ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင် ယမန်နေ့ (ဇန်နဝါရီ ၁၅) ည ၈ နာရီခန့်က ကျယ်လောင်သောပေါက်ကွဲသံတစ်ခု ကြားရပြီး မြို့တောင်ဘက်ရှိ လေယာဉ်ကွင်းဘက်မှ လာသည့်အသံဖြစ်ကြောင်း စစ်တွေမြို့ခံများက ပြောကြသည်။
ထိုလေယာဉ်ကွင်းအနီးရှိ အနောက်စံပြ (ဘာဆာရာ) ရွာတွင် နေထိုင်သူတစ်ဦးကလည်း ပေါက်ကွဲသံ ကြားရသည်ဟု ပြောသည်။
“ပေါက်ကွဲသံတစ်ချက် ကြားလိုက်ပါတယ်။ အကျယ်ကြီး ကြားလိုက်ပါတယ်။ အိမ်မှာနေတာ ငလျင်လှုပ်သလိုမျိုး တုန်ခါသွားပါတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုအမျိုးသားက ပြောသည်။
“ည ၉ လောက်မှာ စစ်သားတွေလာပြီး စစ်ဆေးတယ်။ ဘယ်သူပစ်တာလဲ၊ ဘယ်ဖက်က လာတာကို မြင်ရလဲ မေးတယ်။ လူတွေကိုတော့ ဖမ်းဆီးတာမရှိခဲ့ဘူး”
ထိုလေယာဉ်ကွင်းသည် ခရီးသည်တင်လေယာဉ်များ အဆင်းအတက်လုပ်သောကွင်းဖြစ်သလို ရက္ခိုင့်တပ်တော် (AA) ၏ ဒေသတွင်း ပြင်းထန်သော ထိုးစစ်ကို ခုခံရန် အသုံးပြုသည့် စစ်လေယာဉ်များလည်း ထိုကွင်းကို အသုံးပြုနေသည်။
လေယာဉ်ကွင်းပေါ် ဒရုန်းရောက်လာသဖြင့် ပစ်ခတ်သည်ဟု သတင်းရကြောင်း၊ လေယာဉ်ကွင်း ပုံမှန်လည်ပတ်နေဟန်တူကြောင်း စစ်တွေမြို့လယ်တွင် နေထိုင်သော အမျိုးသားတစ်ဦးက ပြောသည်။
“မနေ့ညက ၈ နာရီကျော်လောက်။ လက်နက်ငယ် တစ်ချက်နှစ်ချက် ပစ်တယ်။ ဗုံးပေါက်ကွဲသံလို တစ်ချက်တော့ ကြားတယ်” ဟု ၎င်းက ယနေ့ မွန်းလွဲပိုင်းတွင် ပြောသည်။
“ဒရုန်း ဝဲလာလို့ လုံခြုံရေးအဖွဲ့က ပစ်တယ်ကြားတယ်တဲ့။ လောလောဆယ်ကတော့ လေယာဉ်အတက်အဆင်း ရှိတယ်”
ယနေ့ နံနက် ၈ နာရီခန့်မှ မွန်းလွဲ ၁ နာရီကျော်အထိ ဖုန်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်ခဲ့ကြောင်း၊ မြို့တွင်း ပုံမှန်သွားလာနေကြကြောင်း ၎င်းက ဆက်ပြောသည်။
စစ်တွေမြို့ခံ နောက်တစ်ဦးကလည်း ပေါက်ကွဲသံကြားသည်ဟု ပြောသည်။
“ပစ်ခတ်သံတော့ မကြားရဘူး။ ပေါက်ကွဲသံတော့ ကြားတယ်။ ကျွန်တော်နဲ့တော့ လှမ်းတယ်။ ပေါက်ကွဲမှုဖြစ်ခဲ့တာတော့ သေချာတယ်။ ဘယ်လိုဖြစ်တယ်လို့တော့ သေသေချာချာမသိရဘူး” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီဝါဒဖြန့်သတင်းများ ဖော်ပြနေသည့် NP News အွန်လိုင်းသတင်းဌာန၏ ယနေ့ မွန်းလွဲပိုင်း သတင်းတစ်ပုဒ်တွင် ယမန်နေ့ည ၈ နာရီခန့်က စစ်တွေလေဆိပ်အနီးတွင် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရသည်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရသည်ဟု ရေးသားထားသည်။
စစ်ကောင်စီသည် စစ်တွေမြို့နယ်အတွင်းရှိ ၎င်းတို့အခြေစိုက်တပ်စခန်းများ တိုက်ခိုက်မခံရရေးအတွက် ယခုလဆန်းမှ စတင်၍ မြို့ပတ်လည်မှ ကျေးရွာများကို ပိတ်ဆို့၍ ဒေသခံများကို ဖမ်းဆီးစစ်ဆေးသလို နေအိမ် မီးရှို့ခြင်းများ ဆက်တိုက်ပြုလုပ်နေသည်ဟု ဒေသခံများထံမှ သိရသည်။
ယမန်နေ့ နံနက် ၉ နာရီခန့်ကလည်း စစ်တွေမြို့မြောက်ဘက် အဖြောင့်တိုင်းပါက ၆ မိုင်ခန့်အကွာ အိမ်ခြေ ၂၀၀ ကျော်ရှိသည့် တောကန်ကျေးရွာအတွင်းသို့ အင်အား ၅၀ ဝန်းကျင်ရှိ စစ်တပ်က ဝင်ရောက်မီးရှို့ခဲ့ရာ နေအိမ် ၈၀ ကျော် မီးလောင်ပြာကျခဲ့သည်။
အဆိုပါ ကျေးရွာအတွင်း လေဖြတ်ထားသော၊ အသက် ၇၀ ကျော်အရွယ်များဖြစ်သော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို စစ်တပ်က ပစ်သတ်ခဲ့ကြောင်း မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့က ယမန်နေ့ညက ထုတ်ပြန်ထားသည်။
စစ်ကောင်စီကမူ အရပ်သားများကို သတ်ဖြတ်မှု၊ အိမ်မီးရှို့မှုတို့မှာ ၎င်းတို့၏ လက်ချက်မဟုတ်ဟု ငြင်းဆန်လေ့ရှိသည်။
၂၀၂၃ ဇန်နဝါရီလနှောင်းပိုင်းကလည်း တောကန်ကျေးရွာ မီးရှို့ခံရသည်။
စစ်တွေမြို့ ဆတ်ရိုးကျချောင်း တစ်ဖက်ကမ်းမှ ကျေးတောရွာမ၊ ကျေးတောပိုက်ဆိပ်၊ ကံပြင်ရွာသစ်၊ ကံပြင်ရွာဟောင်း စသည့် ကျေးရွာများကိုလည်း စစ်တပ်က ဝင်စီးပြီး ဒေသခံ ၇၀ ကျော်ကို ဖမ်းထားသည်။
“စစ်တွေမြို့ထဲ ဝင်လာနိုင်မဲ့ရွာတွေဘက် လုံခြုံရေးချထားတယ်။ ရွာတွေ ဝင်စစ်တာတွေ ရှိတယ်။ တောကန်၊ သိန်းတန်ဘက်က လမ်းပေါက်တွေ ပိတ်ဆို့ရှင်းလင်းနေတယ်။ သက်ကြီးရွယ်အိုတွေ လေယာဉ်နဲ့ ရွှေ့ပြောင်းနေကြတာတွေ ရှိတယ်။ ဒီရက်ထဲ တပ်မိသားစုဝင်တွေ ခရီးသည်လေယာဉ်နဲ့ အပြောင်းအရွှေ့ရှိကြတယ်” ဟု စစ်တွေမြို့လယ်ကောင်တွင် နေထိုင်သော အမျိုးသားက ဆိုသည်။
ဒေသခံတို့၏ ဝင်ထွက်သွားလာမှုကို တပ်ထိန်းဂိတ်ဟု ခေါ်ကြသော မြို့ အဝင်အထွက်ဂိတ်တွင် ဟန့်တားထားသည်ဟု ၎င်းက ပြောသည်။
“တပ်ထိန်းဂိတ်ကနေ ဘယ်မှ သွားလို့မရဘူး။ စစ်တွေအပြင် ဟိုဘက်သွားရင် လုံခြုံရေးက စိတ်မချရတော့ဘူး။ ည ၇ နာရီနောက်ပိုင်းဆို မြို့ထဲမှာ လူက သိပ်မရှိတော့ဘူး” ဟု အထက်ပါ စစ်တွေမြို့ခံအမျိုးသားက ပြောသည်။
ကုန်ဈေးနှုန်း တက်နေသည့်အပြင် ဒေသတွင်းစျေးကွက်တွင် ဆေးဝါးလုံလောက်မှု မရှိတော့ကြောင်း ၎င်းက ဆိုသည်။
“တစ်နိုင်ငံလုံး ဆေးဝါးပြတ်နေတဲ့အချိန်မှာ ပိတ်ပင်ခံထားရတဲ့နေရာတွေက ပိုပြီးတော့ ပြတ်တာပေါ့။ နှစ်လအတွင်းမှာ သင်္ဘောတစ်စီးပဲ ဝင်တယ်။ ကားလမ်းတွေက အကုန်ပိတ်ထားတော့ စားနပ်ရိက္ခာအခြေအနေ တွက်လို့သာ ကြည့်ပေတော့လေ။ ဘယ်လောက်ခက်ခဲမလဲဆိုတာ” ဟု ၎င်းက ပြောသည်။
ဒေသတွင်း AA နှင့် တိုက်ပွဲများစဖြစ်သည့် ၂၀၂၃ နိုဝင်ဘာ ၁၃ ကတည်းက ရခိုင်တွင် ကုန်းလမ်း၊ ရေလမ်းများကို စစ်ကောင်စီက ပိတ်ပင်ထားခြင်း ဖြစ်သည်။
ရပ်ကွက်တချို့တွင် စစ်ကောင်စီလက်နက်ကိုင်တို့က ဒေသခံများကို ဧည့်စာရင်းစစ်မည်ဟု အကြောင်းပြကာ နှိပ်ကွပ်နေကြောင်း အထက်ပါ အမျိုးသားက ဆက်ပြောသည်။
“စစ်တွေမှာ စစ်တပ်ရဲ့ဖိအားပေးခံရတာက မြို့ပေါ်ရပ်ကွက်တွေက နည်းနည်းခံသာတယ်။ ဆင်ခြေဖုံးရပ်ကွက်တွေကတော့ အမြဲတမ်းဝင်ပြီး ဧည့်စာရင်းစစ်တာတို့၊ မထင်ရင်မထင်သလို ဖမ်းတာပေါ့လေ” ဟု ၎င်းက ရှင်းပြသည်။
“လူတွေက ကမ်းနားသွားတာလည်း ကြောက်နေရတယ်။ မြို့ပြင်ထွက်မှာလည်း ကြောက်နေရတယ်။ တအားကြီး ဖိနှိပ်ချုပ်ချယ်မှုဒဏ်ကို တအားဆိုးဆိုးရွားရွား ခံစားနေရတယ်လို့ ပြောလို့ရပါတယ်”
ဒေသခံတို့ကို တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားကဲ့သို့ ဆက်ဆံနေသည်၊ မြို့နယ်ပြင်ပသို့ ပစ္စည်းပို့လျှင်လည်း ရန်ပြုခံရသည်ဟု ၎င်းက ဆိုသည်။
“စစ်တွေကနေ ပြင်ပကို…ပြင်ပဆိုတာ အခြားတိုင်းတစ်ပါး နိုင်ငံခြားမဟုတ်ပါဘူး။ ပုဏ္ဏားကျွန်းတို့၊ ပေါက်တောတို့ဆီ ဆန်ဆီဆား ပို့ရင်လေ ဒါ ပြစ်မှုတစ်ခုကျူးလွန်တာပဲ၊ … အဲနေရာကနေ စစ်တွေမြို့ထဲ လာလို့ရှိရင်လည်း ပြစ်မှုတစ်ခုကျူးလွန်တာပဲ။ ဒီနိုင်ငံသားတွေနော် အခြားနိုင်ငံသားမဟုတ်ဘူး” ဟု ၎င်းက ပြောသည်။
ဒေသတွင်း ကုန်ပစ္စည်း သယ်ယူပို့ဆောင်ခြင်းကို စစ်ကောင်စီက ကန့်သတ်နေခြင်းမှာ လူထုထောက်ခံမှု အားကောင်းသော၊ ပြည်နယ်အတွင်း ဒေသအများအပြားတွင် တပ်ဖြန့်ထားသော AA ကို ပိတ်ဆို့ခြင်းသာ ဖြစ်သည်ဟု အများက ယုံကြည်ကြသည်။
မင်းပြား၊ ကျောက်တော်၊ ရသေ့တောင်၊ မြောက်ဦးတို့တွင် တိုက်ပွဲများပြင်းထန်နေသလို ဒေသခံ သောင်းချီ ထွက်ပြေးနေရသည်။
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို ၂ လကြာ တိုက်ခိုက်ခဲ့သည့် AA က ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပလက်ဝမြို့နယ်တစ်ခုလုံးကို ထိန်းချုပ်လိုက်သည်။
စစ်ကောင်စီက ပလက်ဝမြို့နှင့် ပတ်ဝန်းကျင်ကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ကျီးလေကျေးရွာအနီး ဗုံးသီးများ ကျရောက်ပေါက်ကွဲပြီး ၅ နှစ်အရွယ် စစ်ရှောင်ကလေးတစ်ဦးအပါအဝင် ၃ ဦး ဗုံးစထိမှန်ကာ သေဆုံးခဲ့သည်။ ထို့ပြင် ၃ ဦး ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့သည်ဟု မြောက်ပိုင်းအဖွဲ့ထုတ်ပြန်ချက်က ဆိုသည်။