သတင်း

စျေးဝယ်ထွက်သည့် ရဲများ ဖားကန့်တွင် ပစ်ခတ်ခံရ၊ ၂ ဦးသေ ၁ ဦး ဖမ်းခံရ

ယမန်နေ့နံနက်က ကချင်ပြည်နယ် ဖားကန့်တွင် ဈေးဝယ်ထွက်လာသည့် ရဲတပ်ဖွဲ့ဝင်များနှင့် ဖားကန့်-KPDF အဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး ရဲ ၂ ဦးသေ၊ ၁ ဦးကို ဖားကန့်-KPDF က အရှင်ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ကမ္ဘာကျော် ကျောက်စိမ်းမြို့တော် ကချင်ပြည်နယ် ဖားကန့်တွင် ယမန်နေ့ (ဖေဖော်ဝါရီ ၂၅) နံနက်က ဈေးဝယ်ထွက်လာသည့် ရဲတပ်ဖွဲ့ဝင်များနှင့် ဖားကန့်-KPDF အဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး ရဲ ၂ ဦးသေ၊ ၁ ဦးကို ဖားကန့်-KPDF ကအရှင်ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ နံနက် ၉ နာရီခန့်က ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာ ရှမ်းကုန်းကြီးဈေးတွင် ဈေးလာဝယ်သည့် ရဲ ၇ ဦးခန့်နှင့် KPDF အဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ရုတ်တရက်ဆိုတော့ နှစ်ဖက်လုံးက ကြိုတင်မသိတော့ သူပစ်ကိုယ်ပစ် ပစ်တာပါ။ ကျန်တဲ့ ရဲတွေတော့ ထွက်ပြေးသွားကြတယ်” ဟု KPDFနှင့် နီးစပ်သည့် ဒေသခံ အမျိုးသားက ပြောသည်။

အပြန်အလှန်ပစ်ခတ်မှုအတွင်း ဈေးဝယ်နေသည့် အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး ခြေထောက်တွင် သေနတ်ထိမှန်ခဲ့ပြီး ဒဏ်ရာမှာ မစိုးရိမ်ရကြောင်း ဒေသခံတချို့က ပြောသည်။

၎င်းတို့လက်အောက်ခံရဲများ ပစ်ခတ်ခံရသည့် သတင်းအတွက် စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်းမရှိသေးပါ။

ကချင်ပြည်နယ်အတွင်း KIA နှင့် ပူးတွဲတိုက်ပွဲဝင်နေသည့် KPDF တပ်ဖွဲ့ဝင်တစ်ဦးကို တွေ့ရစဉ်။(ဓာတ်ပုံ −  KPDF)

ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီတပ်၏ ဝှေခါစခန်းနှင့် နန့်တိန်းစခန်းတို့ သိမ်းပိုက်ခံရပြီးနောက် ဖာကန့်မြို့အနောက်ဘက်ရှိ တာမခန်ရွာမှ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များက သိမ်းပိုက်မည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်နေသည်။

ထို့ပြင် ရွာတွင်းမှ ဒေသခံများ ယနေ့ ဖေဖော်ဝါရီ ၂၆ ရက် မွန်းလွဲ ၃ နာရီနောက်ဆုံးထားကာ တိမ်းရှောင်ကြရမည်ဆိုသည့် သတင်းများကြောင့် ယမန်နေ့မှ စတင်ကာ ဒေသခံများမှာ ဟောင်ပါးနှင့် ဆိုင်းတောင်ရွာများသို့ ထွက်ပြေးနေကြရသည်ဟု သိရသည်။

တာမခန်ကျေးရွာဝင်ပေါက်တွင်ရှိသည့် စစ်ကောင်စီ၏ တပ်စခန်းတစ်ခုကို KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များက လွန်ခဲ့သည့် တစ်လခန့်ကတည်းက ဝိုင်းဝန်းပိတ်ဆို့ထားပြီး၊ ယခုရက်ပိုင်းအတွင်း မည့်သည့်စစ်ရေးအပြောင်းအလဲမျှ မတွေ့ရဘဲ ကျေးရွာအတွင်း အဆိုပါ သတင်းများ ပျံ့နှံ့လာခြင်းဖြစ်သည်။

“စစ်တပ်ကုန်းကို ဝိုင်းထားတာက ကြာနေပါပြီ၊ ဒီရက်ပိုင်းအတွင်းဆို ဘာအသံမှတောင် မကြားရအောင် ငြိမ်နေခဲ့တာပါ၊ အဲ့ဒီကြားထဲကနေပြီးတော့ ဒီလိုသတင်းပျံ့လာတော့ မနေရဲကြတော့ဘဲ၊ အစိုးရိမ်လွန်ပြီး ပြေးကြတာမျိုးလို့ထင်ပါတယ်” ဟု တာမခန်ရွာခံ အမျိုးသားတစ်ဦးက ပြောသည်။

တာမခန်ရွာသူရွာသား အများစုမှာ အနီးဝန်းကျင်ကျေးရွာများနှင့် တောစပ်များအတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး၊ ရွာအတွင်းတွင် လူအနည်းငယ်သာ ကျန်တော့ကြောင်း သိရသည်။

“ဒီနေ့ညနေ ၃ နာရီနောက်ဆုံးထား ရှောင်ကြဆိုလို့ ကျွန်မတို့ ရှောင်နေကြတာပါ။ ရွာထဲကအများစုလည်း ရှောင်ကြတယ်။ ဘယ်ဘက်က ရှောင်ဖို့ပြောလဲဆိုတာတော့ ကျွန်မတို့လည်း မသိဘူး။ ဖြစ်လာရချေရဲ့ဆိုပြီး ရှောင်လိုက်တာ အန္တရာယ်ကင်းမယ်ထင်လို့ပါ” ဟုလည်း ရွာကို စွန့်ခွာတိမ်းရှောင်နေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

သို့သော် အဆိုပါ အမိန့်ကို မည်သည့်အဖွဲ့အစည်းက ထုတ်ပြန်သည်ကို မသိရသေးသလို စစ်ကောင်စီတပ်နှင့် KIA၊ KPDF အဖွဲ့ကလည်း နှုတ်ဆိတ်နေဆဲဖြစ်သည်။

KIAနှင့် KPDF တို့သည် ဖားကန်မြို့နယ်တွင် စခန်းသိမ်းတိုက်ပွဲများဆင်နွှဲခဲ့သလို မြစ်ကြီးနားမြို့၏ တောင်ဘက် မိုင် ၆၀ ခန့်အကွာတွင်ရှိသည့် ဆင်ဘိုမြို့ကို ထိန်းချုပ်ထားပြီး လက်ကျန်စခန်းကုန်းဖြစ်သည့် ခလရ (၁၄၁) ကို ဆက်လက်တိုက်ခိုက်နေသည်။

ဖေဖော်ဝါရီ ၂၄ ရက်က KIA နှင့် KPDF ပူးပေါင်းအဖွဲ့က ခလရ (၁၄၁) စခန်းကို ဆက်လက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ကလည်း လေကြောင်းမှ ပြန်လည်တိုက်ခိုက်ခဲ့သည်ဟု ဆင်ဘိုတိုက်ပွဲနယ်မြေအတွင်း ရောက်ရှိနေသည့် မြို့လှ-KPDF မှ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက ပြောသည်။

“စခန်းသိမ်းခါနီးပြီဆိုရင် လေယာဉ်က ရောက်ရောက်လာပြီး ဝုန်းဒိုင်းကြဲပစ်တော့တာ၊ စခန်းထဲ ရောက်ခါနီးပြီဆိုရင် လေယာဉ်ရောက်လာရော။ အဲဒါနဲ့ပဲ သိမ်းမရဖြစ်နေတာ ဒီနေ့တော့ နားနေတယ်” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

ဖေဖော်ဝါရီ ၂၄ ရက်နေ့က တစ်နေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းမှ ၅ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ ထို့နောက် တိုက်ပွဲများ ငြိမ်သက်နေသည်ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး အရှိန်လျော့ကျသွားပြီးနောက် KIA က ၎င်းထိန်းချုပ် လှုပ်ရှားနယ်မြေများတွင် စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲလာပြီး မံစီ၊ ဖားကန့်၊ ဝိုင်းမော်၊ မဘိမ်း၊ မိုးမိတ်၊ နမ့်ဖတ်ကာ စသည့်မြို့နယ်များတွင် တိုက်ပွဲများ ပြင်းထန်ခဲ့သည်။

ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ PDF အဖွဲ့များ၊ မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပူပေါင်းတိုက်ခိုက်မှုများရှိနေပြီး ဇန်နဝါရီ ၂၁ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မဘိမ်းမြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။

Show More

Related Articles

Back to top button