
၂၀၂၀ အထွေထွေရွေးကောက်ပွဲ နောက်ဆုံးရလဒ်များကို ရွေးကောက်ပွဲပြီးသည့်နေ့မှ တစ်ပတ်အတွင်း အပြီးထုတ်ပြန်ရန် စီစဉ်ထားသည်ဟု နေပြည်တော်၌ ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောသည်။
“ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက (ထုတ်ပြန်ဖို့) ၁၀ ရက် ကြာတယ်။ အခု ၅ရက်၊ အများဆုံး ၇ ရက် ဒါနဲ့ပဲ ပြီးစီးအောင် ဆောင်ရွက်နေပါတယ်” ဟု ရွေးကောက်ပွဲ နောက်ဆုံးရလဒ်ကို မည်သည့်အချိန်တွင် ထုတ်ပြန်နိုင်မည်ဖြစ်ကြောင်း Myanmar Now ၏ မေးမြန်းချက်ကို ဦးမြင့်နိုင်က ဖြေကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် နိုင်ငံတစ်ဝန်း မဲဆန္ဒနယ်စုစုပေါင်း၏ ၃၀ % ကို ကြေညာပြီးစီးနေပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အများဆုံးအနိုင်ရထားသည်ဟု ဦးမြင့်နိုင်က ဆက်ပြောသည်။
ထို့အတူ မြို့နယ်အသီးသီးတွင် ရွေးကောက်ပွဲရလဒ်စာရင်းချုပ်ကို သက်ဆိုင်ရာကိုယ်စားလှယ်လောင်းများ လက်မှတ်မထိုးရန် ညွှန်ကြားထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) နှင့်ပတ်သက်၍ လက်မှတ်မထိုးသူ ကိုယ်စားလှယ်လောင်းများ၏ တာဝန်သာ ဖြစ်သည်ဟု ၎င်းက ဆိုသည်။
“ပုံစံ ၁၉ လက်မှတ်မထိုးရင် လက်မှတ်မထိုးသူရဲ့တာဝန်သာ ဖြစ်ပါတယ်။ ဥပဒေ ပြဋ္ဌာန်းထားပါတယ်” ဟု ဦးမြင့်နိုင်က ဆိုသည်။
သတင်းစာရှင်းလင်းပွဲမကျင်းပမီ ကော်မရှင်၏ ရုံးရှေ့၌ ကော်မရှင်ကို အယုံအကြည်မရှိကြောင်း ဆန္ဒပြသူများ ရောက်ရှိလာခြင်းနှင့် ပတ်သက်၍ အဆိုပါ ဖြစ်စဉ်သည် ဒီမိုကရေစီသဘောတရားသာ ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။
ယနေ့မွန်းလွဲပိုင်းတွင် ပြည်ခိုင်ဖြိုးပါတီက ရန်ကုန်၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကာ ရွေးကောက်ပွဲသည် တရားမျှတမှုမရှိသဖြင့် တပ်မတော်နှင့် ပူးပေါင်း၍ ပြန်လည်ကျင်းပပေးရန် တောင်းဆိုမှု၊ မဲရလဒ်များမှာလည်း ယုံကြည်စရာမရှိ စသဖြင့် ထုတ်ဖော်ပြောဆိုချက်များမှာလည်း အခြေအမြစ်မရှိကြောင်း ဦးမြင့်နိုင်က တုံ့ပြန်သည်။
ထွက်ပေါ်လာသည့် ရလဒ်အပေါ် နိုင်ငံရေး “ပါတီကြီး” အချို့ကပင် ထောက်ခံသည်ဟု ကြေညာချက်များ ထုတ်ပြန်ပြီးဖြစ်ကြောင်း ဦးမြင့်နိုင်က ဆိုသည်။
ရွေးကောက်ပွဲဆိုင်ရာဥပဒေများတွင် မတရားပြုကျင့်မှုများ ပေါ်ပေါက်ပါက အထောက်အထားဖြင့် ရဲတပ်ဖွဲ့ထံ အမှုဖွင့်ခွင့်၊ ကော်မရှင်ထံ အရေးခံပိုင်ခွင့်များ ပေးအပ်ထားပြီးဖြစ်၍ တရားမျှတမှုမရှိဟု ဆိုသူများသည် ဥပဒေလမ်းကြောင်းအတိုင်း ဆောင်ရွက်သင့်သည်ဟု ၎င်းက တိုက်တွန်းသည်။
“အခြေအမြစ်မရှိတဲ့ ကိန်းဂဏန်းတွေပေါ်မှာ ထင်ယောင်ထင်မှားဖြစ်အောင် ပြောတာပေါ့။ သေသေချာချာ ရှိရင်လည်း သေသေချာချာ ဥပဒေကြောင်းအရ သူတို့ ကုစားသွားနိုင်တယ်လေ။ ဒါတွေနဲ့ ဆောင်ရွက်ကြပါ။ ဥပဒေနဲ့အညီသွားပါ။ ဟုတ်သလား၊ မဟုတ်သလား၊ နှစ်ဖက်စစ်ဆေးကြမှာပေါ့နော်” ဟု ၎င်းက ပြောသည်။
ကိုဗစ်နိုင်တင်းကပ်ရောဂါကာလအတွင်း ကျင်းပသည့် ယခုရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူစုစုပေါင်း ၂၇ သန်းကျော်၏ ၇၀ % ခန့် မဲပေးခဲ့သည်ဟု ကော်မရှင်က ကနဦးခန့်မှန်းထားပြီး ရွေးကောက်ပွဲရလဒ် အပြီးသတ်ထုတ်ပြန်ပြီးချိန်တွင် အတိအကျ ကြေညာနိုင်မည်ဖြစ်ကြောင်း ဆိုသည်။
ကော်မရှင်က အပြီးသတ်ရလဒ်များ မထုတ်ပြန်နိုင်သေးသော်လည်း NLD ၏ ကြေညာချက်များအရ ယနေ့နေ့လယ်ပိုင်းအထိ NLD သည် ၃၉၇ နေရာ ရရှိထားပြီး ပြည်ခိုင်ဖြိုးက ၂၃ နေရာဖြင့် ဒုတိယအများဆုံး အနိုင်ရထားသည်။
လက်ရှိအာဏာရပါတီ NLD သည် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်း အနည်းဆုံး ၃၂၂ နေရာ အနိုင်ရရှိမှသာ သမ္မတဖြစ်သူကို ရွေးကောက်နိုင်ကာ အစိုးရဖွဲ့နိုင်မည် ဖြစ်သည်။
NLD သည် အဆိုပါအရေအတွက် မရရှိပါက ပြည်ခိုင်ဖြိုး သို့မဟုတ် တပ်မတော်နှင့် နီးစပ်သော အခြားနိုင်ငံရေးပါတီများအစုအဖွဲ့သည် ၁၅၆ နေရာ အနိုင်ရရုံဖြင့် ရွေးကောက်ခံမဟုတ်သည့် တပ်မတော်သားကိုယ်စားလှယ် ၁၆၆ ဦးနှင့် ပူးပေါင်းကာ အစိုးရဖွဲ့နိုင်မည်ဖြစ်သည်။