနေသည့် ဗန်းမော်မြို့ခံ အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးက အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် ကိုယ်လွတ်ရုန်းပြေးလာရသူ များသည့်အတွက် လှူဒါန်းမှုမရှိပါက စစ်ရှောင်များအတွက် ရိက္ခာပြတ်လာနိုင်သည်ဟု ၎င်းက ပြောသည်။

“တိုက်ပွဲတွေက ဘယ်လောက်ကြာဦးမယ် မသိဘူး၊ အချို့ဆို ရောက်နေတာ တစ်ပတ်ကျော်ပြီ။ အခုထပ်ရောက်လာတာတွေလည်း လူတောင်မရေနိုင်သေးဘူး၊ ရေရှည်ဆိုရင်တော့ မလွယ်ဘူး” ဟု သူက ပြောသည်။

ဒေသတွင်း စစ်ရေးနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိပေ။

ယမန်နေ့က တိုက်ပွဲများပြီးသည့်နောက် ယနေ့ နံနက်တွင် မိုးမောက်နှင့် မံစီမြို့များတွင် တိုက်ပွဲတချို့ဖြစ်ပွားနေသည်ဟု သိရသော်လည်း အသေးစိတ်အခြေအနေများကို မြေပြင်မှ သတင်းပို့လာခြင်းမရှိသေးကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“တိုက်ပွဲ ဆက်ဖြစ်တယ်ဆိုတာကတော့ ကြားပါတယ်။ လေကြောင်းနဲ့လည်း စကစဘက်က ပစ်ကူတယ်ဆိုတဲ့ သတင်းကတော့ ကြားပါတယ်။ မြေပြင်အခြေအနေတွေ ဘာမှမကြားရသေးဘူး အခုကတော့” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဗန်းမော်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းများဘက်မှ လက်နက်ကြီးပစ်ခတ်သံ ယမန်နေ့ညမှ ယနေ့ မွန်းလွဲ ၁ နာရီခန့်အထိ ကြားရသည်ဟု ဗန်းမော်မြို့ခံတချို့က ပြောသည်။ မံစီမြို့ဘက်သို့ ပစ်ခတ်ခြင်း ဖြစ်နိုင်သည်ဟု ဆိုသည်။

ယခုနှစ် မတ် ၇ ရက်က စတင်သည့် ကချင်ထိုးစစ်သည့် ဝိုင်းမော်၊ မိုးမောက်၊ မံစီ၊ လွယ်ဂျယ်၊ ဗန်းမော်၊ ဆင်ဘို၊ ဖားကန့်၊ ဆွမ်ပရာဘွမ် စသည့် မြို့နယ်များတွင် ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့သည်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနိုင်းရေးရုံး (UNOCHA) ၏ နောက်ဆုံးရ အချက်အလက်များအရ ကချင်ထိုးစစ်စတင်ပြီးနောက် မြို့ ၁၀ မြို့အတွင်းရှိ လူဦးရေပေါင်း ၁၈၀၀၀ ကျော် နေရပ်စွန့်ခွား ထွက်ပြေးနေရသည်၊ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူဦးရေ ၂.၆ သန်းခန့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည်ဟု သိရသည်။

Show More

Related Articles

Back to top button