သတင်း

တံတားဦးလေတပ်စခန်း ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရ

စစ်ကောင်စီ၏ လေတပ်စခန်းကို ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်ခဲ့ပြီး ကျန် ၇ လုံးမှာ ချွတ်ယွင်းမှုများ ရှိခဲ့သဖြင့် ထားခဲ့ရကြောင်း မြို့ပြပြောက်ကျားအဖွဲ့များက ဆိုသည်။

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ရှိ စစ်ကောင်စီလေတပ်စခန်းကို ယမန်နေ့ (ဇန်နဝါရီ ၂၃) ညနေပိုင်းက ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခဲ့ပြီး ထိခိုက်မှုအခြေအနေကို မသိရသေးကြောင်း ဒေသတွင်း မြို့ပြပြောက်ကျားအဖွဲ့များက ပြောသည်။

မန္တလေးမြို့ အနောက်တောင်ဘက် ၂၃ မိုင်ခန့်အကွာရှိ တံတားဦးလေဆိပ်ဟု လူသိများသည့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ဧရိယာအတွင်း တည်ရှိသော လေတပ်စခန်းကို တိုက်ခိုက်ရန် ပြင်ဆင်ထားသည့် ၁၀၇ မမ ရှော့တိုက်ဒုံး အများအပြား ချွတ်ယွင်းသွားသဖြင့် ၅ လုံးသာ ပစ်ခတ်နိုင်ခဲ့ကြောင်း၊ လုံခြုံရေးစည်းနှစ်ခုကို ကျော်ဖြတ်ကာ လေဆိပ်နှင့် ၅ မိုင်ခန့် အကွာမှနေ၍ ခက်ခက်ခဲခဲ ဆောင်ရွက်ခဲ့ကြောင်း တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည့် Brave Warriors for Myanmar-BWM အမည်ရှိ မြို့ပြပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ပေ ၃၀၀ (အကွာအဝေး) လောက်ကနေ ကျွန်တော်တို့ ပစ်ရတာဆိုတော့ ရှော့ဒုံး ၁၂ လုံးထဲမှာ ထွက်တဲ့ အလုံးတွေ ထွက်ပြီး ၇ လုံးက Error တက်ပြီး ဘယ်လိုမှ ပစ်မရလို့ …ပြန်သယ်ဖို့လည်း မလွယ်တာနဲ့ ထားခဲ့ရပါတယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို ၎င်းတို့နှင့်အတူ မန္တလေးအခြေစိုက် အခြားမြို့ပြပြောက်ကျားအဖွဲ့ ၂ ဖွဲ့ ဖြစ်သည့် Security and Special Task Force (SSTF-MDY) နှင့် Urban Special Operation (USO) တို့အပြင် ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့များ အကူအညီဖြင့် လုပ်ဆောင်ခဲ့သည်ဟု သိရသည်။

ရှော့တိုက်ဒုံးတစ်လုံး ပစ်လွှတ်နေသည့် ၇ စက္ကန့်ကြာ ရုပ်သံမှတ်တမ်းဖိုင်တစ်ခုကိုလည်း BWM အဖွဲ့က ထုတ်ပြန်ထားသည်။

ခရီးသည်တင်လေယာဉ်များပါ အတက်အဆင်းပြုလုပ်သည့် တံတားဦးလေဆိပ်မှ မန္တလေးမြို့သို့ ပြေးဆွဲသည့် အငှားကားယာဉ်မောင်းတစ်ဦးက ယနေ့ နံနက်တွင် လေဆိပ်အနီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ဆေးမှုများရှိနေကြောင်း ပြောသည်။

“လေဆိပ်ကတော့ ပုံမှန်ခရီးစဉ်တွေ ရှိမယ်ထင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တောင် ဧည့်သည်ပို့ခဲ့တာ ဆိုတော့။ လေဆိပ်အထိအခိုက်ကတော့ မကြားဘူးဗျာ။ ပုံမှန်နဲ့မတူ လမ်းမှာ စစ်ဆေးနေတာတွေတော့ တွေ့ရတယ်” ဟု သူက ဆိုသည်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်စာမျက်နှာများတွင် တံတားဦးလေဆိပ်သို့ ချိန်ရွယ်ထားသည့် ၁၀၇ မမ ရှော့တိုက်ဒုံး ၈ လုံးကို အနီးရှိ နေကြာခင်းအတွင်း သိမ်းဆည်းရမိကြောင်း မှတ်တမ်းရုပ်သံကို ယမန်နေ့ညက ဖော်ပြထားကြသည်။

နေကြာခင်းအတွင်း ပစ်ခတ်ရန် အသင့်ချိန်ရွယ်ထားသည့် ရှော့တိုက်ဒုံးများအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ဆေးနေသည်ကို တွေ့ရသည်။

ခုခံတော်လှန်မှု အများဆုံးရှိသော စစ်ကိုင်းတိုင်းကို လေကြောင်းမှ တိုက်ခိုက်ရာတွင် စစ်ကောင်စီက မန္တလေးမြို့ တောင်ဘက် တံတားဦးမြို့နယ်အတွင်းရှိ လေယာဉ်ကွင်းကို အများဆုံးအသုံးပြုလေ့ရှိကြောင်း ဒေသခံ PDF အဖွဲ့များနှင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သည့် စစ်တပ်အရာရှိတို့က ဆိုကြသည်။

ပစ်ခတ်တိုက်ခိုက်ခံရသည့် တံတားဦးလေတပ်စခန်းပြမြေပုံ။

ယမန်နေ့ ညနေပိုင်း တိုက်ခိုက်ခံရပြီးနောက် ယင်းလေတပ်စခန်းမှ လေယာဉ်အတက်အဆင်း သိသိသာသာ ပြောင်းလဲသွားကြောင်း၊ စစ်တပ်က အင်အားအများအပြားဖြင့် လေဆိပ်အနီး ရှာဖွေမှုများပြုလုပ်ကြောင်း အသက် ၄၀ ကျော်အရွယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ပစ်ပြီးကတည်းက လေယာဉ်အတက်အဆင်း ငြိမ်သွားတယ်။ ညကတစ်စင်း မနက်ကတစ်စင်းပဲ တက်တော့တယ်။ အရင်လို တောက်လျှောက် ဆင်းလိုက်တက်လိုက် မရှိသေးဘူးလို့ သိရတယ်” ဟု ထိုသူက ပြောသည်။

“တစ်နိုင်ငံလုံးက လေတပ်စခန်းတွေထဲမှာ ဒုတိယမြောက်လေယာဉ်ဆီ သိုလှောင်မှုအများဆုံး၊ လေကြောင်းတိုက်ခိုက်မှုအများဆုံးနဲ့ နေ့စဉ် အပြစ်မဲ့ တိုင်းရင်းသားပြည်သူတွေကို သတ်ဖြတ်ဖို့ အဓိကလုပ်ဆောင်နေတဲ့ လေတပ်စခန်း” ဟု ထိုသူက မှတ်ချက်ပြုသည်။

ပြီးခဲ့သည့် ၃ နှစ်အတွင်း အာဏာသိမ်းစစ်တပ်က လေတပ်ကို သုံးပြီး အရပ်သားများကိုပါ တိုက်ခိုက်နေရာ လေယာဉ်ပစ်လက်နက် ရရှိရန် ခက်ခဲသည့် တော်လှန်ရေးအဖွဲ့များမှာ တန်ပြန်တိုက်ခိုက်ရန် မဖြစ်နိုင်ခဲ့ပေ။

ဤအခြေအနေတွင် စစ်လေယာဉ် အဆင်းအတက်ပြုလုပ်သော လေယာဉ်ကွင်းများ၊ လေတပ်နှင့် ဆက်စပ်သူများကို တော်လှန်ရေးအင်အားစုက ပစ်မှတ်ထားလာခြင်း ဖြစ်သည်။

၂၀၂၃ ဇွန်လအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လုံခြုံရေးအကြီးအကဲ ဗိုလ်မှူးဟောင်း ဦးရဲခိုင်သည် ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ရှိ နေအိမ်အနီး ပစ်ခတ်ခံရပြီး စစ်ဆေးရုံ၌ သေဆုံးခဲ့သည်။

ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်သည့် Urban Owls (အာဘန်အောင်းလ်) က ထိုသူသည် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို ဆန့်ကျင်သူများနှင့် CDM ဝန်ထမ်းများ ပြည်ပထွက်ပါက ဖမ်းဆီးခြင်း၊ ခရီးသွားခွင့်ပိတ်ပင်ခြင်းတို့ ပြုလုပ်နေ၍ လုပ်ကြံရခြင်းဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။

ထိုအဖွဲ့က လေတပ်အရာရှိများ၊ စစ်ကောင်စီကို အကူအညီပေးနေသည့် လေကြောင်းလိုင်းများမှ တာဝန်ရှိသူများကို စာရင်းပြုစုထားပြီး တိုက်ခိုက်သွားမည်ဟု ဆိုထားသည်။

၂၀၂၃ မတ် ၃ ရက်က ချင်းပြည်နယ်၊ ထန်တလန်မြို့ စစ်တပ်ရှိရာ တောင်ကုန်းပေါ်သို့ ရိက္ခာနှင့် လက်နက်များ လာပို့သည်ဟု ယူဆရသည့် ရဟတ်ယာဉ်တစ်စီး ရပ်နားထားရာ ချင်းအမျိုးသားကာကွယ်ရေးတပ်မတော် (CNA) က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့စဉ် စက်ချွတ်ယွင်းခဲ့သည်။

မကြာသေးမီ ဇန်နဝါရီ ၁၅ ရက် ညပိုင်းက ရခိုင်ပြည်နယ်မြို့တော် စစ်တွေလေယာဉ်ကွင်းတွင် ပေါက်ကွဲမှုဖြစ်ခဲ့ရာ ခရီးသည်တင်လေယာဉ်များအပြင် စစ်လေယာဉ်များပါ အသုံးပြုနေသော ထိုလေဆိပ် ဒရုန်းဖြင့် တိုက်ခိုက်ခံရခြင်း ဖြစ်သည်ဟု မြို့ခံများက ယူဆနေကြသည်။

Show More

Related Articles

Back to top button