ရွေးကောက်ပွဲ

ဦးကိုကိုကြီးနှင့် ဒေါ်သက်သက်ခိုင်တို့၏ ပါတီများ လွှတ်တော်တစ်နေရာမှ အနိုင်ရမှုမရှိ

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပထမဆုံးအကြိမ် ပွဲဦးထွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ဦးကိုကိုကြီး၏ ပြည်သူ့ပါတီ (PP) နှင့် ဒေါ်သက်သက်ခိုင်၏ ပြည့်သူ့ရှေ့ဆောင်ပါတီ(PPP) တို့ တစ်နေရာမှ အနိုင်မရခဲ့ကြောင်း ပါတီတာဝန်ရှိသူများက ပြောသည်။

၁၉၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဟောင်းတစ်ယောက်ဖြစ်သူ ဦးကိုကိုကြီး၏ ပြည်သူ့ပါတီက ကိုယ်စားလှယ်လောင်း ၁၄၀ ကျော်နှင့် ဒေါ်သက်သက်ခိုင်၏ ပြည်သူ့ရှေ့ဆောင်ပါတီက ကိုယ်စားလှယ်လောင်း ၂၄၀ ကျော်ဖြင့် ဝင်ပြိုင်ခဲ့သော်လည်း အနိုင်ရရှိသည့် ကိုယ်စားလှယ်လောင်း မရှိဟု ဆိုသည်။ 

PPP ပါတီသည် ရန်ကုန်တိုင်းတွင် ကိုယ်စားလှယ်လောင်း ၉၉ ဦးကျော်ဖြင့် အများဆုံးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်နှင့် ဒုတိယဥက္ကဋ္ဌ ဦးကျော်ဇေယျတို့ကိုယ်တိုင် ဝင်ရောက်ယှဉ်ပြိုင်သည့် မဲဆန္ဒနယ်များတွင် ရှုံးနိမ့်ခဲ့သည့်နည်းတူ နိုင်ငံတစ်ဝန်းမဲဆန္ဒနယ်များတွင်လည်း အနိုင်ရသည့်နေရာ မရှိသေးကြောင်း PPP ပါတီ ဒုဥက္ကဋ္ဌ ဦးကျော်ဇေယျက ပြောသည်။

“NLD ပါတီကတော့ မဲအပြတ်အသတ် နိုင်သွားတယ်ပေါ့။ ဒါကိုကြည့်ချင်းအားဖြင့် လူတွေဟာ တစ်ဦးချင်းအရည်အချင်းကို သိပ်အလေးမထားဘူး။ အလေးထားချင်လည်းထားမှာပေါ့ဗျာ။ ဒါပေမယ့် အလေးမထားတဲ့ လူတွေများတယ်။ မှန်တယ်။ ပါတီကို ပုံအောပေးလိုက်တဲ့သဘောရှိတယ်” ဟု ကနဦးထွက်ပေါ်သည့် မဲရလဒ်များနှင့် ပတ်သက်၍ ဦးကျော်ဇေယျက ပြောသည်။

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်သည် ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ယှဉ်ပြိုင်ခဲ့ရာ NLD ပါတီမှ ဒေါ်မေဝင်းမြင့်ကို မဲအပြတ်အသတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

အဆိုပါမဲဆန္ဒနယ်တွင် NLD ပါတီမှ ဒေါက်တာမေဝင်းမြင့်က ခိုင်လုံမဲ ၈၉,၅၄၈ ရရှိခဲ့ပြီး ဒေါ်သက်သက်ခိုင်သည် ခိုင်လုံမဲ ၇၄၉၈ သာ ရရှိခဲ့သဖြင့် မဲကွာဟချက် ရှစ်သောင်းကျော်ရှိသည်။ 

ရန်ကုန်တိုင်း အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၁၁ )တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် PPP ပါတီ ဒုဥက္ကဋ္ဌ ဦးကျော်ဇေယျသည်လည်း NLD ပါတီမှ ဦးဘမျိုးသိန်းကို ရှုံးနိမ့်ခဲ့သည်။

သို့သော် PPP ပါတီ ကိုယ်စားလှယ်လောင်းများ၏ မဲရလဒ်များကိုကြည့်ပါက NLD ပါတီနှင့် ပြည်ခိုင်ဖြိုးပါတီပြီးလျှင် PPP ပါတီသည် လူကြိုက်အများဆုံးပါတီတစ်ခုဖြစ်ပြီး ပါတီသစ်များအနက် လူထုထောက်ခံမှုအများဆုံး နံပါတ်တစ်ပါတီဖြစ်သည်ဟု ဦးကျော်ဇေယျက ဆိုသည်။

PPP ပါတီသည် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးအားလုံးနှင့် ကချင်၊ ကရင်၊ မွန်နှင့် ရှမ်းပြည်နယ်တို့တွင် ကိုယ်စားလှယ်လောင်း ၂၄၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ 

ဦးကိုကိုကြီး၏ ပြည်သူ့ပါတီသည်လည်း လက်ရှိရရှိထားသည့် မဲရလဒ်များအရ အနိုင်ရမဲဆန္ဒနယ်မရှိကြောင်း ပါတီ၏ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ အတွင်းရေးမှူး ဦးရဲနိုင်အောင်က Myanmar Now ပြောသည်။

“များသောအားဖြင့်ကတော့ ဝင်ပြိုင်တဲ့နေရာတွေက တတိယရတာများတယ်။ တတိယ၊ စတုတ္ထရတာ များတယ်။ မဲကတော့ ကွာတာပေါ့ဗျာ။ NLD နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးက ကွာတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးနဲ့ ကျန်တဲ့ ပါတီသစ်တွေက ကွာကြမှာပဲလေ။ ဒါတစ်နိုင်ငံလုံး အဲ့ပုံစံမျိုးလို့ထင်တာပဲ” ဟု ဦးရဲနိုင်အောင်က ပြောသည်။

ရှစ်လေးလုံးအရေးတော်ပုံတွင် ပါဝင်ခဲ့သူများအနက် ထင်ရှားသည့် ကျောင်းသားခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် ပြည်သူ့ပါတီက ၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်းနှင့်ပြည်နယ် ၁၁ ခုတွင် ကိုယ်စားလှယ်လောင်း ၁၅၂ ဦး ဝင်ပြိုင်ရန်စီစဉ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ၁၄၄ ဦးသာ ဝင်ပြိုင်ဖြစ်ခဲ့ကြောင်းလည်း ဦးရဲနိုင်အောင်က ဆိုသည်။

ပါတီသက်တမ်းနုနယ်သေးသည့် PPP နှင့် PP ပါတီနှစ်ခုအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ၎င်းပါတီ၏ အမှတ်အသားနှင့် သင်္ကေတကို ပြည်သူများကြား ကျယ်ကျယ်ပြန့်ပြန့်သိရှိလာရန် အစပျိုးသည့်ကာလအဖြစ် သတ်မှတ်ထားကြောင်း ပါတီနှစ်ခု၏ ထိပ်ပိုင်းခေါင်းဆောင်များက ရွေးကောက်ပွဲမတိုင်မီ Myanmar Now ကို ပြောကြားထားသည်။

PPP ပါတီအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲကို ပါတီတည်ဆောက်ရေးကာလအဖြစ် သတ်မှတ်ထားပြီး ဒေါ်အောင်ဆန်းစုကြည်အလွန် ၂၀၂၅ နှင့် ၂၀၃၀ အထွေထွေရွေးကောက်ပွဲများတွင် အစိုးရဖွဲ့နိုင်သည်အထိ အင်တိုက်အားတိုက် ယှဉ်ပြိုင်ရန် ပစ်မှတ်ထားနေကြောင်း PPP ပါတီဒုဥက္ကဋ္ဌ ဦးကျော်ဇေယျက ဆိုသည်။ 

ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးကမူ ဒေါ်အောင်ဆန်းစုကြည်လွန်ခြင်း၊ မလွန်ခြင်းကို မရှေးရှုဘဲ ပါတီ၏ စည်းရုံးရေး၊ လေ့ကျင့်သင်ကြားရေးလုပ်ငန်းများကို တစိုက်မတ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Myanmar Now ကို ပြောဆိုထားသည်။

ကိုဗစ်နိုင်တင်း (Covid-19) ကန့်သတ်ချက်များကြောင့် နိုင်ငံရေးပါတီသစ်များ မဲဆွယ်စည်းရုံးရာတွင် အာဏာရ NLD ပါတီကဲ့သို့ စည်းရုံးနိုင်ခြင်း မရှိသောကြောင့် ၂၀၂၀ ရွေးကောက်ပွဲသည် တရားမျှတသည့် ရွေးကောက်ပွဲအဖြစ် မသတ်မှတ်နိုင်ကြောင်းလည်း ဦးကျော်ဇေယျက ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲ မဲရလဒ်များအပြည့်အစုံကို မြန်မာနိုင်ငံရွေးကောက်ပွဲကော်မရှင်က တရားဝင်မထုတ်ပြန်သေးသော်လည်း NLD ပါတီသည် အစိုးရဖွဲ့နိုင်သည်အထိ အနိုင်ရရှိနေပြီဟု NLD ပါတီ ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော်ပြောဆိုထားသည်။ 

Show More

Related Articles

Back to top button