ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လုံခြုံရေးအကြီးအကဲ ဗိုလ်မှူးဟောင်း ဦးရဲခိုင် ယမန်နေ့ (ဇွန် ၁၉) ညနေ ၆ နာရီကျော်က နေအိမ်ရှေ့တွင် သေနတ်ဖြင့် ပစ်ခံရပြီး သေဆုံးသွားသည်။
စစ်တပ်အငြိမ်းစားမိသားစုများ စုနေထိုင်ရာ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝင်း ခရေရိပ်သာ လမ်းသွယ် (၁)၊ အမှတ် (၂၀) နေအိမ်အနီးတွင် ဦးရဲခိုင် ပစ်ခတ်ခံရခြင်း ဖြစ်ပြီး မင်္ဂလာဒုံမြို့နယ် အမှတ် (၁) ခုတင် ၁၀၀၀ စစ်ဆေးရုံသို့ ရောက်ပြီး မကြာမီ သေဆုံးသွားသည်ဟု စုံစမ်းသိရှိရသည်။
စစ်ကောင်စီက နှုတ်ဆိတ်နေသော်လည်း စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၏ ဖော်ပြချက်အရ ဆိုင်ကယ်ဖြင့် ရောက်လာသူ နှစ်ဦးက သေနတ်ဖြင့် ၉ ချက် ပစ်၍ ဦးရဲခိုင်၏ ဦးခေါင်းနှင့် လည်ပင်းတစ်ဝိုက် ကျည်ထိမှန်ခဲ့ကြောင်း သိရသည်။
စစ်တက္ကသိုလ် အပတ်စဉ် ၄၂ ဆင်း၊ လေတပ်အရာရှိဟောင်း ဦးရဲခိုင်ကို ၎င်းတို့ပစ်ခတ်သည်ဟု စစ်ကောင်စီကို ခုခံနေသည့် ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်သည့် Urban Owls က ယမန်နေ့ညတွင် ထုတ်ပြန်သည်။
၎င်းသည် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို ဆန့်ကျင်သူများနှင့် CDM ဝန်ထမ်းများ ပြည်ပထွက်ပါက ဖမ်းဆီးခြင်း၊ ခရီးသွားခွင့်ပိတ်ပင်ခြင်းတို့ ပြုလုပ်နေ၍ လုပ်ကြံရခြင်းဖြစ်သည်ဟု Urban Owls က ထုတ်ပြန်သည်။
ရန်ကုန်လေဆိပ်တွင် စစ်ကောင်စီ၏ ဖမ်းဆီးမှုကို ကြုံရဖူးသူ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးကလည်း သူ့ကို ဦးဆောင်ဖမ်းဆီးသူမှာ ဦးရဲခိုင်ဖြစ်သည်ဟု အတည်ပြုသည်။
“ကျွန်တော့်တုန်းက သူက ယူနီဖောင်းဝတ်ရဲတွေကို ညွှန်ကြားနေတာ။ ကျွန်တော့်နာမည်ကို လူဝင်မှုကြီးကြပ်ရေးမှာ သူတို့တွေ့တော့ သူနဲ့ ရဲ ၃-၄ ယောက် ရောက်လာတယ်။ အခန်းတစ်ခုထဲ ခေါ်သွားတယ်။ ထိုင်ခိုင်းပြီး ကွန်ပျူတာတွေ ဖုန်းတွေ စစ်မယ်ဆိုပြီး သူသိမ်းသွားတာ” ဟု လုံခြုံရေးအရ အမည်နှင့် အသေးစိတ်ကို ထုတ်မပြောလိုသည့် ထိုအမျိုးသားက ပြောသည်။
အသက် ၄၆ နှစ်အရွယ် ဦးရဲခိုင် အသုံးပြုသည့် Linkedin လူမှုကွန်ရက်တွင် ဖော်ပြထားချက်အရ ၎င်းသည် ရန်ကုန်လေဆိပ်ကို စီမံခန့်ခွဲနေသည့် Yangon Aerodrome Company Limited (YACL) တွင်လည်း လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ဒါရိုက်တာ၊ လေဆိပ်လုံခြုံရေးအရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူဟု သိရသည်။
ထို့အတူ သူသည် စစ်တက္ကသိုလ်ဆင်းဖြစ်ကြောင်း၊ ၂၀၁၀ ခုနှစ်မှစ၍ ရန်ကုန်လေဆိပ် Terminal 1 တွင် လက်ထောက်အထွေထွေမန်နေဂျာအဖြစ် စတင်လုပ်ကိုင်ခဲ့ကြောင်း၊ ၂၀၂၀ ဖေဖော်ဝါရီမှစ၍ လေဆိပ်လုံခြုံရေးဌာန ဥက္ကဋ္ဌ၊ လွန်ခဲ့သော ၆ လမှစ၍ YACL လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ဒါရိုက်တာအဖြစ် တာဝန်ယူထားကြောင်း ဦးရဲခိုင်က သူ၏ Linkedin စာမျက်နှာတွင် ရေးထားသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများဦးစီးဌာန (DICA) က ထုတ်ပြန်ထားသော Yangon Aerodromes Company Limited ၏ အချက်အလက်များအရ ဒါရိုက်တာအဖွဲ့စာရင်း၌ ဦးရဲခိုင် မပါဝင်ပေ။
စစ်တပ်အရာရှိဟောင်းများ ရန်ကုန်လေဆိပ်တွင် အသွင်ပြောင်း၍ တာဝန်ထမ်းဆောင်နေသည်မှာ နှစ်ကာလကြာမြင့်နေပြီဖြစ်ကြောင်း ၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် လုပ်ငန်းခွင်ကို စွန့်ခွာလာသည့် CDM တပ်ကြပ်ကြီး ဇေယျက ပြောသည်။
“လေကြောင်းရဲကို ပြောင်းထားတဲ့အရာရှိတွေလည်း ရှိတယ်၊ ပိုင်းလော့အနေနဲ့ မောင်းနေတဲ့ကောင်တွေလည်း ရှိတယ်၊ အခြားဌာနတွေမှာလည်း လေတပ်ကလူတွေကို စိမ့်ဝင်ထည့်ထားတယ်၊ (အခုသေဆုံးသူက) လေကြောင်းရဲတွေထဲမှာ အကြီးဆုံးလားဆိုတာတော့ ကျွန်တော်တို့လည်း စုံစမ်းနေတုန်းပါ သေချာမသိသေးဘူး” ဟု သူက ပြောသည်။
ဦးရဲခိုင်ကို ပစ်ခတ်ခဲ့သည့် Urban Owls အဖွဲ့ထံ အသေးစိတ် မေးမြန်းနိုင်ခြင်းမရှိသေးသော်လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးတာဝန်ခံက အဆိုပါ စစ်ဆင်ရေးလုပ်ဆောင်ခဲ့သည်မှာ မှန်ကန်ကြောင်း အတည်ပြုသည်။
အသေးစိတ်အခြေအနေများကို သီးခြားအတည်မပြုနိုင်သေးပေ။
Urban Owls သည် ပြီးခဲ့သည့်မတ်လက စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေသူ အကျိုးဆောင်ရှေ့နေတစ်ဦးဖြစ်သည့် မင်းတေဇညွန့်တင်ဆိုသူကို ရန်ကုန်မြို့ သန်လျင်မြို့နယ်တွင် ပစ်ခတ်လုပ်ကြံဖူးသည်။
လေတပ်အရာရှိများ၊ စစ်ကောင်စီကို အကူညီပေးနေသည့် လေကြောင်းလိုင်းများမှ တာဝန်ရှိသူများကို စာရင်းပြုစုထားပြီး တိုက်ခိုက်သွားမည်ဟု Urban Owls က ဆိုထားသည်။
အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြသည်။ ရန်ကုန်ကဲ့သို့ စီးပွားရေးမြို့တော်၌ပင် စစ်ကောင်စီကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ မကြာခဏဖြစ်ပေါ်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)