ရွေးကောက်ပွဲ

ရခိုင်မြောက်ပိုင်းတွင် ရွေးကောက်ပွဲကျင်းပရေး တင်ပြမည်ဟု ဂျပန်အထူးကိုယ်စားလှယ်ပြော

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ် ၉ မြို့နယ်တွင် ရွေးကောက်ပွဲကျင်းပနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC ) ကို အမြန်ဆုံးတင်ပြသွားမည်ဟု ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်ဖြစ်သူ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါက ပြောကြားလိုက်သည်။ 

ယနေ့ (နိုဝင်ဘာ ၂၈) နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်သို့ ရောက်ရှိလာသော ဂျပန်အထူးကိုယ်စားလှယ်သည် ကျောက်တော်နှင့် ဘူးသီးတောင်မြို့နယ်များသို့ သွားရောက်လေ့လာခဲ့ပြီးနောက် စစ်တွေမြို့တွင် သတင်းမီဒီယာများကို အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

“ကိုယ်တိုင်ကိုယ်ကျလာရောက်ပြီးတော့မှ လေ့လာကြည့်ရှုခဲ့တဲ့အတွက်မို့ ဒီနေ့ နေပြည်တော်ပြန်သွားပြီးတဲ့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို သွားရောက်တွေ့ဆုံပြီး မြို့နယ် ၉ မြို့နယ်မှာ ရွေးကောက်ပွဲပြုလုပ်နိုင်တဲ့အကြောင်း တင်ပြပါမယ်။ ဒီဒေသမှာရှိတဲ့ ပြည်သူလူထုက ရွေးကောက်ပွဲပြုလုပ်ပေးမယ့်ရက်ကို စောင့်မျှော်နေတဲ့အကြောင်းလည်း တင်ပြသွားမှာဖြစ်ပါတယ်” ဟု ဂျပန်အစိုးရအထူးကိုယ်စားလှယ်က ဆိုသည်။ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့်လည်း ရခိုင်မြို့နယ် ၉ ခု တွင် ရွေးကောက်ပွဲကျင်းပရန် ဆန္ဒပြင်းပြနေပြီး ၎င်း၏ လေ့လာရေးခရီးစဉ်ကို တပ်မတော်က စီစဉ်ပေးခဲ့ခြင်းဖြစ်သည်ဟုလည်း မစ္စတာဆာဆာကာဝါက ပြောသည်။

“တရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်နိုင်ဖို့အတွက်ဆိုရင် ကျန်ရှိနေတဲ့ မြို့နယ် ၉ မြို့နယ်မှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ အင်မတန်အရေးကြီးတယ်လို့ ထင်ပါတယ်။ ဒီအတွက်ကြောင့် ရွေးကောက်ပွဲကျင်းပနိုင်ဖို့ အရမ်းကိုမျှော်လင့်ပါတယ်” ဟုလည်း ၎င်းက ပြောသည်။ 

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေးနှင့် ပတ်သက်၍ အပစ်အခတ်ရပ်စဲရန် တပ်မတော်နှင့် AA (ရက္ခိုင့်တပ်တော်) တို့ကို မေတ္တာရပ်ခံခဲ့သည်ဟုလည်း မစ္စတာဆာဆာကာဝါက ဆိုသည်။

ဂျပန်အစိုးရအထူးကိုယ်စားလှယ်သည် စစ်တွေမြို့တွင် ရခိုင်အမျိုးသားပါတီ (ANP) ထိပ်ပိုင်းခေါင်းဆောင်များနှင့် သီးသန့်တွေ့ဆုံခဲ့သည်။ အဆိုပါတွေ့ဆုံပွဲတွင် ရခိုင်မြောက်ပိုင်းတွင် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ဆွေးနွေးခဲ့သည်ဟု ANP ပါတီမှ ဒေါ်အေးနုစိန်က Myanmar Now ကို ပြောသည်။

“အဓိကတော့ ချန်လှပ်ထားခဲ့တဲ့ မဲဆန္ဒနယ်တွေအတွက် တပ်မတော်နဲ့ AA ကြားမှာ ဆောင်ရွက်ပေးခဲ့တဲ့ သတင်းတွေကို သတင်းပေးတာဖြစ်တယ်။ နေပြည်တော်ကို ဆက်လက်တင်ပြမယ်၊ သူ့ရဲ့အကြားအမြင်အတိုင်းပဲ တင်ပြသွားမယ်လို့ ဆိုပါတယ်” ဟု ၎င်းက ဆိုသည်။ 

ဂျပန်အစိုးရအစိုးနေဖြင့် မြန်မာနိုင်ငံ ဒီမိုကရေစီစနစ်ထွန်းကားရန်အတွက် ကူညီပေးရေးသည် မိမိတို့၏ ရပ်တည်ချက်ဖြစ်ကြောင်း၊ မစ္စတာဆာဆာကာဝါသည် ရွေးကောက်ပွဲကာလတွင်လည်း စောင့်ကြည့်လေ့လာရန်လည်း လာရောက်ခဲ့ပြီး ယခုတစ်ကြိမ်တွင် ရွေးကောက်ပွဲမကျင်းပနိုင်သည့် မြို့နယ်များတွင် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ်လာရောက်ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ Ichiro Maruyama က ပြောသည်။

ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ လက်နက်ကိုင်တပ်ဖွဲ့များနှင့် တိုက်ရိုက်ပြောဆိုညှိနှိုင်းခြင်း မရှိသော်လည်း လူပုဂ္ဂိုလ်တစ်ဦးချင်းနှင့် အဖွဲ့အစည်းများက ကြားဝင်ညှိနှိုင်းပေးမှုများရှိကြောင်း နိုဝင်ဘာ ၂၇က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။

ရက္ခိုင့်တပ်တော် (AA) ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်မှ ပယ်ဖျက်ပေးနိုင်ခြင်းအလားအလာနှင့် ပတ်သက်၍ “ကြိုတင်ညှိနှိုင်းဆွေးနွေးကြပြီး အခြေအနေတစ်ခုရောက်တော့မှ တရားမဝင်အဖွဲ့တို့၊ မတရားအသင်းတို့ အဖြစ်ကနေ ဥပဒေနဲ့အညီ ပယ်ဖျက်ပေးခဲ့တဲ့ သာဓကတွေရှိတယ်” ဟု ၎င်းက ပြောသည်။

ရွေးကောက်ပွဲကျင်းပသည့် နိုဝင်ဘာ ၈ ရက်နေ့မှ ယနေ့အချိန်ထိ ရခိုင်ပြည်နယ်အတွင်း မည်သည့်ထိတွေ့တိုက်ပွဲမျှ ဖြစ်ပွားခဲ့ခြင်း မရှိကြောင်းလည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ထည့်သွင်းပြောကြားခဲ့သည်။

တပ်မတော်အနေဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေမှုများကို ရပ်တန့်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာ လွှမ်းခြုံသော အပစ်အခတ်ရပ်စဲရေးကြေညာကာ ကြားဖြတ်ရွေးကောက်ပွဲ အမြန်ဆုံးကျင်းပနိုင်ရေးအတွက် အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်သင့်သည်ဟု AA က နိုဝင်ဘာ ၁၂ တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ရွေးကောက်ပွဲကျင်းပနိုင်ရန် လိုအပ်သည့် တည်ငြိမ်သော အခင်းအကျင်းအခြေအနေတစ်ခုကို ဖန်တီးရန် အစိုးရ၊ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးများနှင့် သင့်တော်သလို ပံ့ပိုးကူညီလုပ်ဆောင်သွားရန် ဆန္ဒရှိသည်ဟုလည်း AA ၏ ထုတ်ပြန်ချက်က ဆိုသည်။

AA ၏ ယင်းထုတ်ပြန်ချက်ကို ကြိုဆိုကြောင်းနှင့် ရွေးကောက်ပွဲပြုလုပ်ရန် ကျန်ရှိနေသည့်နေရာများတွင် ကြားဖြတ်ရေးကောက်ပွဲပြုလုပ်နိုင်ရန် အတတ်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ထိုနေ့၌ပင် တပ်မတော်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

Show More

Related Articles

Back to top button