ရွေးကောက်ပွဲ

အနိုင်ရကိုယ်စားလှယ်ဖြုတ်ချရေး လှုပ်ရှားနေခြင်းမဟုတ်ဟု ပြည်ခိုင်ဖြိုးပြော

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ရွေးကောက်ပွဲအပြီး လှုပ်ရှားမှုများမှာ ပြည်သူ့ဆန္ဒဖြင့် ရွေးကောက်ခံရသည့် ကိုယ်စားလှယ်လောင်းကို ပြန်လည်ဖြုတ်ချရန်မဟုတ်ဘဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)၏ မတရားမှုများကို ဖော်ထုတ်နေခြင်းဖြစ်ကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာနန္ဒာလှမြင့်က Myanmar Now ကို ပြောသည်။ 

“ပြည်သူ့ဆန္ဒနဲ့အညီ အနိုင်၊ အရှုံးကို ကျွန်တော်တို့က လက်ခံတယ်။ ဒါနိုင်ငံရေးပါတီတွေရဲ့ယဉ်ကျေးမှုပဲ၊ ကျွန်တော်တို့ မနိုင်ရင် ပြန်ကြိုးစားရမယ်။ သို့သော် မှန်ကန်မှုရှိဖို့ လိုတယ်။ အခုက မမှန်ကန်ဘူး။ တရားမျှတမှု မရှိဘူး။ ကလိမ်ကကျစ်တွေပါတယ်။ UEC ရဲ့မတရားမှုကို ဖော်ထုတ်နေတာ၊ ကျွန်တော်တို့က ကိုယ်စားလှယ်ဖြုတ်ချရေးလုပ်နေတာ မဟုတ်ဘူး” ဟု ၎င်းက ပြောသည်။

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က မဲဆန္ဒနယ်စုစုပေါင်း၏ ၈၃ ရာခိုင်နှုန်းကျော်အနိုင်ရခဲ့ပြီး ရွေးကောက်ပွဲရလဒ်နှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီက ကန့်ကွက်မှုများ ဆက်တိုက်ပြုလုပ်နေခြင်းနှင့် စပ်လျဉ်း၍ ဒေါက်တာနန္ဒာလှမြင့်ထံ Myanmar Now က ဆက်သွယ်မေးမြန်းခြင်းခဲ့ခြင်းဖြစ်သည်။ 

ပြည်ခိုင်ဖြိုးပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ဒေါ်ယဉ်မင်းမြင့်ဆွေကလည်း ရွေးကောက်ပွဲနှင့်ပတ်သက်၍ ကန့်ကွက်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ အမှုတွဲပေါင်း ၉၀၀ နီးပါး တင်သွင်းရန် စီစဉ်ထားသည်ဟု ယနေ့ (နိုဝင်ဘာ ၂၄) နံနက်ပိုင်းတွင် ပြောသည်။ 

သို့သော် ထိုအမှုတွဲအားလုံးမှာ UEC ထံ ကျပ်ငွေ ၅ သိန်းပေးသွင်း (ပြန်မရ) ကာ လျှောက်ထားရသည့် အနိုင်ရကိုယ်စားလှယ်လောင်း ကန့်ကွက်လွှာများမဟုတ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောခွင့်ရပုဂ္ဂိုလ်များဖြစ်သည့် ဒေါက်တာနန္ဒာလှမြင့်နှင့် ဒေါ်ယဉ်မင်းမြင့်ဆွေက အတည်ပြုကြသည်။ 

ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး NLD ပါတီကိုယ်စားလှယ်လောင်းကို ရှုံးနိမ့်ခဲ့သော ဒေါက်တာနန္ဒာလှမြင့်က အနိုင်ရသူအပေါ် ကိုယ်တိုင်ကန့်ကွက်ရန် မရှိသည့်အပြင် ရလဒ်အပေါ် စောဒကတက်ရန် ပါတီက မူဝါဒချမှတ်ထားခြင်း မရှိကြောင်းပြောသည်။

အနိုင်ရကိုယ်စားလှယ်အပေါ် ရွေးကောက်ပွဲရလဒ်ကြေညာအပြီး ၄၅ ရက်အတွင်း ကန့်ကွက်ရန်ရှိမရှိ ကိစ္စသည် ကိုယ်စားလှယ်လောင်းတစ်ဦးချင်းနှင့်သာ သက်ဆိုင်ကြောင်း၊ ယင်းနှင့်စပ်လျဉ်းသည့် ကုန်ကျစရိတ်အတွက် ပါတီက တစ်စုံတစ်ရာ ညွှန်ကြားထားခြင်း မရှိကြောင်း ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောသည်။

“ကိုယ်စားလှယ်လောင်း ကန့်ကွက်တယ်ဆိုတာကလည်း ပိုက်ဆံသွင်းနိုင်တိုင်း အခြေအမြစ်မရှိ စာတင်နေလို့ရတာ မဟုတ်ဘူးလေ။ အကြောင်းတရားရှိမှ ကန့်ကွက်လို့ရတာလေ။ ကန့်ကွက်ရမယ့်အကြောင်းတွေ ဥပဒေတွေမှာလည်း ပါပြီးသားပါ” ဟု ၎င်းက ဆိုသည်။ 

ထိုသို့ ကန့်ကွက်လွှာ တင်သွင်းသူများရှိနိုင်ပြီး လက်ရှိတွင်မူ အရေအတွက်အတိအကျနှင့် ရွေးကောက်ပွဲ ရလဒ်အပြောင်းအလဲရှိမရှိ မပြောနိုင်သေးဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ဆက်ပြောသည်။ 

“‘UEC ပေါ်မှာပဲ မူတည်လိမ့်မယ်။ အကြောင်းအရာပေါ်မူတည်ပြီး မှန်မှန်ကန်ကန်ဆုံးဖြတ်တဲ့ ဆုံးဖြတ်တယ်ဆိုရင် အခြေအနေက ပြောင်းလဲကောင်းပြောင်းလဲနိုင်တာပေါ့။ စောင့်ကြည့်ရုံမှတစ်ပါး ဘာမှတော့မရှိဘူးပေါ့” ဟု ၎င်းက ဆိုသည်။

လွှတ်တော်အသီးသီး၏ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများအရ သက်ဆိုင်ရာ မဲဆန္ဒနယ်တွင် အနိုင်ရကိုယ်စားလှယ်သည် တရားမဲ့ပြုကျင့်မှုများဖြင့် မဲအများဆုံးရခဲ့ကြောင်း ကန့်ကွက်လိုပါက ငွေကျပ် ၅ သိန်းပေးသွင်းကာ ကန့်ကွက်လွှာတင်သွင်းနိုင်သည်။ 

ထို့အတူ ကန့်ကွက်လွှာအပေါ် ရွေးကောက်ပွဲခုံအဖွဲ့၏ ဆုံးဖြတ်ချက်ကို မကျေနပ်၍ အယူခံမှုတင်သွင်းလိုလျှင်လည်း အမှုစရိတ်အဖြစ် နောက်ထပ် ကျပ် ၅ သိန်း ထပ်မံပေးဆောင်လျှောက်ထားနိုင်ပြီး ပြင်ဆင်မှုတင်သွင်းလိုလျှင် ကျပ် ၃ သိန်း ထပ်မံပေးသွင်းဆောင်ရွက်ရန် လွှတ်တော်အသီးသီး၏ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများတွင် ပြဋ္ဌာန်းထားသည်။

ရွေးကောက်ပွဲအပြီး နှစ်ပတ်ကျော်ကြာသည့် ယနေ့နံနက်အထိ အနိုင်ရကိုယ်စားလှယ်လောင်း ကန့်ကွက်လွှာများ လက်ခံရရှိခြင်း မရှိသေးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးက Myanmar Nowကို အတည်ပြုသည်။

“ပြင်ဆင်ချက်တွေဘာတွေပါ တက်တယ်ဆိုရင်တော့ ကျပ် ၁၃ သိန်းလောက်တော့ ကျမယ့်သဘောရှိတယ်။ အမှုအနိုင်အရှုံးကို စစ်ဆေးတဲ့တရားရုံးက ရှုံးသွားရင်တော့ အမှုစရိတ်တွေပေးရတာမျိုးလည်း ရှိမယ်”ဟု ဦးခင်မောင်ဦးက ပြောသည်။ 

ရက်ကာလရှည်အတွင်း လူအများအပြားပါဝင်ပတ်သက်ရသည့် ရွေးကောက်ပွဲဖြစ်စဉ်တွင် တိုင်တန်းမည်ဆိုပါက ဖြစ်ရပ်များစွာရှိနေမည်မှာ ဓမ္မတာပင်ဖြစ်သည်ဟု ရွေးကောက်ပွဲအနိုင်ရ NLD ပါတီမှ ဒေါက်တာမျိုးညွန့်က မှတ်ချက်ပြုသည်။

“ကျွန်တော်တို့ကတော့ သိပ်ထင်ရှားမှပဲ ကန့်ကွက်စေချင်ပါတယ်။ တရားရုံးတွေမှာ အလုပ်ရှုပ်တယ်။ မသေချာပဲလုပ်တာမျိုးတော့ အားမပေးဘူ” ’ဟု ၎င်းက ဆိုသည်။ NLD အနေဖြင့်လည်း ကန့်ကွက်ရန်ကိစ္စ အနည်းငယ်ရှိသည်ဟု ဒေါက်တာမျိုးညွန့်က ပြောသော်လည်း အသေးစိတ်ကိုမူ မသိရသေးပေ။

ရွေးကောက်ပွဲအပြီး ပေါ်ပေါက်နေသည့် ပြည်ခိုင်ဖြိုး၏ အငြင်းပွားနေမှုများမှာ သဘာဝမကျဟု တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ဆိုသည်။ 

“NLD က USDP အပေါ် နိုင်တဲ့ မဲရလဒ်ပမာဏတွေက သိပ်ကွာတယ်ဗျ။ တစ်မှုချင်းစီတက်မယ် (UEC ထံ ကန့်ကွက်လွှာ) ဆိုရင်လည်း သဘာဝမကျဘူး။ စတန့်ထွင်တာလို့ပဲ ထင်တယ်။ တစ်ခုတော့ရှိတာပေါ့။ ပိုက်ဆံအများကြီးရှိထားလို့ တက်မယ်ဆိုရင်လည်း တက်မှာပေါ့၊ အောင်မြင်ဖို့တော့ သိပ်မရှိဘူးလို့ ထင်တယ်ဗျ” ဟု ၎င်းက ပြောသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ် ၁၁၁၇ နေရာတွင် ပြည်ခိုင်ဖြိုးက ၁၀၈၇ ဦးဝင်ပြိုင်ပြီး ၇၁ နေရာအနိုင်ရကာ လက်ရှိအာဏာရ NLD ပါတီက ၉၂၀ နေရာ အနိုင်ရရှိခဲ့သည်။ 

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှတ်တမ်းများအရ ရွေးကောက်ပွဲကန့်ကွက်မှု စုစုပေါင်း ၄၅ မှုရှိသည်။ ယင်းတို့ အနက် USDPက အနိုင်ရ NLD ကိုယ်စားလှယ်လောင်းကို ကန့်ကွက်သည့်အမှု ၁၉ မှုရှိပြီး တစ်မှုမျှ အနိုင်ရခဲ့ခြင်း မရှိပေ။ ပြည်ခိုင်ဖြိုးပါတီ၏ အနိုင်ရကိုယ်စားလှယ်အပေါ် NLD က တိုင်ကြားသည့် အမှု ၇ မှုရှိခဲ့ပြီး ၂ မှုကို NLD က အနိုင်ရခဲ့သည်။ 

Show More

Related Articles

Back to top button