
မန္တလေးမြို့တွင် ဉာဏ်ရည်တုနည်းပညာသုံး စောင့်ကြည့်ကင်မရာများ တပ်ဆင်ရေး “Mandalay Safe City” စီမံကိန်းအကောင်အထည်ဖော်ရန် တရုတ်နည်းပညာကုမ္ပဏီ Huawei နှင့် စာချုပ် ချုပ်ဆိုပြီးဖြစ်ကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့မှ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ပြောသည်။
ငွေကျပ် ၁ ဒသမ ၉ ဘီလျံကုန်ကျမည့် ယင်းစီမံကိန်းအတွက် Huawei ကုမ္ပဏီနှင့် နိုဝင်ဘာလကုန်ပိုင်းက စာချုပ်ချုပ်ဆိုခဲ့ပြီး မန္တလေးခရိုင်အတွင်းရှိ မြို့နယ် ၇ ခုအနက် မဟာအောင်မြေ၊ ချမ်းမြသာစည်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့တွင် ၆ လအတွင်း စတင်အကောင်အထည်ဖော်မည်ဟု သိရသည်။
အဆိုပါစီမံကိန်းအရ မြို့လုံခြုံရေးနှင့် မှုခင်းကျဆင်းရေးအတွက် အချက်အချာကျသောနေရာများ၊ လမ်းဆုံမီးပွိုင့်များတွင် ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနများသို့ သတင်းဆက်သွယ် ပေးပို့မည့်စနစ်နှင့် ဉာဏ်ရည်တုနည်းပညာ (Artificial Intelligence – AI) သုံး စောင့်ကြည့်ကင်မရာများ တပ်ဆင်သွားမည် ဖြစ်သည်။
“ရဲက မှုခင်းဖြစ်တဲ့ဆီ အချိန်မီသွားနိုင်မယ်။ စနစ်ထဲမှာ မျက်နှာတို့၊ ကားနံပါတ်ပြားတို့ မှတ်သားတာလည်း ပါတော့ မှုခင်းတစ်ခုခုဖြစ်ရင် ကျူးလွန်သူက ဘယ်သူဆိုတာမျိုး ရဲမှတ်တမ်းတွေနဲ့ တိုက်ဆိုင် စစ်ဆေးကြည့်လို့ရမယ်” ဟု စီမံကိန်းနှင့် ပတ်သက်၍ ဝန်ကြီးဦးဇာနည်အောင်က Myanmar Now ကို ပြောသည်။
ယင်းစီမံကိန်းနှင့်ပတ်သက်၍ ၂၀၁၉ ခုနှစ် နှစ်ဆန်းက ပြုလုပ်ခဲ့သော မန္တလေးစီးပွားရေးဖိုရမ်၌ တိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပထမဆုံးအကြိမ် ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။
တင်ဒါခေါ်ယူခြင်းမရှိဘဲ တရုတ်ကုမ္ပဏီ Huawei ကို လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းအပေါ် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ကန့်ကွက်ခဲ့ရာ စီမံကိန်းစာချုပ်မူကြမ်းကို ၂၀၁၉ နှစ်လယ်ပိုင်းတွင် နိုင်ငံတော်သမ္မတရုံးနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးကို တင်ပြခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများ၏ သဘောထားမှတ်ချက်လည်း တောင်းခံခဲ့ရသည်ဟု သိရသည်။
စီမံကိန်းတွင် တစ်စုံတစ်ခု လွဲချော်ပါက ပြဿနာတက်နိုင်သဖြင့် စာချုပ်ကို အမှားမခံဘဲ စနစ်တကျ ပြင်ဆင်မည်ဖြစ်ကြောင်း ၂၀၁၉ ခုနှစ်နှစ်လယ်ပိုင်းတွင် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ထုတ်ဖော်ပြောကြားခဲ့သည်။
ယခုနှစ် မေလအတွင်း Swiss Challenge (နိုင်ငံတကာတင်ဒါ) ခေါ်ယူခဲ့ပြီးနောက် တရုတ်ကုမ္ပဏီ Huawei က လုပ်ပိုင်ခွင့်ရရှိခဲ့ကြောင်း မန္တလေးတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက Myanmar Now ကို ပြောသည်။
မန္တလေး Safe City စီမံကိန်းလုပ်ကိုင်ခွင့်ရရှိခဲ့ခြင်းအပေါ် Huawei Myanmar ကို ဆက်သွယ်မေးမြန်းရာတွင် အစိုးရပိုင်စီမံကိန်းဖြစ်နေသည့်အတွက် အသေးစိတ်အချက်အလက်များ ဖြေကြားပိုင်ခွင့် မရှိကြောင်း အကြောင်းပြန်ခဲ့သည်။
“ရဲတပ်ဖွဲ့ရဲ့ လုပ်ကိုင်နိုင်စွမ်းကို တိုးမြှင့်ပြီး ရာဇဝတ်မှုနှုန်းလျှော့ချရာမှာ Huawei ရဲ့ နည်းပညာက ထောက်ပံ့ကူညီနိုင်မယ်လို့ မန္တလေးတိုင်းအစိုးရက ယုံကြည်ပြီး ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်” Huawei Myanmar ၏ ပြည်သူ့ဆက်ဆံရေးဌာနအကြီးအကဲ မစ္စတာ Zhou Kai က ပြောသည်။
Huawei ကုမ္ပဏီသည် ကမ္ဘာပေါ်ရှိ မြို့ပေါင်း ၇၀၀ ကျော်တွင် မြို့ပြုလုံခြုံရေးဆိုင်ရာ Safe City စီမံကိန်းများ အကောင်အထည်ဖော်ပြီးဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
တရုတ်နိုင်ငံမှ ထိပ်သီး မိုဘိုင်းဆက်သွယ်ရေး နည်းပညာကုမ္ပဏီဖြစ်သော Huawei သည် 5G ဆက်သွယ်ရေးကွန်ရက်နည်းပညာမှတဆင့် သတင်းအချက်အလက်များ ကြားဖြတ်ထောက်လှမ်း ရယူနိုင်သည်ဟူသော စွပ်စွဲချက်များဖြင့် အမေရိကန်အစိုးရက ပြီးခဲ့သည့်နှစ်အတွင်း ကန့်သတ်ပိတ်ပင်မှုများ ပြုလုပ် ခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်အစိုးရကြား ကုန်သွယ်ရေးစစ်ပွဲနှင့် 5G နည်းပညာတွင် အမေရိကန်နောက်ကျနေခြင်းကြောင့် တရုတ်နည်းပညာကုမ္ပဏီကို တစ်ဖက်သတ် ဖိအားပေး နှိပ်ကွပ်ခြင်းဖြစ်ကြောင်း Huawei ကုမ္ပဏီက နိုင်ငံတကာတွင် ဖြေရှင်းခဲ့သည်။
သို့သော် တရုတ်နိုင်ငံမှ Huawei ကုမ္ပဏီနှင့် ပတ်သက်၍ အမေရိကန်အပါအဝင် အနောက်နိုင်ငံများက သံသယဖြင့် စောင့်ကြည့်မှုများ ရှိနေဆဲဖြစ်ကာ Huawei ၏ 5G နည်းပညာ တပ်ဆင်ရေးအတွက် အငြင်းပွားမှုအချို့ ရှိနေဆဲလည်း ဖြစ်သည်။
မန္တလေးမြို့တွင် တရုတ်နိုင်ငံမှ Huawei ကုမ္ပဏီ၏ နည်းပညာနှင့် စောင့်ကြည့်ကင်မရာများ တပ်ဆင်မည့်အပေါ် ချမ်းမြသာစည်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ်ဦးတင်အောင်က “မြို့လူဦးရေနဲ့ ရဲတပ်ဖွဲ့အင်အားက မလုံလောက်တော့ မြို့လုံခြုံရေးအတွက် ခုလိုနည်းပညာပိုင်းကူလာတာ ကောင်းပါတယ်” ဟု ပြောသည်။