
လွန်ခဲ့သော ငါးနှစ်ထက် လျော့နည်းကျဆင်းခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်အပေါ် လက်မခံနိုင်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ထိပ်တန်းခေါင်းဆောင်များက ပြောကြားလိုက်သည်။
ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးဝေလွင်၊ ဦးသောင်းအေးနှင့် ပြောခွင့်ရပုဂ္ဂိုလ်များဖြစ်ကြသည့် ဦးသိန်းထွန်းဦးနှင့် ဒေါက်တာနန္ဒာလှမြင့်တို့ ဦးဆောင်ကာ နေပြည်တော်၌ ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“ဒီရလဒ်ကို ကျွန်တော်တို့အသိအမှတ်မပြုပါဘူးခင်ဗျ”ဟု ပြည်ခိုင်ဖြိုးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ဒေါက်တာနန္ဒာလှမြင့်သည် ရှမ်းပြည်နယ်၊ ကလောမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် ဝင်ပြိုင်ခဲ့သူဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကိုယ်စားလှယ်ကို မဲလေးသောင်းကျော်အကွာဖြင့် အရေးနိမ့်ခဲ့သူဖြစ်သည်။
ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ရွေးကောက်ပွဲတွင် မသမာမှုများရှိနေသည်ဟု ဆက်တိုက်ပြောဆိုနေရခြင်းမှာ ရွေးကောက်ပွဲရလဒ်ကို ကန့်ကွက်လို၍ မဟုတ်ဘဲ ရာဇဝင်မရိုင်းစေချင်လို့ဖြစ်ကြောင်းလည်း ယနေ့သတင်းစာရှင်းလင်းပွဲတွင် ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်များက ပြောကြားခဲ့သည်။
“အနိုင်အရှုံး ပြည်သူ့ရဲ့ဆန္ဒကို လေးစားတယ်။ နိုင်ငံရေးပါတီတွေရဲ့ သက်တမ်းဟာ ငါးနှစ်ပဲ။ ရွေးကောက်ပွဲယဉ်ကျေးမှုအရ ရလဒ်ကို လက်မခံလို့ ပြောနေတာမဟုတ်။ ဒီယဉ်ကျေးမှုကို ကျွန်တော်တို့ကိုယ်တိုင်က လမ်းကြောင်းပေါ်တင်ပေးခဲ့တဲ့ ပါတီကြီးဖြစ်ပါတယ်” ဟု ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။
ပြည်ခိုင်ဖြိုးပါတီသည် ရွေးကောက်ပွဲတွင် တစ်နိုင်ငံအတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပါတီဖြစ်ပြီး ပြည်သူ့သားသမီးများနှင့် ဖွဲ့စည်းထားသည့် ပြည်သူ့ပါတီကြီးဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
ပါတီဗဟိုအလုပ်အမှုဆောင်လည်းဖြစ်၊ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် ဝင်ပြိုင်ခဲ့ပြီး NLD အမတ်ကို ရှုံးနိမ့်ခဲ့သူလည်းဖြစ်သည့် ပြည်ခိုင်ဖြိုးထိပ်သီး ဦးသောင်းအေးကလည်း တက်ရောက်ပြီး ရွေးကောက်ပွဲရလဒ်ကို မေးခွန်းထုတ်ခဲ့သည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီကမဲမှာ ၂၀၁၅ကရသည့် အရေအတွက်အောက် ၈၀၀၀ ကျော် လျော့နည်းခဲ့ခြင်း၊ ၂၀၂၀တွင် ပြိုင်ဘက် NLDအမတ်ရရှိသည့် မဲအရေအတွက်မှာ ၂၀၁၅ ကထက် ၄၀၀၀၀ ကျော် တစ်ဟုန်ထိုးတိုးသွားခြင်းစသည့် ကိန်းဂဏန်းများကို ထုတ်ဖော်ပြသ၍ လက်ရှိရလဒ်အပေါ် သံသယရှိကြောင်း ၎င်းက ပြောခြင်းဖြစ်သည်။
“ဒါဟာဖြစ်နိုင်ခြေရှိရဲ့လား”ဟု ဦးသောင်းအေးက ဆိုသည်။
ဦးသောင်းအေးက ၎င်းကိုယ်တိုင် အချိန်ယူပြုစုရှာဖွေထားသည်ဆိုသော မဲစာရင်းတွင် အငြင်းပွားဖွယ်ရာအချက်အလက်များ၊ လူတွေ့မေးမြန်းထားသည်ဆိုသော ဗီဒီယိုဖိုင်များကို ထုတ်ဖော်ပြသခဲ့ပြီး ၎င်း၏ မဲဆန္ဒနယ်အတွင်း တစ်ကြိမ်ထက်ပိုမဲပေးသူ၊ မှတ်ပုံတင်မပါဘဲ မဲပေးသူ စသဖြင့် မဲစာရင်းတွင် သံသယဖြစ်ဖွယ်လူဦးရေမှာ ငါးသောင်းကျော်ရှိသည်ဟုလည်း ဆိုသည်။
ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် ၎င်းကို အနိုင်ယူခဲ့သည့် NLDကိုယ်စားလှယ် ဒေါက်တာဝင်းမောင်ကမူ ဦးသောင်းအေးစွပ်စွဲသကဲ့သို့ မတရားပြုကျင့်မှုမျိုး ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်းပြောသည်။
“ရလဒ်က အမှန်ပဲလို့ သုံးသပ်ပါတယ်။ ကျွန်တော်တို့က မသမာမှုလည်းမလုပ်ခဲ့ဘူး။ မသမာမှုမဖြစ်အောင်လည်း အထူးစောင့်ရှောက်ခဲ့တယ်”ဟု ဒေါက်တာဝင်းမောင်က ပြောသည်။
ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ၂၀၁၀ ရွေးကောက်ပွဲအပြီး ပြည်ခိုင်ဖြိုးအစိုးရဖွဲ့ခွင့်ရချိန်၌ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးသည့် ဦးဝေလွင်လည်း တက်ရောက်ခဲ့ပြီး ၂၀၂၀ တွင်ကြုံရသည့် ၎င်း၏ အရှုံးရလဒ်မှာ မဖြစ်နိုင်ကြောင်း ပြောသည်။
ပြည်ခိုင်ဖြိုး၏ ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌဖြစ်သူ ဦးဝေလွင်မှာ ၂၀၁၅ ရွေးကောက်ပွဲကတည်းက ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် ပြိုင်ဘက်ဖြစ်ခဲ့သည့် NLDအမတ် ဦးတင်သစ်(ခ) ဦးရည်မွန်ကို ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ထပ်မံရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
၂၀၁၅က ၎င်းတို့နှစ်ဦးကြား မဲကွာဟချက် ၂၀၀ ပင်မပြည့်သော်လည်း ၂၀၂၀ တွင် ၁၀၀၀၀ ကျော်သွားခဲ့ခြင်းမှာ မဲစာရင်းမသမာမှုများကြောင့်ဟု သံသယရှိကြောင်း ဦးဝေလွင်က ပြောသည်။
“လွန်ခဲ့တဲ့ လေးငါးနှစ်ကတည်းက ပုဗ္ဗသီရိမှာ တောက်လျှောက် ပြည်သူနဲ့ ထိတွေ့မှု မပြတ်ရှိခဲ့တယ်။ အခုရွေးကောက်ပွဲဝင်မှ ဦးဝေလွင်က ဒီပုဗ္ဗသီရိထဲ ဝင်တာမဟုတ်ဘူး”ဟု ၎င်းက ပြောသည်။
ဦးဝေလွင်ကို ယခင်ထက်မဲဖြတ်၍ အနိုင်ရခဲ့သူ ဦးတင်သစ်(ခ)မောင်ရည်မွန်ကမူ ၂၀၁၅က ဗုဗ္ဗသီရိမြို့နယ်သို့ ဒေသအတွေ့အကြုံမရှိဘဲ အစိမ်းသက်သက်ဝင်ပြိုင်ခဲ့၍သာ မဲမပြတ်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ငါးနှစ်အတွင်း ၎င်း၏ ခြေစွမ်းပြနိုင်မှုများကြောင့် ၂၀၂၀တွင် ပြည်ခိုင်ဖြိုးကို မဲအပြတ်အသတ်သာခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
“မဲစာရင်းကို စိတ်တိုင်းကျပြင်ဆင်ထားတယ်ဆိုတဲ့ လုပ်ပိုင်ခွင့်မျိုးက ကျွန်တော်တို့မှာမရှိဘူး”ဟု ဦးရည်မွန်(ခ)မောင်တင်သစ်က ပြောသည်။
ယနေ့ သတင်းစာရှင်းလင်းပွဲသို့ ပြည်ခိုင်ဖြိုးဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးတို့လည်း တက်ရောက်ကျပြီး ၎င်းတို့ကလည်း အထက်ပါကဲ့သို့ပင် မဲပေးမှုနှင့် မဲစာရင်းသံသယဖြစ်ဖွယ် အခြေအနေများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်တွေ့ဆုံဆွေးနွေးခွင့်မရခဲ့ခြင်းများကို ပြစ်တင်ဝေဖန်ခဲ့ကြသည်။
“မဲစာရင်းတွေအမျိုးမျိုး ပြင်ဆင်ဖြည့်သွင်းရေးဆွဲထားခြင်းအပေါ်မှာ အခြေခံပြီးတော့ တရားမဲ့ပြုကျင့်မှုတွေ လုပ်ဆောင်လို့ရနေခြင်းပဲဖြစ်ပါတယ်”ဟု ဦးသောင်းအေးက ပြောသည်။
သို့သော် ထိုသို့သော ကိစ္စများအားလုံးကို ရွေးကောက်ပွဲကန့်ကွက်မှုအဖြစ် ကျပ်ငွေ ငါးသိန်းသွင်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ဥပဒေပြဋ္ဌာန်းချက်များအတိုင်း ကန့်ကွက်ရန်ရှိမရှိကိုမူ ပြည်ခိုင်ဖြိုးတာဝန်ရှိသူတို့က ယတိပြတ်မပြောကြသေးပေ။
“အနိမ့်ဆုံးတော့ ၅၀(မဲဆန္ဒနယ်)ထက်မနည်း ကန့်ကွက်သွားဖို့ ရှိပါတယ်”ဟု ဦးသိန်းထွန်းဦးက ပြောသည်။
လက်ရှိတွင် ရွေးကောက်ပွဲမတရားပြုကျင့်မှုများနှင့် စပ်လျဉ်း၍ ရဲအရေးပိုင်သည့်အမှု ၁၇၀ကျော်၊ ဒေသဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံ တိုင်ကြားမှု ၁၀၀၀ ကျော် ဆောင်ရွက်ပြီးဖြစ်သည်ဟု ၎င်းက အသိပေးသည်။
ပြည်ခိုင်ဖြိုး၏ စွပ်စွဲချက်များနှင့်ပတ်သက်၍ ပျော်ဘွယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့နှင့် အကျုံးဝင်သည့် မန္တလေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံ Myanmar Nowက ဆက်သွယ်မေးမြန်းရာ မသမာမှုရှိသည်ဆိုလျှင် ဥပဒေအရ ကျပ်ငါးသိန်းသွင်း၍ ကန့်ကွက် လွှာတင်သွင်းသင့်ကြောင်း အတွင်းရေးမှူး ဦးကျော်ကျော်စိုးက အကြံပြုသည်။
“ဥပဒေအတိုင်း ဆက်လုပ်ကြပေါ့။ ဥပဒေမှာ အခွင့်အရေးတွေပါပြီးသားပဲ” ဟု ၎င်းက ပြောသည်။
ပြည်ခိုင်ဖြိုးပါတီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဝင်ပြိုင်ခြင်းမရှိသော ၂၀၁၀ ရွေးကောက်ပွဲတွင် အစိုးရဖွဲ့နိုင်သည်အထိ အနိုင်ခဲ့ဖူးသော်လည်း NLD ဝင်ပြိုင်သည့် ၂၀၁၅ ရွေးကောက်ပွဲတွင်မူ အစိုးရဖွဲ့ရန် အခရာကျသည့် ပြည်ထောင်စုလွှတ်တော်၌ ၄၁ နေရာသာ အနိုင်ရခဲ့ပြီး အာဏာလက်လွှတ်ခဲ့ရသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီက ပြည်ထောင်စုလွှတ်တော် ၃၃ နေရာတွင်သာ အနိုင်ရတော့သဖြင့် အစိုးရဖွဲ့နိုင်ငံရေး နီးစပ်မှုမရှိတော့သည့်အပြင် လွှတ်တော်အတွင်း၌ပါ အင်အားလျော့နည်းသွားမည်ဖြစ်သည်။
ထိုသို့ ရွေးကောက်ပွဲရလဒ် ထပ်မံကျဆင်းမှုများကြောင့် ပါတီခေါင်းဆောင်မှုအပိုင်း ပြောင်းလဲရန် ရှိမရှိကိုလည်း ပြည်ခိုင်ဖြိုးတာဝန်ရှိသူတို့ဘက်က အတည်မပြုကြသေးပေ။
ငါးနှစ်တစ်ကြိမ်ကျင်းပရမည့် ပါတီညီလာခံကို လာမည့် ၂၀၂၁အတွင်း ကျင်းပပြီးစီးမှသာ ရာထူးအဆင့်ဆင့် ပြန်လည်ရွေးချယ်မှုများလုပ်ဆောင်မည်ဖြစ်ပြီး လက်ရှိ ပါတီဝင်ခေါင်းဆောင်များ၏ သက်တမ်းသည်လည်း ငါးနှစ်သာဖြစ်သည်ဟု ဆိုသည်။