ဧရာဝတီတိုင်း၏ လက်ရှိတိုင်းတရားသူကြီးချုပ် သက်ပြည့်ပင်စင် ယူသွားသည့်အတွက် သမ္မတဦးဝင်းမြင့် အဆိုပြုထားသော တိုင်းတရားသူကြီးချုပ်အသစ်ကို ယနေ့ (နိုဝင်ဘာ ၂၆) တွင် ပြုလုပ်သည့် တိုင်းလွှတ်တော် အရေးပေါ်အစည်းအဝေးတွင် လွှတ်တော်ဥက္ကဋ္ဌက အတည်ပြုခဲ့သည်။
တိုင်းတရားလွှတ်တော် တရားသူကြီးအဖြစ် လက်ရှိတာဝန်ထမ်းဆောင်နေသူ ဦးမျိုးညွန့်ကို အငြိမ်းစားယူမည့် တိုင်းတရားသူကြီးချုပ် ဦးသန်းထွန်း၏ နေရာအတွက် နိုင်ငံတော်သမ္မတက အဆိုပြုခဲ့ခြင်းဖြစ်သည်။
တိုင်းလွှတ်တော်က အတည်ပြုလိုက်သည့် တရားသူကြီး ဦးမျိုးညွန့်မှာ တရားရေးဌာနတွင် ၂၇ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ် ၂၀၁၁ အထိ ဆောင်ရွက်ခဲ့သည်။ ဧရာဝတီတိုင်းတရားလွှတ်တော်တွင် တရားသူကြီးအဖြစ် ၂၀၁၁ မတ်တွင် စတင်တာဝန်ယူခဲ့သည်။
ဦးမျိုးညွန့်ကို ဧရာဝတီတိုင်းတရားသူကြီးချုပ်အဖြစ် လွှတ်တော်က အတည်ပြုပြီးသည့်အတွက် ခန့်အပ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ကြေညာမည်ဟု တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ပြောသည်။
လက်ရှိတိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရက ခန့်အပ်ခဲ့သည့် တိုင်းနှင့်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များမှာ ဦးမျိုးညွန့်အပါအဝင် ၆ ဦး ရှိလာမည်ဖြစ်သည်။
တိုင်းတရားသူကြီးချုပ်အသစ်သည် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး မဏ္ဍိုင်ကြီးသုံးရပ်ကို အပြန်အလှန်ထိန်းကျောင်းနိုင်သူ၊ ပြုပြင်ပြောင်းလဲရေးလုပ်နိုင်သူအဖြစ် ရပ်တည်နိုင်ရန် မျှော်လင့်ကြောင်း တရားစီရင်ရေးနှင့်ပတ်သက်၍ ဧရာဝတီတိုင်းလွှတ်တော်တွင် အဆိုနှင့်မေးခွန်းများ မေးမြန်းဆွေးနွေးခဲ့ဖူးသည့် လွှတ်တော်ကိုယ်စားလှယ်အချို့က ဆိုသည်။
“(လွှတ်တော်မှာ) နည်းနည်းပါးပါးလေး မေးရင်တောင် ‘စွက်ဖက်တယ်’ ဆိုတဲ့ဟာမျိုး အမြဲအပြောခံရတယ်။ အခု နိုင်ငံတော်သမ္မတကိုယ်တိုင် ခန့်အပ်တဲ့သူ ဖြစ်တဲ့အတွက်ကြောင့် တရားသူကြီးချုပ်တွေက သူတို့ရဲ့သဘောထားက အစိုးရနဲ့ လွှတ်တော်နဲ့ တရားရေးနဲ့ကို ထိန်းကျောင်းပေးနိုင်တဲ့သူကို ခန့်တယ်လို့ ကျွန်မတို့က မျှော်လင့်ပါတယ်” ဟု မြောင်းမြမြို့နယ်မှ တိုင်းလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဒေါ်ခိုင်ဇင်ဦးက ပြောသည်။
မကြာမီလပိုင်းအတွင်း ပြီးဆုံးတော့မည့် လွှတ်တော်များနှင့် မတူဘဲ လာမည့်လွှတ်တော်သက်တမ်းတွင် မဏ္ဍိုင်များသည် ယင်းတို့၏ တာဝန်များကို ညီညီညွတ်ညွတ် ဆောင်ရွက်နိုင်လိမ့်မည်ဟု ထင်မြင်ကြောင်း ညောင်တုန်းမြို့နယ်မှ တိုင်းလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဒေါ်နီနီမိုးက ဆိုသည်။
“တရားရေးနဲ့ ပတ်သက်တဲ့မေးခွန်းတွေ ကျွန်မတို့ မေးခဲ့တာတွေနဲ့ ပတ်သက်ပြီး အရေးယူဆောင်ရွက်ခြင်း ကတိကဝတ်မှလည်း ဘာမှဆောင်ရွက်ခြင်း မရှိဘူးလေ။ အခုသက်တမ်းမှာတော့ မဏ္ဍိုင်တစ်ခုနဲ့ တစ်ခုကတော့ ညီညီညွတ်ညွတ်နဲ့ သွားမယ်လို့ ထင်ပါတယ်” ဟု ဒေါ်နီနီမိုးက ပြောသည်။
ဧရာဝတီတိုင်းတရားသူကြီးချုပ်အဖြစ် လွှဲပြောင်းတာဝန်ယူမည့် ဦးမျိုးညွန့်၏ တိုင်းတရားသူကြီးနေရာတွင် တိုင်းတရားရေးဦးစီးမှူး ဒေါ်မိုးမိုးအေးကို ပြောင်းလဲခန့်အပ်ရန် ဧရာဝတီတိုင်းဝန်ကြီးချုပ်က ယနေ့လွှတ်တော်အစည်းအဝေးတွင် အဆိုပြုခဲ့သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းဒေသကြီးနှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များနှင့် တရားသူကြီးများသည် ရာထူးမှနုတ်ထွက်ခြင်း၊ လွှတ်တော်၌ စွပ်စွဲပြစ်တင်ခံရခြင်း၊ ကျန်းမာရေးအခြေအနေအရ တာဝန်မထမ်းဆောင်နိုင်ခြင်း၊ ကွယ်လွန်ခြင်းတို့မှလွဲ၍ အသက် ၆၅ နှစ်အထိ တာဝန်ထမ်းဆောင်ခွင့် ရှိသည်။
သက်ပြည့်အငြိမ်းစားယူမည့် ဧရာဝတီတိုင်းတရားသူကြီးချုပ် ဦးသန်းထွန်းကို ပြီးခဲ့သည့် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
ဦးသိန်းစိန်အစိုးရလက်ထက်တွင် ခန့်အပ်ခဲ့သည့် မန္တလေးတိုင်းတရားလွှတ်တော် တရားသူကြီးချုပ်သည်လည်း မကြာမီ သက်ပြည့်အငြိမ်းစားယူမည်ဖြစ်ကြောင်း မန္တလေးတိုင်းတရားလွှတ်တော်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။