ရွေးကောက်ပွဲ

ရွေးကောက်ပွဲရလဒ်အပေါ် စောဒကတက်ရန် ပြည်ခိုင်ဖြိုးနှင့်ပါတီအချို့ ပြင်ဆင်နေ

ရွေးကောက်ပွဲကျင်းပပြီး နောက်တစ်ရက်တွင် လက်ရှိအာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရဖွဲ့နိုင်ရန် လိုအပ်သည့်ပမာဏထက် ကျော်လွန်ရရှိနေသည့် ရလဒ်အပေါ် မေးခွန်းထုတ်နိုင်မည့် နည်းလမ်းများကို နိုင်ငံရေးပါတီအချို့က ရှာဖွေနေကြပြီး ဝန်းရံသူများကို အထောက်အထားများပေးပို့ရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက တိုက်တွန်းလိုက်သည်။

လက်ရှိ ရွေးကောက်ပွဲရလဒ်အပေါ် ဥပဒေနှင့်အညီ အရေးဆိုရမည့် ကိစ္စများစွာရှိနေသည်ဟု ယနေ့ (နိုဝင်ဘာ ၁၀) မွန်းလွဲပိုင်းတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌက ၎င်း၏ Facebook စာမျက်နှာမှတစ်ဆင့် အသိပေးခဲ့ခြင်းဖြစ်သည်။

“မဲပေးခြင်းလုပ်ငန်းစဉ်တွေ ပြီးဆုံးသွားတဲ့ ဖြစ်စဉ်ကြီးတစ်ခုလုံးဟာ ဥပဒေနှင့်အညီဖြစ်သလား၊ မဖြစ်ဘူးလားဆိုတာကတော့ အငြင်းပွားဖွယ်ရာရှိခဲ့တယ်၊ ရှိနေဆဲ၊ ဆက်ပြီးတော့လည်း အထောက်အထားတွေ ထွက်ပေါ်နေဆဲမို့ ဒီခရီးဟာ မဆုံးနိုင်သေးတဲ့ ခရီးရှည်ဖြစ်မယ်” ဟု ဦးသန်းဌေးက ဆိုသည်။ 

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးသည် ၂၀၂၀ ရွေးကောက်ပွဲတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ပြိုင်ဘက် NLD ပါတီကိုယ်စားလှယ်လောင်းကို မဲကွာဟချက် ၅၀၀၀ ကျော်ဖြင့် အနိုင်ရရှိခဲ့ပြီး အဆိုပါရလဒ်ကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်က အတည်ပြုပြီးလည်း ဖြစ်သည်။ 

ပြည်ခိုင်ဖြိုးပါတီ၏ လက်ရှိလွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြိုင်ဘက် NLD ကိုယ်စားလှယ်ကို ရှုံးနိမ့်ခဲ့သူ ဦးသောင်းအေးက လက်ရှိရလဒ်အပေါ် ယုံကြည်စရာမရှိကြောင်း Myanmar Now ကို ပြောသည်။ 

“အားလုံးက အဘရှုံးသွားတဲ့အတွက် စိတ်မကောင်းလည်းဖြစ်ကြတယ်။ အံ့လည်းအံ့ဩကြတယ်လေ။ တချို့ဆိုရင် တခြားနေရာတွေ ရှုံးတာ လက်ခံနိုင်တယ်။ ပျော်ဘွယ်ရှုံးတာ လက်မခံနိုင်ဘူးဆိုတဲ့အထိတောင် ပြောလာကြတယ်။ မတရားမှုဖြစ်တဲ့သဘောလို့ပဲ သုံးသပ်ရတာပေါ့” ဟု ၎င်းက ဆိုသည်။ 

ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၏ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက အတည်ပြုပြီးဖြစ်သည်။

သို့သော် ထိုရလဒ်ကို ကိုယ်တိုင်လက်မှတ်မထိုးသေးသလို ပြည်ခိုင်ဖြိုးပါတီကလည်း မြို့နယ်အသီးသီး၏ ရွေးကောက်ပွဲရလဒ်များကို ပါတီဝင်များလက်မှတ်ထိုးခြင်း မပြုရန်နှင့် သက်ဆိုင်ရာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများထံ ကန့်ကွက်တောင်းဆိုရန် နိုဝင်ဘာ ၉ ရက်စွဲဖြင့် ညွှန်ကြားထားပြီးဖြစ်ကြောင်း ဦးသောင်းအေးက ပြောသည်။

ပျော်ဘွယ်မြို့နယ်အတွင်းရှိ မဲရုံအချို့တွင် မဲပေးခွင့်ရှိသူဦးရေထက် မဲရလဒ်ပမာဏစုစုပေါင်းက ပိုများနေသဖြင့် ပြည်ခိုင်ဖြိုးပါတီဘက်က စိစစ်နေသည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

“အခုလောလောဆယ် စစ်လို့ရသလောက်ဆိုရင် နှစ်ရုံ၊ သုံးရုံလောက် တွေ့နေပြီ။ အသေးစိတ်ကိုတော့ ပြီးမှပြောလို့ရမယ်။ ဟုတ်တယ်ဆိုရင်တော့ ကန့်ကွက်မယ်။ ဒါတွေက ခေါင်းငုံ့ခံလို့ရတဲ့ ကိစ္စမှမဟုတ်တာ” ဟု ဦးသောင်းအေးက ပြောသည်။

ပျော်ဘွယ်မြို့နယ်ပါဝင်သည့် ရမည်းသင်းခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးဦးဇော်မင်းကမူ “အဲဒီလိုတိုင်ကြားလာတာ ကန့်ကွက်လာတာတော့ မရှိသေးဘူး” ဟု Myanmar Now ကို ပြောသည်။ 

ဦးသောင်းအေးပြောသည့် မဲစာရင်းနှင့် မဲရလဒ်ပမာဏ ကွာဟမှုများ ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တွန်းဇံမြို့တွင် နိုဝင်ဘာ ၉ရက်နေ့က ပေါ်ပေါက်ခဲ့သည်။

သို့သော် မဲစာရင်းပြုစုချိန်တွင် ကိန်းဂဏန်းလွဲမှားမှုသာဖြစ်ပြီး မဲရလဒ်နှင့် မဲပေးသူဦးရေမှန်ကန်ကြောင်း ယနေ့နံနက်ပိုင်းက သက်ဆိုင်သူအားလုံးရှေ့တွင် အတည်ပြုနိုင်ခဲ့ပြီးဖြစ်ကြောင်း ဖလမ်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဆန်ထန်းက Myanmar Now ကို ပြောသည်။

လက်ရှိရလဒ်အပေါ် ပြည်ခိုင်ဖြိုးကဲ့သို့ပင် လက်မှတ်ရေးထိုးခြင်းမပြုဘဲ ကန့်ကွက်ပြောဆိုရန် အကြောင်းများစွာရှိသည်ဟု နိုဝင်ဘာ ၁၀ ရက်နံနက်ပိုင်းအထိ ၂၀၂၀ ရွေးကောက်ပွဲတွင် တစ်နေရာမှ အနိုင်ရလဒ်မထွက်သေးသည့် ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) ဒုတိယဥက္ကဋ္ဌ ဦးကျော်ဇေယျကလည်း ပြောသည်။

နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်လောင်းများ၊ စောင့်ကြည့်သူများကို မဲရုံအတွင်း ပါတီအမှတ်တံဆိပ် အသုံးပြုခွင့်ပေးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲရက်ကပ်မှ ထုတ်ပြန်သဖြင့် အာဏာရပါတီ NLDမှလွဲ၍ အခြားပါတီအများစုမှာ နောက်ဆုံးအချိန် မဲဆွယ်နိုင်သည့် အဆိုပါအခွင့်အရေးကိုပင် မသိလိုက်ကြဟု ၎င်းက ပြောသည်။

ထို့အတူ လွတ်လပ်၊ မျှတသော ရွေးကောက်ပွဲပုံရိပ်ကို ထိခိုက်စေနိုင်သည့် မဲစာရင်းမှားယွင်းမှု၊ ကာလရှည်ကြိုတင်မဲကောက်ခံမှု၊ မဲလက်မှတ်နှင့် စာအိတ်အရည်အသွေးညံ့ဖျင်းမှု စသည့် အကြောင်းတရားများစွာကြောင့် အငြင်းပွားဖွယ်ဖြစ်စဉ်အများအပြား ပေါ်ပေါက်နေသည်ဟု ဦးကျော်ဇေယျက ဆိုသည်။

“မနက်ဖြန် PPP ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးရှိပါတယ်။ အဲဒီလိုကိစ္စတွေကို ကျွန်တော်ထည့်သွင်းဆွေးနွေးဖို့ရှိတယ်။ ပါတီအနေနဲ့ ဘာလုပ်မယ်ဆိုတာတော့ အစည်းအဝေးပြီးမှ သိမှာပါ”ဟု ၎င်းက ပြောသည်။ ဦးကျော်ဇေယျသည် ရန်ကုန်တိုင်း၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် ၁၁တွင် ဝင်ပြိုင်ပြီး NLD ကိုယ်စားလှယ်လောင်းကို ရှုံးနိမ့်ခဲ့သူဖြစ်သည်။

တနင်္သာရီတိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၉ နေရာတွင် တသီးပုဂ္ဂလအဖြစ် ဝင်ပြိုင်ပြီး NLDကို ရှုံးနိမ့်ခဲ့သည့် ဒေါက်တာညိုညိုသင်းကလည်း ၂၀၂၀ ရွေးကောက်ပွဲကို သန့်ရှင်းမျှတမှုမရှိဟု သုံးသပ်နိုင်ကြောင်းပြောသည်။

“မဲလက်မှတ်အချို့မှာ ကျွန်မနာမည်မပါဘူးလို့ ပြောကြတာရှိတယ်”ဟု ၎င်းက ပြောသော်လည်း သက်သေပြရန် အထောက်အထားမရှိဟု ဆိုသည်။ သို့သော် ရွေးကောက်ပွဲဆိုင်ရာမမျှတမှုများကို စာတမ်းတစ်စောင်ထုတ်ပြန်ရန် စီစဉ်မည်ဖြစ်ကြောင်း ဒေါက်တာညိုညိုသင်းကပြောသည်။

မဲလက်မှတ်များကို တာဝန်ယူရိုက်နှိပ်ထုတ်နေသည့် ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်က မဲလက်မှတ်တွင် ကိုယ်စားလှယ်လောင်းနာမည် ကျန်ခဲ့သည်အထိ မှားယွင်းမှုရှိသည်ဆိုခြင်းမှာ မဖြစ်နိုင်ကြောင်း Myanmar Now ကို မှတ်ချက်ပြုသည်။

“UEC က တာဝန်ရှိသူတွေလည်း ပုံနှိပ်တဲ့နေရာမှာရှိနေပြီး စစ်ဆေးတယ်။ စောင်ရေလည်း အတိအကျအပ်တယ်။ လွဲစရာမရှိဘူး။ ပုံနှိပ်ရင်းပျက်သွားတဲ့ အရေအတွက်ကိုလည်း စနစ်တကျမှတ်တမ်းတင် သိမ်းဆည်းထားပါတယ်။ မဲလက်မှတ်စရိုက်တဲ့နေ့ကနေ ရွေးကောက်ပွဲပြီးဆုံးချိန်အထိ ပုံနှိပ်တဲ့နေရာမှာ ရဲတပ်ဖွဲ့ကလည်း လုံခြုံရေးယူပါတယ်”ဟု ဦးကိုကိုနိုင်က ပြောသည်။

မဲရုံအတွင်း ပါတီအမှတ်တံဆိပ်တပ်ဆင်ခွင့်ရှိခြင်းကို ရွေးကောက်ပွဲအချိန်ကပ်မှ အကြောင်းကြားခြင်း၊ မဲစာရင်း၊ ကြိုတင်မဲကောက်ခံခြင်း၊ မဲလက်မှတ်အရည်အသွေး၊ မဲပေးခွင့်ရှိသူထက် မဲရလဒ်ပမာဏများပြားနေခြင်း စသည့်ကိစ္စများနှင့် စပ်လျဉ်း၍ UECထံ Myanmar Nowက ဆက်သွယ်မေးမြန်းနေသော်လည်း မရသေးပေ။

NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကမူ အထောက်အထားမရှိ စွပ်စွဲပြောဆိုချက်မျိုးမှာ သင့်တော်မှုမရှိကြောင်း Myanmar Nowကို ပြောသည်။

“စွပ်စွဲချက်တွေမှာ အထောက်အထားနဲ့ တင်ပြစေချင်ပါတယ်။ အထောက်အထားရလာရင်တော့ သက်ဆိုင်ရာ ဥပဒေလမ်းကြောင်းအတိုင်း ရှင်းလင်းကြတာပေါ့ခင်ဗျာ” ဟု ၎င်းက ပြောသည်။ NLD ထံတွင်လည်း တံဆိပ်တုံးအတုလုပ်ခြင်း၊ မဲနှစ်ကြိမ်ပေးခြင်းကဲ့သို့သော ရွေးကောက်ပွဲဆိုင်ရာမသမာမှု အထောက်အထားများရရှိထားပြီးဖြစ်သည်ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

တစ်နိုင်ငံလုံးရှိ ပါတီရုံးများမှ ပေးပို့လာသော စာရင်းများအရ ယနေ့ နိုဝင်ဘာ ၁၀ မနက်ပိုင်းအထိ ပြည်ထောင်စုလွှတ်တော်အတွင်း အစိုးရဖွဲ့နိုင်ရန် လိုအပ်သည့်အရေအတွက် ၃၂၂နေရာကို စိတ်ပူရန်မလိုတော့ဘဲ စုစုပေါင်း ၃၉၉ နေရာ အနိုင်ရရှိထားပြီးဖြစ်ကြောင်း ဒေါက်တာမျိုးညွန့်က အတည်ပြုသည်။

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြီးစီးသည့် ၂၀၂၀အထွေထွေရွေးကောက်ပွဲ လွတ်လပ်မျှတ၊ အောင်မြင်စွာ ကျင်းပနိုင်ခဲ့မှုအပေါ်ကြိုဆိုကြောင်း ရုရှားနှင့် ဂျပန်နိုင်ငံတို့က နိုဝင်ဘာ ၉၊ ၁၀ ရက်တို့တွင် အသိအမှတ်ပြုကြေညာထားသည်။

Show More

Related Articles

Back to top button