တရုတ်ကြားဝင်မှုဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အပစ်ရပ်နေသော်လည်း မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးတွင် အရေးပါသော မန္တလေး-မူဆယ် အကြားရှိ တံတား ၆ စင်းထက်မနည်း ပျက်စီးနေရာ ကျောက်မဲနှင့် သီပေါမြို့အကြားရှိ ကျင်သီတံတားအနီး ယာယီတံတားထိုးကာ သွားလာနိုင်ရေး ပြင်ဆင်နေသည်ဟု သိရသည်။
ပြီးခဲ့သည့် မတ် ၂၇ ရက်မှ စတင်ပြီး ကျင်သီတံတားအနီး အရှည် ပေ၂၀၀ ကျော်ရှိ ယာယီသစ်သားတံတားကို တအာင်းတပ် (TNLA)၊ ရှမ်းတပ် (SSPP/SSA) တို့က ပူးပေါင်းတည်ဆောက်နေကြပြီး ယနေ့ (မတ် ၂၉) မှာ ပြီးစီးမည်ဟု သိရသည်။
ထိုယာယီတံတားမှာ အလေးချိန် ၁၀ တန်ခန့် အသုံးပြုနိုင်မည်ဖြစ်ပြီး ခရီးသည်ယာဉ်၊ ကုန်စည်စီးဆင်းမှု ၂ ဆ ကျော် တိုးတက်လာနိုင်ကြောင်း သီပေါမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
“တံတားပြီးရင်တော့ အများကြီး ပြောင်းလဲသွားနိုင်တယ်။ ဒေသခံတွေအတွက် အကျိုးကျေးဇူးတွေ ရှိတာပေါ့”
ယာယီတံတားသည် ပွင့်လင်းရာသီတွင်သာ အသုံးပြုနိုင်မည့်အရွယ်အစားဖြစ်ပြီး မိုးတွင်းကာလ မြစ်ငယ်မြစ် ရေကြီးချိန်တွင်မူ အသုံးပြုနိုင်ဖွယ်မရှိဟု ထိုသူကဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းတွင် TNLA က ဒေသခံများကို ထိုလမ်းပိုင်း၌ ပြန်သွားလာခွင့်ပြုခဲ့ပြီး တံတားကျိုးနေသောကြောင့် ကုန်ကားများသည် တံတားတစ်ဖက်တစ်ချက်တွင် ရပ်တန့်ကာ နာရီနှင့်ချီ ကုန်ပစ္စည်း အချိန်းအပြောင်းလုပ်သယ်ယူခဲ့ရသည်။
ကျင်သီတံတား ပိတ်ဆို့လိုက်သောကြောင့် လမ်းလွှဲမှ သွားပါက ကျောက်မဲ-မိုင်းငေါ့-နမ့်ဆန်-နမ္မတူ-လားရှိုးမြို့အထိ ၁၀ နာရီခန့် ခရီးလမ်းကြန့်ကြာနိုင်ကြောင်း ဒေသခံများက ဆိုကြသည်။
အဆိုပါတံတားသည် သီပေါ၊ လားရှိုး၊ နမ္မတူ၊ နမ့်ဆန်၊ တန့်ယန်းနှင့် မြို့နယ်တချို့တို့တွင် အသုံးပြုနေသည့် စက်သုံးဆီများကို မြန်မာပြည်အလယ်ပိုင်းကနေ ဆီဘောက်ဆာကားများနှင့် အချိန်းအပြောင်းပြုလုပ်ရသည့် အဓိကကျသော နေရာလည်းဖြစ်သည်။
လက်ရှိတွင် ကျောက်မဲနှင့် သီပေါမြို့နယ်တို့ ထိစပ်နေတဲ့ ကျင်သီတံတား၏ ကျောက်မဲဘက်အခြမ်းတွင် TNLA က တပ်ချနေရာယူထားပြီး ယခုလဆန်းတွင် SSPP/SSA က တံတားအနီးကို စစ်ရေးလှုပ်ရှားလာကာ စစ်တပ်ဘက်က တံတားနှင့် ၅ မိုင်ကျော်အကွာ ကျောက်မဲမြို့နယ် လွိုင်ကော်ကျေးရွာအနီး နေရာယူထားသည်။
ကျောက်မဲနှင့် သီပေါမြို့အကြား နယ်စပ်ကုန်သွယ်ရေးတွင် အရေးပါသည့်လမ်းပေါ်တွင်ရှိသော အဆိုပါတံတားကို ၂၀၂၃ နိုဝင်ဘာ ၁၂ နံနက်က တံတားအနီးရှိ စစ်ကောင်စီတပ်ကို တအာင်းတပ် (TNLA) က တိုက်ခိုက်ခဲ့အပြီး ကျောက်မဲမြို့ဘက်မှ တက်လာမည့် စစ်ကူများဖြတ်တောက်ရန် တံတားကို မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတချို့က ဆိုသည်။
ကျောက်မဲဘက်မှ လာပါက ဘော်ကြိုဘုရားမရောက်မီ ၅ မိုင်ခန့်အကွာ မြစ်ငယ်မြစ်ကို ဖြတ်ကူးတည်ဆောက်ထားသည့် ကျင်သီတံတားကို ဖောက်ခွဲပြီးနောက် ပြင်ဦးလွင်မှ ရှမ်းမြောက်သို့ တက်လာသော စစ်ကူယာဉ်တန်းသည် ကျောက်မဲတွင်သာ ရပ်တန့်နေရကာ စစ်ကူလမ်းကြောင်းပြတ်တောက်ခဲ့သည်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း ကျောက်မဲမြို့မှနေ လားရှိုးမြို့သို့ မြေပြင်စစ်ကူပေးပို့နိုင်ရန် စစ်ကောင်စီဘက်က ကျင်သီတံတားကို အကြိမ်ကြိမ်ပြုပြင်ရန် ကြိုးစားခဲ့သော်လည်း TNLA က ပိတ်ဆို့တိုက်ခိုက်ခဲ့သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း “ ၁၀၂၇ စစ်ဆင်ရေး” အတွင်း စစ်ရေးအရ အဓိကကျသည့်လမ်းကြောင်းများကို ထိန်းချုပ်နိုင်ရန် ကျင်သီတံတား၊ စဉ့်အင်တံတား၊ နမ္မတူ-လားရှိုးလမ်းပိုင်း အီနိုင်းတံတားနှင့် နားကွမ်တံတား၊ နမ္မတူ – သီပေါလမ်းပိုင်း မိုးတေတံတား၊ သန္နီမြို့အဝင် တံတားများ ဖောက်ခွဲဖျက်ဆီးခံထားရသည်။
သီပေါမြို့နှင့် လားရှိုးမြို့အကြားရှိ စဉ့်အင်တံတားသည်လည်း ဖျက်ဆီးခံခဲ့ရသောကြောင့် ယာဉ်ငယ်များ သွားလာနိုင်သည့် ယာယီတံတား ဆောက်လုပ်အသုံးပြုနေကြကြောင်း ဒေသခံများထံက သိရသည်။
အလားတူ ဂုတ်တွင်းနှင့် ကျောက်မဲမြို့အကြား ရှုခင်းသာအနီးရှိ ပျက်စီးနေသည့် တံတားငယ်နှင့် လမ်းပိုင်းနေရာတချို့ကိုပြုပြင်နေကြောင်း သိရသည်။
တရုတ်၏ ကြားဝင်မှုဖြင့် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့၏ အပစ်ရပ်နေသော်လည်း မန္တလေး-မူဆယ် အကြားရှိ ပျက်စီးနေသည့် တံတားများကို ယာယီအသုံးပြုနိုင်အောင်သာ တည်ဆောက်နိုင်သေးသောကြောင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး လျော့ကျနေဆဲဖြစ်သည်။