သတင်း

အငြင်းပွားနေသည့် မြေနေရာကို ကုမ္ပဏီများကို လုပ်ခွင့်ပေးမည့် သတင်းကြောင့် လေးမျက်နှာမြို့တွင်ဆန္ဒပြ

ရန်ကုန် ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်အတွင်းမှ ဧကရာနှင့်ချီသော မြေနေရာ များတွင် ကုမ္ပဏီများကိုသာ ပြန်လည်စိုက်ပျိုးခွင့်ပေးမည်ဟု သတင်းထွက်လာခဲ့ပြီးနောက် အဆိုပါဆုံးဖြတ်ချက်ကို ကန့်ကွက်ကြောင်း ဒေသခံများသည် လေးမျက်နှာမြို့တွင် ယနေ့ (ဒီဇင်ဘာ ၂၄) နံနက်ပိုင်းတွင် လှည့်လည် ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြသူများ၏ အဆိုအရ လေးမျက်နှာမြို့နယ်အတွင်းရှိ ကျေးရွာ ၅၀ ခန့်မှ တောင်သူများက စိုက်ပျိုးနေသည့် ဧက ၇၀၀၀ နီးပါးရှိသည့် မြေနေရာများကို ၂၀၀၅၂၀၀၆ နှစ်များတွင် မြေလွတ်မြေရိုင်း အဖြစ်သတ်မှတ်ကာ အစိုးရက သိမ်းယူခဲ့ပြီး ကုမ္ပဏီများကို ရော်ဘာပင်များ စိုက်ပျိုးခွင့်ပေးခဲ့သည်ဟု ဆိုသည်။

ယင်းမြေနေရာများတွင် ၇၁၁ မင်းဝိုင်း၊ မျိုးကျော်လင်း၊ TBC ကြယ် လုံး စသည့်ကုမ္ပဏီ များက လုပ်ပိုင်ခွင့် ရခဲ့ပြီး ၂၀၀၆ ခုနှစ်တုန်းက ဝင်ရောက်စိုက်ပျိုးကြသည့် ဒေသခံ ၂၆ ဦးအထိ တရားစွဲခံခဲ့ရပြီး လေးဦးသည် ထောင်ဒဏ်ခြောက် ချမှတ်ခြင်းခံခဲ့ရသည်ဟု ဆန္ဒပြရာတွင်ပါဝင်သည့် လေးမျက်နှာမြို့နယ်၊ ဝက်ကုန်းကျေးရွာအုပ်စု၊ လဲခုံလေးရွာမှ တောင်သူ ဦးဝင်းကြည်က ပြောသည်။

အဓိကကတော့ ဒေသခံတွေက ကိုယ့်မြေမှာ ကိုယ်ပြန်လုပ်တာကို တရားစွဲတယ်။ ကျွန်တော်တို့စုံစမ်းတော့ ဒီဟာတွေကို သိမ်းယူတာမှာ ဗဟိုအစိုးရရဲ့ ခွင့်ပြုချက်တွေနဲ့ သိမ်းထားတာမဟုတ်ဘူးလို့ သိရတယ်။ ဒီနေရာတွေကို သူတို့က မြေလွတ်မြေရိုင်းဆိုပြီးသိမ်းယူလိုက်ကြတာ။ မြေစာရင်းဦးစီးဌာနနဲ့ ကုမ္ပဏီတွေ ပူးပေါင်းပြီး တောင်သူတွေရဲ့ စိုက်ပျိုးမြေတွေကို သိမ်းယူတာဟု သူကဆိုသည်။

ပိုင်ဆိုင်မှု အငြင်းပွားနေသည့် အဆိုပါမြေနေရာကို နေပြည်တော် ဗဟိုမြေယာ စိစစ်ရေး ကော်မတီက ကုမ္ပဏီများကိုသာ ပြန်လည်လုပ်ခွင့်ပေးမည်ဆိုသည့် သတင်းများ ထွက်လာခဲ့သဖြင့် ဆန္ဒပြကြခြင်း ဖြစ်ကြောင်း လေးမျက်နှာမြို့နယ်၊ ချင်းလယ်ကျေးရွာအုပ်စု၊ ချင်းလယ်ကျေးရွာမှ အုပ်ချုပ်ရေးမှူးဟောင်း ဦးဌေးဝင်းလည်း ပြောသည်။

အစိုးရက ဒေသခံတွေရဲ့ မြေယာတွေကို တရားမဝင် သိမ်းယူခဲ့တာတွေကို ပြန်လည်လုပ်ပိုင်ခွင့်ပေးတယ်လို့ ကြားတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေကို ဘယ်အုပ်ချုပ်ရေးဘက်ကမှ တရားဝင်ချမပြဘူး။ ပြန်လည်း မပေးသေးဘူး။ မြေစာရင်းနဲ့ အုပ်ချုပ်ရေးပိုင်းတွေက လုပ်ချင်ရာလုပ်နေကြတာ။ အဲ့ဒီအတွက် အခုဆန္ဒဖော်ထုတ်ရတာဟု သူကဆိုသည်။

Myanmar Now က လေးမျက်နှာမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထူးထက်အား ဆက်သွယ်မေးမြန်းရာ တယ်လီဖုန်းဖြင့် မှတ်ချက်မပေးလိုဘဲ လူကိုယ်တိုင် လာရောက်မေးမြန်းမှ ဖြေကြားမည်ဟု အကြောင်းပြန်သည်။

အငြင်းပွားနေသည့် အဆိုပါမြေနေရာသည် စိစစ်ဆဲ အဆင့်တွင်သာရှိပြီး ကုမ္ပဏီများကို လုပ်ပိုင်ခွင့် ပေးသည်ဆိုသည်က မဟုတ်ကြောင်း လေးမျက်နှာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသန်း ကပြောသည်။

 “အမှန်က အခုချိန်ထိ ကုမ္ပဏီကို မပေးသေးပါဘူး။ မြေယာစိစစ်ရမယ်ဆိုရင် ကျွန်တော်တို့လည်း ပါဝင်စိစစ်ရမှာပါ။ ကျွန်တော်တို့ဆန္ဒကတော့ မူလပိုင်ရှင်တွေလက်ထဲကိုပဲ ပြန်ထည့်ချင်ပါတယ်။ ကုမ္ပဏီကို ဘယ်ဦးစားပေးနိုင်မလဲဟု ၎င်းကပြောသည်။

Show More

Related Articles

Back to top button