
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၂၆၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိသူ ၄ ဦးသာ ရှိပြီး ပြည်နယ်လွှတ်တော်အမတ် ၂ နေရာနှင့် တိုင်းရင်းသားရေးရာဝန်ကြီး ၂ နေရာအတွက် အနိုင်ရရှိခဲ့ကြခြင်းဖြစ်ပြီး ပြည်ထောင်စုအဆင့်တွင် အနိုင်မရခဲ့ပေ။
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာများအတွက် ရွေးကောက်ခံရသူနှစ်ဦးမှာ ကချင်ပြည်နယ် အင်ဂျန်းယန်မဲဆန္ဒနယ် အမှတ် (၂) တွင် ယှဉ်ပြိုင်ခဲ့သည့် မရန်ဂျာဆိုင်းခေါန်နှင့် ရှမ်းပြည်နယ် မက်မန်းမဲဆန္ဒနယ် အမှတ် (၁) တွင် ယှဉ်ပြိုင်ခဲ့သည့် ဦးခမ်းရွှေတို့ ဖြစ်သည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်ဒီမိုကရေစီပါတီ (KSDP) ကိုယ်စားပြုကာ ဝင်ပြိုင်ခဲ့သူ မရန်ဂျာဆိုင်းခေါန်သည် ယခုရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလအဖြစ် မဲဆန္ဒနယ်ဟောင်း အင်ဂျန်းယန်မြို့နယ်မှပင် ထပ်မံအနိုင်ရခဲ့ခြင်းဖြစ်သည်။
“ပါတီကို ကိုယ်စားပြုပြိုင်ရင် ပါတီကို ကြိုက်လို့မဲပေးတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် အခုလို တစ်သီးပုဂ္ဂလအနေနဲ့ အနိုင်ရရှိတာကတော့ ကျွန်မရဲ့ မှတ်ကျောက်တစ်ခုပေါ့” ဟု မရန်ဂျာဆိုင်းခေါန်က Myanmar Now ကို ပြောသည်။
လွှတ်တော်တွင် ပါတီကြီးတစ်ခုကို ကိုယ်စားပြုလုပ်ဆောင်လျှင် အခွင့်အရေးများ ရရှိနိုင်သော်လည်း တစ်သီးပုဂ္ဂလအနေဖြင့် ဆောင်ရွက်ရန်လည်း စိုးရိမ်မှု မရှိဟုလည်း ၎င်းက ဆိုသည်။
ရှမ်းပြည်နယ် မက်မန်းမဲဆန္ဒနယ် ပြည်နယ်လွှတ်တော်အမှတ် (၁) တွင် အနိုင်ရခဲ့သည့် ဦးခမ်းရွှေမှာ အသက် ၃၅ နှစ်သာရှိသေးသည့် တောင်ယာလုပ်ငန်းလုပ်ကိုင်သူတစ်ဦးဖြစ်ကြောင်း ကိုယ်စားလှယ်လောင်းအချက်အလက်များအရ သိရသည်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ၎င်းအတွက် ပထမဆုံးရွေးကောက်ပွဲအတွေ့အကြုံဖြစ်သည်။
တိုင်းရင်းသားရေးရာဝန်ကြီးနေရာများအတွက် အနိုင်ရရှိခဲ့သူ တစ်သီးပုဂ္ဂလကိုယ်စားလှယ် ၂ ဦးမှာ ရှမ်းပြည်နယ် ကချင်တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ဦးဇုတ်ဒေါင်နှင့် ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ဒေါ်ထုမေတို့ ဖြစ်သည်။
ဒေါ်ထုမေသည်လည်း မရန်ဂျာဆိုင်းခေါန် ကဲ့သို့ပင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပါတီကိုယ်စားပြု လွှတ်တော်အမတ်အဖြစ် အနိုင်ရခဲ့ဖူးသူဖြစ်သည်။ ၎င်းသည် ရခိုင်အမျိုးသားပါတီ (ANP) ကိုယ်စားပြုကာ ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၁၁) တွင် ရွေးကောက်ခံခဲ့ရသူ ဖြစ်သည်။
ဦးဇုတ်ဒေါင်သည် ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း ရှမ်းပြည်နယ် ကချင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာကို တစ်သီးပုဂ္ဂလအဖြစ် အနိုင်ရခဲ့သူဖြစ်ရာ ယင်းဝန်ကြီးနေရာကို နှစ်ကြိမ်ဆက် တစ်သီးပုဂ္ဂလအဖြစ် ယှဉ်ပြိုင်အနိုင်ရထားသူ ဖြစ်လာသည်။
တစ်သီးပုဂ္ဂလကိုယ်စားလှယ်များအတွက် ပြီးခဲ့သည့်ရွေးကောက်ပွဲနှင့် မတူသည့် ကွာခြားချက်မှာ ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကာလဖြစ်နေသောကြောင့် မဲဆွယ်စည်းရုံးရေးထွက်ရန် ခက်ခဲခြင်း၊ တစ်သီးပုဂ္ဂလဖြစ်သောကြောင့် နိုင်ငံပိုင်ရုပ်မြင်သံကြားမှတစ်ဆင့် မဲဆွယ်ခွင့် မရခြင်းတို့ကြောင့် ပါတီကိုယ်စားပြု ယှဉ်ပြိုင်သူများထက် ပိုမိုရုန်းကန်ခဲ့ရသည်ဟု ဆိုကြသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၂၈၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၅ ဦး အနိုင်ရရှိခဲ့သည်။ ပြည်သူ့လွှတ်တော် ၁ နေရာ၊ အမျိုးသားလွှတ်တော် ၂ နေရာ၊ ပြည်နယ်လွှတ်တော် ၁ နေရာနှင့် တိုင်းရင်းသားရေးရာဝန်ကြီး ၁ နေရာတို့ အနိုင်ရရှိခဲ့သည်။
၂၀၁၅ တွင် ကချင်ပြည်နယ် အမျိုးသားမဲဆန္ဒနယ် အမှတ် (၉) မှ တစ်သီးပုဂ္ဂလအနေဖြင့် ယှဉ်ပြိုင်အနိုင်ရခဲ့သည့် ပန်ဝါပြည်သူ့စစ်ခေါင်းဆောင်ဟောင်း ဇခုန်တိန့်ယိန်းသည် ရွေးကောက်ပွဲတရားမဲ့ ပြုကျင့်မှုများဖြင့် ရွေးကောက်ပွဲရလဒ် ပျက်ပြယ်အောင်ပြုလုပ်သည်ဟုဆိုကာ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပြန်လည်ရုပ်သိမ်းခံခဲ့ရသည်။
ဇခုန်တိန့်ယိန်း နာယကအဖြစ် ၂၀၁၉ တွင် ပါဝင်ထူထောင်ထားသည့် ဒီမိုကရေစီပါတီသစ် (ကချင်) သည် ၂၀၂၀ ရွေးကောက်ပွဲတွင် ချီဖွေ၊ ဆော့လော်၊ ပန်ဝါ နှင့် ဝိုင်းမော်မြို့နယ်များရှိ မဲဆန္ဒနယ် ၈ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြည်နယ်လွှတ်တော် ၁ နေရာနှင့် အမျိုးသားလွှတ်တော် ၁ နေရာ အနိုင်ရခဲ့သည်။
ယခင်က ပါတီကိုယ်စားပြုအဖြစ်မှ ၂၀၂၀ ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သူများရှိသကဲ့သို့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်များအဖြစ် ရပ်တည်ခဲ့ရာမှ ယခုရွေးကောက်ပွဲတွင် ပါတီကိုယ်စားပြုအဖြစ် ပြန်လည်ယှဉ်ပြိုင်သူများလည်း ရှိသည်။
ကယားပြည်နယ် ဘောလခဲမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်းနှင့် ရှမ်းပြည်နယ် မက်မန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေးသည် တစ်သီးပုဂ္ဂလများအဖြစ် ရှိခဲ့ရာမှ ယခုရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကိုယ်စားပြုကာ ယှဉ်ပြိုင်ခဲ့ကြသည်။
၎င်းတို့နှစ်ဦးစလုံးသည် ယခုရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များအဖြစ် ယင်းမဲဆန္ဒနယ်များတွင်ပင် ပြန်လည်ရွေးကောက်ခံကြရသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ပြည်နယ်လွှတ်တော် အမှတ် (၂) ကိုယ်စားလှယ် ဦးကျော်ဇောဦးသည် တစ်သီးပုဂ္ဂလအဖြစ် ရပ်တည်ခဲ့ရာမှ ယခုရွေးကောက်ပွဲတွင် ရခိုင့်ရှေ့ဆောင်ပါတီ (AFP) ကိုယ်စားပြု၍ စစ်တွေမြို့နယ် အမျိုးသားလွှတ်တော်နေရာအတွက် ယှဉ်ပြိုင်ခဲ့သည်။
ရခိုင့်ဦးဆောင်ပါတီ၏ ဒုတိယဥက္ကဋ္ဌလည်းဖြစ်သူ ဦးကျော်ဇောဦးသည် ရခိုင်အမျိုးသားပါတီ (ANP) ကိုယ်စားလှယ်လောင်း ဦးထွန်းအောင်ကျော်ကို မဲကွာဟချက် အနည်းငယ်ဖြင့် ရှုံးနိမ့်ခဲ့သည်။