သတင်း

မြစ်ကြီးနားနှင့် တံတားဦး လေတပ်စခန်းတို့ကို ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်

ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းတို့ကို ဗုံးကြဲသည့် လေယာဉ်များ ရှိတတ်သည့် လေတပ်စခန်းနှစ်ခုကို ရက်ပိုင်းအတွင်း တော်လှန်ရေးအဖွဲ့များက လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီ၏ အရေးပါသည့် လေတပ်အခြေစိုက်စခန်းနှစ်ခုကို ရက်ပိုင်းအတွင်း ရှော့တိုက်ဒုံးများ ဖြင့် တိုက်ခိုက်ခဲ့သည်ဟု တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

ယနေ့ (ဧပြီ ၁၉) နံနက် ၁၀ နာရီခန့်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၏ အနောက်ဘက် မိုင်အနည်းငယ်အကွာ၊ ဧရာဝတီမြစ်ကမ်းဘေးတွင်ရှိသည့် နမ့်ပေါင်လေတပ်စခန်းကို ရှော့တိုက်ဒုံး ၁၀ လုံး ပစ်ခတ်ခဲ့သည်ဟု Northern Brotherhood-PDF အမည်ရှိ တော်လှန်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ထိခိုက်ပျက်စီးမှု အခြေအနေကို စုံစမ်းဆဲဖြစ်သည်ဟု အဆိုပါအဖွဲ့တာဝန်ခံက Myanmar Now ကို ပြောသည်။

“စုံစမ်းနေတုန်းဗျ၊ ပစ်လိုက်တာကတော့ 107 MM ၁၀ လုံး အတွဲလိုက် ပစ်လိုက်တာပဲ။ …လေတပ်ကိုပဲ ဦးတည်ဆော်တာပါ” ဟု သူက ပြောသည်။

လေယာဉ်စက်ပြင်ဂိုထောင်၊ လေယာဉ်နားနေဂိုထောင်နှင့် ဆက်သွယ်ရေးရေဒါတို့ကို ပစ်မှတ်ထားခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

လေတပ်စခန်းအနီးဝန်းကျင်တွင် နေထိုင်သော ဒေသခံများက ပေါက်ကွဲသံ ကြားခဲ့ရကြောင်း မြစ်ကြီးနားဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“သူငယ်ချင်းတစ်ယောက်က သူတို့အိမ်ခေါင်မိုးပေါ်ကနေ ရှော့တိုက်ဒုံး ဖြတ်ပျံသွားတာတဲ့။ သူတို့ ရပ်ကွက်ကို ကျော်ပစ်တာ၊ အဲဒီဘက်က ရွှေပြည်သာ၊ ရွှေအိုက်ရယ် ပမ္မတီးရယ်ဆိုပြီး သုံးရပ်ကွက် ရှိတာ။ နမ့်ပေါင်လေယာဉ်ကွင်းရှိတဲ့ဘက်က ပမ္မတီးရပ်ကွက်ပေါ့။ မော်ဖောင်းနဲ့ ပမ္မတီးကြားမှာရှိတာ လေယာဉ်ကွင်းက” ၎င်းက ဆိုသည်။

နမ့်ပေါင်လေတပ်စခန်းကို ယမန်နှစ် စက်တင်ဘာအတွင်းက တစ်ကြိမ် ရှော့တိုက်ဒုံး ၄ လုံးဖြင့် တိုက်ခိုက်ခဲ့ပြီး လေယာဉ်တချို့နှင့် အဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့သည်ဟု အထက်ပါအဖွဲ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နမ့်ပေါင်လေတပ်စခန်းရှိ တိုက်ခိုက်ရေးဂျက်လေယာဉ်၊ ရဟတ်ယာဉ်တို့က ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း တိုက်ပွဲများတွင် လေကြောင်းမှ ပစ်ကူပေးလေ့ရှိသည်ဟု တော်လှန်ရေးအဖွဲ့များက ဆိုသည်။

စစ်ကောင်စီလေတပ်၏ရန်ကို အရပ်သားများလည်း ခံနေရသည်။ ၂၀၂၃ ဧပြီလက စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာတွင် အရပ်သား ၁၅၅ ဦးထက်မနည်း သေဆုံးမှု၊ ၂၀၂၃ ခုနှစ် အောက်တိုဘာလက ကချင်ပြည်နယ် လိုင်ဇာမြို့အနီးမှ စစ်ဘေးရှောင်စခန်းမှ ကလေး ၁၁ ဦး အပါအဝင် ဒုက္ခသည် ၂၉ ဦး သေဆုံးမှုတို့မှာ လေတပ်၏လက်ချက်ကြောင့် ဖြစ်ရာ တိုက်ပွဲဒေသ ပြည်သူများမှာ လေယာဉ်သံကြားလျှင် ထိတ်လန့်နေကြရသည်။

လေကြောင်းတိုက်ခိုက်မှုကို ခုခံနိုင်သည့်လက်နက် တော်လှန်ရေးအဖွဲ့များတွင် မရှိကြသဖြင့် စစ်ကောင်စီ၏ လေတပ်စခန်းများ၊ လေယာဉ်ပြေးလမ်းများထိခိုက်စေရန် ရည်ရွယ်သည့် တိုက်ခိုက်မှုများ ရံဖန်ရံခါ ပေါ်ပေါက်လာနေသည်။

၁၀၇ မမ ​ရှော့တိုက်ဒုံးစနစ်သည် ပစ်စင်အသုံးမပြုဘဲ ဘက်ထရီနှင့် ရှော့တိုက်ပစ်ရသည့် လက်နက်ကြီးအမျိုးအစား ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၁၀၇မမ ​ရှော့တိုက်ဒုံး အသုံးပြုမှုကို အများက ၂၀၁၉  ခုနှစ်တွင် စတင် သတိပြုမိလာကြသည်။ ထိုနှစ် သြဂုတ်လလယ်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့က မေမြို့ ခေါ် ပြင်ဦးလွင်မြို့ရှိ စစ်ကျောင်းများကို အဝေးမှ ပစ်ခတ်တိုက်ခိုက်ရာတွင် အဆိုပါ လက်နက်အမျိုးအစား အသုံးပြုခဲ့သည်။

၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း ပေါ်ပေါက်လာသည့် တိုက်ခိုက်မှုများတွင် ရှော့တိုက်ဒုံးအသုံးပြုမှု ပိုမိုတွင်ကျယ်လာသည်။ အထူးသဖြင့် လက်နက်ကိုင်အစောင့်အကြပ် အင်အားများပြားသော၊ ဒရုန်းပျံသန်းရန် ခက်ခဲသော လေတပ်စခန်းကဲ့သို့ နေရာများကို ပစ်မှတ်ထားရာတွင် အသုံးပြုနေကြသည်။

နမ့်ပေါင်လေတပ်စခန်းကို ပစ်ခတ်ခဲ့သည့် ရှော့တိုက်ဒုံးတချို့။ (ဓာတ်ပုံ-ပေးပို့)

တံတားဦးလေဆိပ်

ဧပြီ ၁၇ နံနက်တွင် မန္တလေးတိုင်း၊ တံတားဦးလေဆိပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံး၊ ၉၀ မမ အမျိုးစားလက်နက်ကြီး ၅ လုံးတို့ဖြင့် ပစ်ခတ်ခဲ့သည်၊ တံတားဦးလေဆိပ်သည် လေကြောင်းတိုက်ခိုက်ရာတွင် စစ်တပ်က အဓိကအသုံးပြုသောနေရာဖြစ်သည်ဟု Freedom Revolution Force (FRF) အမည်ရှိ အဖွဲ့က နောက်တစ်နေ့ (ဧပြီ ၁၈) တွင် ထုတ်ပြန်ခဲ့သည်။​

“ပစ်မှတ်ထားခဲ့တာကတော့ လေယာဉ်ဂိုဒေါင်တွေကို အများဆုံးပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်။ အပျက်အစီးကတော့ လေယာဉ်ဂိုဒေါင်တစ်ခု ပျက်စီးတယ်” ဟု FRF ပြန်ကြားရေးတာဝန်ခံ အမျိုးသားတစ်ဦးက ပြောသည်။

“ဒီလေတပ်က တစ်နိုင်ငံလုံးနီးပါးက ပြည်သူတွေကို ဒုက္ခပေးနေတဲ့စခန်းဖြစ်တဲ့အတွက် ပစ်မှတ်ထားတိုက်ခိုက်တာ”

စစ်တပ်လေယာဉ် ၆ စီးထားသည့် ဂိုဒေါင်ပြိုကျပျက်စီးခဲ့ခြင်းဖြစ်ပြီး အတွင်းမှ လေယာဉ်များ ထိခိုက်မှုများရှိသည်ဟု သတင်းရသော်လည်း အသေးစိတ်အခြေအနေကို စုံစမ်းနေဆဲဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

ထိုစစ်ဆင်ရေးကို FRF အပြင် Kyaukse Revolution Army (KRA)၊ စဉ့်ကိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

စစ်အာဏာသိမ်းမှု ၂ နှစ်ကျော်လာပြီးနောက် ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီက မြေပြင်တပ်များသာမက လေကြောင်းတိုက်ခိုက်မှုကို ခပ်စိပ်စိပ်ပြုလုပ်လာရာ တော်လှန်ရေးအဖွဲ့များကလည်း စစ်ကောင်စီလေတပ်စခန်းများကို အဝေးပစ်လက်နက်များဖြင့် ပြန်လည်တိုက်ခိုက်လာကြသည်။

စစ်ကောင်စီတပ်ရုံးစိုက်ရာ နေပြည်တော်ရှိ ဧလာလေတပ်စခန်းကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းများဖြင့် အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ပြီး အကြီးဆုံးတိုက်ခိုက်မှုဖြစ်သည့် ဧပြီ ၄ ရက်နေ့ စစ်ဆင်ရေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံတပ်များက ဒရုန်း ၂၈ စီး အသုံးပြုခဲ့သည်။

အဆိုပါတိုက်ခိုက်မှုများနှင့်ပတ်သက်၍ Myanmar Now က စစ်ကောင်စီကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။

ဧပြီ ၄ ရက်နေ့ တိုက်ခိုက်မှုတွင် ဒရုန်းများကို ပစ်ချနိုင်ခဲ့သည်ဟု စစ်ကောင်စီက တုံ့ပြန်ကြောင်း BBC မြန်မာပိုင်းသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

Show More

Related Articles

Back to top button