သတင်း

ကန့်ကွက်ခွင့်ရှိ၍ ရွေးကောက်ပွဲအချက်အလက်တောင်းခြင်းဖြစ်ကြောင်း တပ်မတော်ထုတ်ပြန် 

နိုင်ငံသားတစ်ဦး၏ ဥပဒေနှင့်အညီ ဆန္ဒမဲပေးပိုင်ခွင့် အခွင့်အရေးနှင့် ကန့်ကွက်ပိုင်ခွင့် အခွင့်အရေးတို့အရ ရွေးကောက်ပွဲကန့်ကွက်လွှာအတွက် စာတမ်းအမှတ်အသားများ ကူးယူခွင့်တောင်းခံခြင်းဖြစ်ကြောင်း ယနေ့ (ဒီဇင်ဘာ ၁၀) တွင် တပ်မတော်က သဘောထားထုတ်ပြန်သည်။ 

တပ်မတော်၏ ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများ ကူးယူခွင့်တောင်းခံခြင်းသည် ဥပဒေနှင့်မညီကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာချက်ထုတ်ပြန်ပြီး သုံးရက်အကြာတွင် တပ်မတော်က ယခုကဲ့သို့ နောက်တစ်ကြိမ် သဘောထားထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်ကူးယူခွင့် ရထိုက်ကြောင်းနှင့် ပွင့်လင်းမြင်သာမှု၊ သန့်ရှင်းမျှတမှုတို့ဖြင့် သံသယများကင်းစင်ပပျောက်မှုကို ဆောင်ကြဉ်းပေးသင့်ပါကြောင်းလည်း ဥပဒေအကိုးအကားများဖြင့် စာမျက်နှာ ၅ မျက်နှာ ပါဝင်သော တပ်မတော်၏ ထုတ်ပြန်ချက်က ဆိုသည်။ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဒီဇင်ဘာ ၇ ရက်ထုတ်ပြန်ချက်အရ တိုင်းနှင့်ပြည်နယ်များရှိ မဲဆန္ဒနယ်အချို့တွင် တပ်ရင်းတပ်ဖွဲ့ မဲဆန္ဒရှင်များ၏ ကန့်ကွက်လွှာ (ရွေးကောက်ပွဲရလဒ်ဆိုင်ရာ) အတွက်ဟုဆိုကာ ကြိုတင်မဲနှင့် ရွေးကောက်ပွဲနေ့တွင် ပေးအပ်သည့် ဆန္ဒမဲဆိုင်ရာအချက်အလက်များကို တပ်မတော်က တောင်းခံနေခြင်းဖြစ်သည်။ 

သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေများအရ ရွေးကောက်ပွဲခုံအဖွဲ့သည် ရွေးကောက်ပွဲကန့်ကွက်မှုများကို စစ်ဆေးဆောင်ရွက်သည့်အခါမှသာ သက်သေခံဥပဒေပါ ပြဋ္ဌာန်းချက်ကို ကျင့်သုံးဆောင်ရွက်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားကြောင်း ကော်မရှင်က ထုတ်ပြန်ကြေညာခဲ့သည်။ 

ကော်မရှင်၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ “စစ်ဆေးရာတွင်” ဆိုသည့် စကားရပ်အစား “စစ်ဆေးသည့် အခါတွင်သာ” ဟူသည့် စကားရပ်ဖြင့် ပြင်ဆင်ဖြည့်စွက်ဖော်ပြထားခြင်းသည် မူရင်းဥပဒေပြဋ္ဌာန်းချက်၏ အနှစ်သာရကို ပျက်စီးစေသည်ဟု တပ်မတော်က တုံ့ပြန်ထားသည်။ 

ထို့ပြင် “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သဘောထားက မည်သို့ပင်ဖြစ်စေကာမူ အခွင့်အရေးအရ တောင်းခံခြင်းဖြစ်ပြီး ဥပဒေနှင့် မညီသော ညွှန်ကြားမှုကို ပြုရာရောက်မည် မဟုတ်ကြောင်း” လည်း တပ်မတော်၏ ထုတ်ပြန်ချက်က ဆိုသည်။ 

သဘာဝမျှတမှု (Natural Justice) မူသဘောကို အခြေခံ၍ ဆောင်ရွက်ပေးရန်လည်း လက်တင်ဥပဒေဆိုရိုး အကိုးအကားများဖြင့် တပ်မတော်က တောင်းဆိုထားသည်။ 

တပ်မတော်၏ ယနေ့ထပ်မံထုတ်ပြန်ချက်၌ ကန့်ကွက်ခွင့်ရှိ၍ အချက်အလက်တောင်းခံခွင့်ရှိသည်ဟု ပါဝင်သော်လည်း မည်သည့်နေရာများတွင် မည်သို့သောအကြောင်းပြချက်ဖြင့် ကန့်ကွက်မည်ကို ရှင်းလင်းစွာ မသိရသေးသလို ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူများထံမှလည်း မှတ်ချက်တစ်စုံတစ်ရာ မသိရသေးပေ။

တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကမူ တပ်မတော်အစိုးရရေးဆွဲပြဋ္ဌာန်းခဲ့သည့် အခြေခံဥပဒေနှင့် ရွေးကောက်ပွဲဆိုင်ရာဥပဒေများကို တပ်မတော်က လေးစားလိုက်နာရန်လိုသည်ဟု မှတ်ချက်ပြုသည်။

အဆိုပါ ဥပဒေများတွင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ UEC ၏အဆုံးအဖြတ်မှာ အပြီးအပြတ်အတည်ဖြစ်သည်ဟု ပြဋ္ဌာန်းထားပြီးဖြစ်သလို မဲစာရင်းမှားယွင်းမှု၊ ရွေးကောက်ပွဲဆိုင်ရာအငြင်းပွားမှု စသည်တို့မှာလည်းကိစ္စရပ်တစ်ခုချင်းစီအလိုက် ဥပဒေပြဋ္ဌာန်းချက်များအတိုင်း သီးခြားဖြေရှင်းရမည်သာဖြစ်ကြောင်း ၎င်းက ထောက်ပြသည်။

“အခုဟာကတော့ ရွေးကောက်ပွဲကော်မရှင်ကို ထိပ်တိုက်ပြောဆို တိုက်ခိုက်နေသလိုမျိုးဖြစ်နေတယ်” ဟု ဦးကြီးမြင့်က ဆိုသည်။

Show More

Related Articles

Back to top button