သတင်း

တပ်မတော်နှင့် ငြိမ်းချမ်းရေးကိစ္စရပ်များ ဆွေးနွေးခဲ့သည်ဟု AA ထုတ်ပြန် 

ရွေးကောက်ပွဲ ကျင်းပခွင့်မရခဲ့သည့် ရခိုင်မြောက်ပိုင်းမြို့နယ်များတွင် ရွေးကောက်ပွဲ ပြန်ကျင်းပနိုင်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များအတွက် တပ်မတော်နှင့်ဆွေးနွေးခဲ့သည်ဟု ရက္ခိုင့်တပ်တော် (AA) က ယနေ့ (ဒီဇင်ဘာ ၂) တွင် ထုတ်ပြန်လိုက်သည်။

“ရွေးကောက်ပွဲများ ပြန်ကျင်းပရန်၊ စားနပ်ရိက္ခာပြတ်လပ်နေသောရွာများသို့ စားနပ်ရိက္ခာများ သယ်ယူပို့ဆောင်ခွင့်၊ ယုံကြည်မှုအပြန်အလှန်ထိန်းသိမ်းရန်” စသည့် အချက်သုံးချက်အပါအဝင် ကိစ္စရပ်များကို နိုဝင်ဘာ ၂၅ တွင် အွန်လိုင်းမှတစ်ဆင့် မိနစ် ၃၀ ကြာ နှစ်ဖက်ထိပ်ပိုင်းခေါင်းဆောင်များ ဆွေးနွေးခဲ့ကြသည်ဟု AA ၏ ထုတ်ပြန်ချက်က ဆိုသည်။ 

ရွေးကောက်ပွဲကျင်းပသည့် နိုဝင်ဘာ ၈ မှစ၍ ရက်သတ္တပတ်သုံးပတ်နီးပါးမျှ နှစ်ဖက်တိုက်ပွဲများ ရပ်တန့်နေပြီးနောက် အဖွဲ့အစည်းနှစ်ခုစလုံးအနေဖြင့် ဒေသခံပြည်သူလူထု၏ အကျိုးစီးပွားကို အလေးထားထည့်သွင်းစဉ်းစား၍ ဆောင်ရွက်လျက်ရှိသည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

“အခုလက်ရှိမှာ ယုံကြည်မှုတည်ဆောက်ဖို့အတွက် ပစ်ခတ်တိုက်ခိုက်မှုတွေမဖြစ်အောင် နှစ်ဖက်စလုံးက ထိန်းသိမ်းလာတာ အခုဆိုရင် ရက်နှစ်ဆယ်ကျော်လောက်ရှိပြီ။ အဲဒီအနေအထားပါပဲ။ အဲဒီအခြေအနေကို ဆက်လက်ပြီးတော့ ထိန်းသိမ်းထားပြီးတော့ ဒီကနေတစ်ဆင့် လူချင်းတွေ့နိုင်ဖို့ ဆွေးနွေးညှိနှိုင်းနေကြတာရှိပါတယ်” ဟု AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ပြောသည်။

 တပ်နှင့် AA တို့ ဆွေးနွေးမှုအပေါ် ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက “တပ်နဲ့ AA က နားလည်မှု တစ်ဆင့်ပြီးတစ်ဆင့် ရလာပြီးတော့ တက်လာတဲ့သတင်းအရဆိုရင် စကားပြောတာတွေတောင် ရှိနေပြီ။ ဒါဟာ တကယ့်ကို ဝမ်းမြောက်ဖို့ကောင်းပါတယ် ”ဟု ပြောသည်။

လက်နက်ကိုင်အဖွဲ့အစည်းနှစ်ခုအနေဖြင့် လူချင်းတွေ့နိုင်ရန် ပြင်ဆင်နေသောကြောင့် ရခိုင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းမွန်နေပြီး ရွေးကောက်ပွဲသာ ပြန်ကျင်းပဖြစ်ပါက အစိုးရ၊ တပ်မတော်နှင့် AA တို့ အကြားတွင် ကောင်းမွန်သည့်ဆက်ဆံရေးဖြစ်လာမည်ဟုလည်း ရခိုင်အမျိုးသား ပါတီ(ANP)၏ မူဝါဒရေးရာအကြံပေးလည်းဖြစ်သော ဦးစံကျော်လှက သုံးသပ်သည်။

တပ်မတော်၏ တောင်းဆိုမှုကြောင့် ဂျပန်အစိုးရ၏အထူးကိုယ်စားလှယ်ဖြစ်သူ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါသည် နိုဝင်ဘာ ၂၈ ရက်တွင် ရခိုင်ပြည်နယ်သို့ လာရောက်ခဲ့ပြီး ပြည်နယ်မြောက်ပိုင်းရှိ ရွေးကောက်ပွဲမကျင်းပနိုင်သော မြို့နယ်များကို သွားရောက်လေ့လာခဲ့သည့်အပြင် စစ်တွေမြို့တွင် ရခိုင်အမျိုးသားပါတီခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ 

တပ်မတော်ကလည်း အပစ်ရပ်စဲကြောင်း တစ်လ ထပ်မံသက်တမ်းတိုးကြောင်း ယမန်နေ့က ကြေညာခဲ့ရာ  ရခိုင်ပြည်နယ်မပါဝင်သောကြောင့် ဒေသခံများ စိုးရိမ်မှုမြင့်တက်ခဲ့သော်လည်း ငြိမ်းချမ်းရေးနှင့် ‌ရွေးကောက်ပွဲဆိုင်ရာများအတွက် တပ်မတော်နှင့် ဆွေး‌နွေးနေကြောင်း AA က ယနေ့ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ 

တပ်မတော်နှင့်ဆွေးနွေးစဉ် တိုက်ပွဲကာလများအတွင်း ပိတ်ဆို့နေသော ကုန်းလမ်း၊ ရေလမ်းများတွင် ဒေသခံပြည်သူလူထုများ စိုးရိမ်ကြောင့်ကြကင်းမဲ့စွာဖြင့် ခရီးသွားလာနိုင်ရန်နှင့် အခြေခံစားကုန်ပစ္စည်းများကို အန္တရာယ်ကင်းစွာ သယ်ယူပို့ဆောင်နိုင်ရန်ကိစ္စများ၊ တိုက်ပွဲဖြစ်ပွားရာဒေသများတွင် ပြည်သူများ၏ ဘဝလုံခြုံမှု၊ ငြိမ်းချမ်းမှုအတွက် နည်းလမ်းများကိုလည်း တပ်မတော်က အလေးထားစဉ်းစားပေးရန် အကြံပြုခဲ့သည်ဟု AA ၏ ထုတ်ပြန်ချက်က ဆိုသည်။

တပ်မတော်နှင့် AA တို့ နှစ်ဖက်လူချင်းတွေ့နိုင်မည့် အခြေအနေတစ်ရပ်ကိုလည်း ဆက်လက်ဆွေးနွေး ညှိနှိုင်းနေကြဆဲဖြစ်သည်ဟုသာ သိရပြီး  AA အပါအဝင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ ( TNLA၊ AA ၊ MNDAA ) သည် နိုဝင်ဘာ ၁၁ မှ ဒီဇင်ဘာ ၃၁ အထိ အပစ်အခတ်ရပ်စဲကြောင်းလည်း ကြေညာထားသည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာမှစ၍ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့အကြား တိုက်ပွဲများကြောင့် အရပ်သားထိခိုက်ဒဏ်ရာရမှုများ၊ သေဆုံးမှုများ ရှိခဲ့သည့်အပြင် သိန်းနှင့်ချီသော ဒေသခံများလည်း နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည်။ ထို့ပြင် နှစ်ဖက်လက်နက်ကိုင်များ၏ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ယနေ့အချိန်ထိ ပြန်လည်လွတ်မြောက်ခြင်း မရှိသေးသူများလည်း ရှိနေသည်။

Show More

Related Articles

Back to top button