
တရုတ်နည်းပညာကုမ္ဗဏီ ဟွာဝေး (Huawei) နှင့် ဆောင်ရွက်ရန်စာချုပ်ထားသော “Mandalay Safe City” စီမံကိန်းအတွက် စောင့်ကြည့်ကင်မရာများအပါအဝင် တပ်ဆင်မည့်စက်ကိရိယာများကို မန္တလေးတိုင်းစစ်ကောင်စီထံ ယခင်လက လွှဲပြောင်းပေးပြီးဖြစ်ကြောင်း စုံစမ်းသိရသည်။
စီမံကိန်းအတွက် ပြည်ပမှ မှာယူထားသော စက်ကိရိယာများသည် ၂၀၂၁ ဖေဖော်ဝါရီဒုတိယပတ်တွင် ရောက်လာသည်၊ ၃ လကြာမှသာ ပစ္စည်းများကို သက်ဆိုင်ရာသို့ လွှဲအပ်နိုင်ခဲ့သည်ဟု စီမံကိန်းနှင့် သက်ဆိုင်သော ကုမ္ပဏီများထံမှ သိရသည်။
“ပစ္စည်းတွေက အပ်ပြီးသွားပြီဆိုပေမဲ့ မြေပြင်မှာ လုပ်ငန်းစတင်ဖို့ လမ်းညွှန်မှု ဘာမှမရသေးပါဘူး။ လက်ရှိက စီမံကိန်းယာယီရပ်ထားတဲ့အနေအထားပေါ့။ ဘယ်တော့စမလဲဆိုတာက ညွှန်ကြားလာမယ့်အပေါ် မူတည်ပါတယ်။ စာချုပ်နဲ့ ပတ်သက်ပြီး အပြောင်းအလဲကတော့ ဘာမှမရှိသေးပါဘူး” ဟု စီမံကိန်းလုပ်ပိုင်ခွင့်ရကုမ္ပဏီတစ်ခုမှ အမည်မဖော်လိုသူအကြီးအကဲတစ်ဦးက Myanmar Now ကို ပြောသည်။
ကျပ် ၁.၉ ဘီလျံ ကုန်ကျမည့် ယင်းစီမံကိန်းအား ဟွာဝေးကုမ္ပဏီက ယှဉ်ပြိုင်တင်ဒါ အောင်ခဲ့သည်၊ ACE ကုမ္ပဏီနှင့် ဇာနည် အီလက်ထရောနစ်တို့က တပ်ဆင်ရေးအပိုင်းအတွက် ပြီးခဲ့သော ၂၀၂၀ နိုဝင်ဘာက ထပ်ဆင့်ကန်ထရိုက်ရရှိခဲ့ကြောင်း သိရသည်။
ဇာနည်အီလက်ထရောနစ်မှ တာဝန်ရှိသူတစ်ဦးက လုပ်ငန်းအစပြုရန် အဆင်မပြေသေးဟု Myanmar Now ကို ပြောသည်။
“ကျွန်တော်တို့အနေနဲ့ ဒီလိုအခြေအနေကြီးမှာ လုံခြုံရေးကလည်း ပြောလို့မရသေးတော့ မလုပ်ချင်သေးဘူး။ အားလုံးငြိမ်းငြိမ်းချမ်းချမ်းဖြစ်မှ လုပ်ငန်းစဖို့တော့ တောင်းဆိုထားတယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
Safe City စီမံကိန်းသည် ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနများသို့ ဆက်သွယ်သတင်းပေးပို့မည့်စနစ်နှင့် ချိတ်ဆက်ထားသော မှတ်ဉာဏ်တုနည်းပညာသုံး ကင်မရာများဖြင့် မြို့လုံခြုံရေး၊ မှုခင်းကျဆင်းရေးအတွက် စောင့်ကြည့်မည့် အစီအစဉ်ဖြစ်သည်။
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဦးဆောင်သော တိုင်းအစိုးရအဖွဲ့၏ စီမံကိန်း မူလလျာထားချက်အရ မန္တလေးခရိုင်(၇) မြို့နယ်အတွင်း မှုခင်းဖြစ်ပွားမှုနှုန်းများသော မဟာအောင်မြေ၊ ချမ်းမြသာစည်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့တွင် အကောင်အထည်ဖော်မည်ဖြစ်သည်။
ဒုစရိုက်မှုဖြစ်ပွားလာလျှင် စောင့်ကြည့်ကင်မရာများနှင့် ချိတ်ဆက်ထားသော ဆာဗာများမှတဆင့် နီးစပ်ရာရဲစခန်းများသို့ အကြောင်းကြားပေးမည်ဖြစ်သလို ၎င်းစနစ်အတွင်း မှုခင်းဖြစ်စဉ်တွင် ပါဝင်မည့် ယာဉ်နံပါတ်၊ လူမျက်နှာတို့ကို မှတ်သားထားပြီး ကျူးလွန်သူကို ရဲမှတ်တမ်းဟောင်းများနှင့် တိုက်ဆိုင်စစ်ဆေးကာ အလျင်အမြန်ဖော်ထုတ်နိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။
မန္တလေးတိုင်းအစိုးရက ပြည်ပကုမ္ပဏီတစ်ခုဖြစ်သော ဟွာဝေးနည်းပညာကုမ္ပဏီကို တင်ဒါခေါ်ယူခြင်းမရှိဘဲ လုပ်ကိုင်ခွင့်ပြုခဲ့သည့်အတွက် ပြည်ထောင်စုပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ယင်းစီမံကိန်းကို ၂၀၁၉ နှစ်လယ်ပိုင်းက ကန့်ကွက်ထားသည်။
၎င်းအပြင် စီမံကိန်းစတင်ချပြစဉ်အခါက တရုတ်အခြေစိုက်နည်းပညာကုမ္ပဏီ ဟွာဝေးသည် အမေရိကန်နှင့် မဟာမိတ်အနောက်နိုင်ငံများအကြား 5G ကွန်ရက်ချိတ်ဆက်မှုနှင့် ပတ်သက်၍ သတင်းအချက်အလက်များ ထောက်လှမ်းသည်ဟု ပြင်းပြင်းထန်ထန်စွပ်စွဲခံနေရချိန်ဖြစ်သည်၊ ထိုကဲ့သို့ နာမည်ပျက်သည့်ကုမ္ပဏီနှင့် မြို့လုံခြုံရေးစီမံခြင်းသည် အများပြည်သူဆိုင်ရာသတင်းအချက်အလက်များ ထောက်လှမ်းခံရနိုင်သည်ဟု ဝေဖန်ခဲ့ကြသည်။
ထို့ကြောင့်လည်း စီမံကိန်းမူလရည်ရွယ်ချက်သည် အများပြည်သူလုံခြုံရေးနှင့် မှုခင်းကျဆင်းရေးအတွက်ဖြစ်သော်လည်း တစ်စုံတစ်ခုလွဲချော်ပါက ပြဿနာတက်နိုင်သဖြင့် စာချုပ်ကို အမှားမခံဘဲ စနစ်တကျပြင်ဆင်ခဲ့သည်ဟု ၂၀၁၉ နှစ်လယ်ပိုင်းက ဒေါက်တာဇော်မြင့်မောင်က သတင်းထောက်များကို ထုတ်ဖော်ပြောကြားခဲ့သည်။
သို့ရာတွင် လက်ရှိစစ်ကောင်စီလက်အောက်၌ စီမံကိန်းမူလရည်ရွယ်ချက်အတိုင်း မဟုတ်ဘဲ စာချုပ်သဘောတူညီချက်များအား တစ်စုံတစ်ရာပြောင်းလဲမည် (သို့မဟုတ်) အများပြည်သူများ၏ သတင်းအချက်အလက်များကို စစ်အုပ်ချုပ်ရေးအတွက် မတရားရယူအသုံးချမည်စိုးရိမ်ကြောင်း မြို့ခံအချို့က ဆိုသည်။
“သူတို့အာဏာသိမ်းထားတဲ့ အခုကာလမှာတောင် ခိုးဆိုးလုယက်မှုတွေ ပေါနေတာ။ ပေါ်တင်လုနေကြတဲ့ ယူနီဖောင်းဝတ်တွေ ကြောက်ရ၊ ဓားထောက်လုတဲ့သူခိုးကြမ်းပိုး လန့်နေရချိန်မှာ ဒီလိုစီမံကိန်းကနေ နည်းပညာကတစ်ဆင့် ကျွန်တော်တို့ အနိုင်ကျင့်ခံရမဲ့ကိစ္စမျိုး ထပ်မဖြစ်ဖို့ အရေးကြီးတယ်။ ပြည်သူတွေကို ကြက်ငှက်ဖမ်းသလို ဖမ်းနေတဲ့အချိန်မှာ ကျွန်တော်တို့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေ သူတို့ထိုင်ခုံမြဲဖို့ အသုံးမချဘူးလို့ ဘယ်သူမှ အာမမခံနိုင်ဘူး” ဟု မြို့ခံလူငယ် တစ်ဦးဖြစ်သည့် ကိုမင်းသန့်က Myanmar Now ကို ပြောသည်။
စီမံကိန်းနှင့် ပတ်သက်၍ အာဏာသိမ်းပြီးနောက်ပိုင်း စာချုပ်အပြောင်းအလဲတစ်စုံတစ်ရာရှိ၊ မရှိ Huawei Myanmar ကို ဆက်သွယ်မေးမြန်းခဲ့သည်။
“စီမံကိန်းလုပ်ခွင့်ရခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာကတည်းက စာချုပ်ပါစည်းမျဉ်းတွေအတိုင်း ဟွာဝေးက လိုက်နာခဲ့ပါတယ်။ ဘယ်လိုနိုင်ငံရေးအပြောင်းအလဲအောက်မှာပဲဖြစ်ဖြစ် ကုမ္ပဏီတွေအားလုံးဟာ စာချုပ်ပါ စည်းမျဉ်းစည်းကမ်းတွေလိုက်နာဖို့နဲ့ စီးပွားရေးစာချုပ်ပါ ကိစ္စရပ်တွေကို ဆောင်ရွက်ပေးဖို့ ဆိုတာ နိုင်ငံတကာစံညွှန်းတစ်ခုဖြစ်ပါတယ်” ဟု Huawei Myanmar တာဝန်ရှိသူတစ်ဦးက ဇွန် ၁၈ တွင် စာပြန်ခဲ့သည်။
ဟွာဝေးသည် လူ့အခွင့်အရေးကို အစဉ်လေးစားသလို ပုဂ္ဂိုလ်ရေးဆိုင်ရာလုံခြုံရေးအပါအဝင် ၎င်းနှင့် သက်ဆိုင်သော စီးပွားရေးဆိုင်ရာဥပဒေများအား လိုက်နာလျက်ရှိသည်ဟုလည်း ပြန်စာတွင် ဖော်ပြထားသည်။