
မင်းကင်းမောင်မြင့်ဟု နာမည်ကျော်ကြားသူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးမောင်မြင့်သည် စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် မဲအပြတ်အသတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။
၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများတွင် မင်းကင်းမဲဆန္ဒနယ်၌ နှစ်ကြိမ်ဆက်အနိုင်ရရှိခဲ့သူ မင်းကင်းမောင်မြင့်သည် ယခုရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ ဆောက်လုပ်ရေး ဒုတိယဝန်ကြီး ဦးကျော်လင်းကို မဲကွာဟချက် တစ်သောင်းကျော်ဖြင့် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။
ဦးမောင်မြင့်က ထောက်ခံမဲ ၂၇,၅၃၅ သာရရှိခဲ့ပြီး ပြိုင်ဘက် NLD ပါတီကိုယ်စားလှယ်လောင်း ဦးကျော်လင်းက ထောက်ခဲမဲ ၃၉,၁၂၄ ရရှိသဖြင့် မဲကွာဟချက် ၁၁,၅၈၉ ဖြင့် ပြည်ခိုင်ဖြိုးအမတ် ဦးမောင်မြင့်ကို အပြတ်အသတ် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလတွင် မင်းကင်းမောင်မြင့်က NLD အစိုးရနှင့် NLD ပါတီကို မကြာခဏ ဝေဖန်ပုတ်ခတ်လေ့ရှိပြီး ဘာသာရေးအကြောင်းပြ မဲဆွယ်စည်းရုံးမှုကြောင့် ရွေးကောက်ပွဲဥပဒေချိုးဖောက်မှုဖြင့် တိုင်ကြားခံခဲ့ရသူလည်း ဖြစ်သည်။
ဦးမောင်မြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မင်းကင်းမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီဝင်များက မဲဆွယ်စည်းရုံးရေးလှည့်လည်ခဲ့ရာ၌ ‘တို့လူမျိုး တို့ဘာသာကို အပျောက်မခံဘူးဟေ့၊ ပြည်ခိုင်ဖြိုးနိုင်မှဖြစ်မည် အမျိုးဖျက်တစ်စုကို တိုက်ထုတ်ရမည်၊ တို့ပြည်ထောင်စုကြံ့ခိုင်ရေးအတွက် တို့မဲပေးမည်၊ တို့သာသနာ မပျောက်ပျက်ဖို့ရည် ပြည်ခိုင်ဖြိုးကို မဲပေးကြပါမည်’ စာသားများပါဝင်သော ‘ခြင်္သေ့ဟိန်းသံ’ သီချင်း ဖွင့်ကာ အင်အားပြမဲဆွယ်ခဲ့သဖြင့် ရွေးကောက်ပွဲဥပဒေဖြင့် တိုင်ကြားခံခဲ့ရသည်။
အသက် (၆၂) နှစ်အရွယ် ဦးသိန်းစိန်အစိုးရလက်ထက် စက်မှုဝန်ကြီးဟောင်း ဦးမောင်မြင့်သည် ၂၀၁၀နှင့်၂၀၁၅ ရွေးကောက်ပွဲတွင် ၎င်းနှစ်ကြိမ်ဆက်တိုက်အနိုင်ရရှိခဲ့သည့် မင်းကင်းမြို့နယ်၌ပင် ယခု ၂၀၂၀ ရွေးကောက်ပွဲကို ဆက်လက်ယှဉ်ပြိုင်ရာ NLD ကို ရှုံးနိမ့်ခြင်း ဖြစ်သည်။
တပ်မတော်အရာရှိဟောင်း ဦးမောင်မြင့်သည် စစ်အစိုးရလက်ထက်တွင် နိုင်ငံခြားရေးဒုဝန်ကြီး၊ ဦးသိန်းစိန်အစိုးရလက်ထက်တွင် အလုပ်သမားဝန်ကြီးနှင့် စက်မှုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် တစ်ဦးဖြစ်သူ ဦးမောင်မြင့်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် အာဏာရ NLD ပါတီအနိုင်ရရှိရေး လက်ရှိအစိုးရအဖွဲ့က အကူအညီပေးသွားမည်ကို စိုးရိမ်မိသည်ဟု ပြောကြားခဲ့သူလည်းဖြစ်သည်။
(မှတ်ချက်- ရွေးကောက်ပွဲနောက်ဆုံးရလဒ်များ မထွက်ရှိသေးပါ။ မဲရလဒ်များနှင့် ပတ်သက်၍ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အဆုံးအဖြတ်သာ အတည်ဖြစ်သည်။ www.uec.gov.mm)