သတင်း

စဉ့်ကူးနယ်တွင် လက်နက်ကြီးကျပြီး ဆယ်ကျော်သက်တစ်ဦးသေ

လက်နက်ကြီးကျည်များ ဧရာဝတီမြစ်ကမ်းဘေးရွာများအတွင်း ကျရောက်ပေါက်ကွဲကာ စဉ့်ကူးမြို့တွင် ၁၄ နှစ်သားတစ်ဦးသေပြီး ၄ ဦး ဒဏ်ရာရသည်၊ ဝက်လက်မြို့တွင် တစ်ဦး ဒဏ်ရာရသည်။

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တို့ကို ပိုင်းခြားထားသည့် ဧရာဝတီမြစ်ကမ်းဘေးကျေးရွာများ ယမန်နေ့ (ဖေဖော်ဝါရီ ၂၅) က လက်နက်ကြီးနှင့် ပစ်ခတ်ခံရသဖြင့် ဆယ်ကျော်သက်တစ်ဦး သေဆုံး၊ ဒေသခံ ၅ ဦး ဒဏ်ရာရသွားသည်။

စဉ့်ကူးမြို့တောင်ဘက် ၁၀ မိုင်ခန့်အကွာရှိ ရွာတော်နှင့် အနီးဝန်းကျင်မှ ရွာသာ၊ ငှက်စား စသည့် ရွာများ၊ ဝက်လက်မြို့နယ် သစ်စိမ့်ကျေးရွာတို့တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သည်။

ရွာတော်ကျေးရွာ ပေါက်ကွဲမှုတွင် ၁၄ နှစ်အရွယ် မောင်ဖိုးကောက် သေဆုံးခဲ့ပြီး ၎င်း၏ညီမဖြစ်သူ ၁၀ နှစ်ဝန်းကျင်အရွယ် မတင်ယုယုခိုင် ခါး၊ တင်ပါးနှင့် ပေါင်တို့တွင် ဒဏ်ရာများ ရရှိခဲ့ကာ အဘွားဖြစ်သူ အသက် ၈၀ ခန့်အရွယ် ဒေါ်ခင်ခင်ရီ  ခြေထောက်ပြတ်တောက်ခဲ့သည်။

ရွာသာနှင့် ငှက်စားရွာတို့မှ တစ်ဦးစီ ဒဏ်ရာရခဲ့သည်ဟု စဉ့်ကူးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ဝက်လက်မြို့နယ်တွင်မူ သစ်ဆိမ့်ရွာသားတစ်ဦး ဒဏ်ရာအနည်းငယ် ရခဲ့ကြောင်း သိရသည်။

စဉ့်ကူးမြို့နယ်အနောက်ခြမ်း စာကျတ်ကြီးကျေးရွာသို့ ရောက်ရှိနေသည့် စစ်ကောင်စီတပ်က ယမန်နေ့ နံနက်တွင် ၈၁ မမ၊  ၁၂၀ မမ စိန်ပြောင်းများဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆက်သွယ်ရေးတာဝန်ခံက ပြောသည်။

“မြစ်ရဲ့အရှေ့ဘက်ကမ်း စာကျတ်ကြီးရွာထဲက ပစ်တာပါ၊ စဉ့်ကူးနယ်ထဲကိုလည်း ပစ်တယ်။ ကျွန်တော်တို့ အနောက်ဘက်ကမ်း (ဝက်လက်မြို့နယ်) ကိုလည်း ပစ်တယ်။ ကျွန်တော်တို့ဘက်ကမ်းက သစ်ဆိမ့်ရွာထဲက အစမှန်တဲ့တစ်ယောက်ကတော့ ဒဏ်ရာမကြီးပါဘူး။ စဉ့်ကူးထဲကတော့ တစ်ယောက် သေတယ်” ဟု သူက ပြောသည်။

အင်အား ၁၀၀ ဝန်းကျင်ခန့်ပါသည့် အထက်ပါစစ်ကြောင်းသည် စဉ့်ကူးအနောက်ခြမ်းကျေးရွာများကို ယခုရက်ပိုင်းအတွင်း စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး၊ ပြည်သူ့စစ် ခေါ် ပျူစောထီးများလှုပ်ရှားသည့် စာကျတ်ကြီးနှင့် စာကျတ်လေးရွာအနီး ရောက်ရှိနေခြင်းဖြစ်သည်ဟု စဉ့်ကူးမြို့နယ် ပကဖအဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။

လက်နက်ကြီးပေါက်ကွဲမှုဖြစ်ရာပြမြေပုံ။

“မနေ့က ပစ်တာက ဦးတည်ချက်မရှိ ပတ်ပစ်တာ၊ စဉ့်ကူးထဲက ရွာတွေထဲကို ၆၀ တွေ၊ မြစ်တစ်ဖက်ကမ်းကို ကျတော့ ၁၂၀ တွေနဲ့ လှမ်းပစ်တာမျိုးတွေ လုပ်နေတာ” ဟု အဆိုပါ စဉ့်ကူးပကဖက ပြောသည်။

ယနေ့နံနက် ၃ နာရီခန့်တွင်လည်း အဆိုပါ စစ်ကြောင်းက အနီးဝန်းကျင်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့်အတွက် ရွှေဂုဏ်တိုင်၊ ညောင်၊ ရွှေဘယက် စသည့် ကျေးရွာများအတွင်းမှ အိမ်မွေးတိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကနဦးသိရသည်။

ထိုပစ်ခတ်မှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးသော်လည်း ယခင်ကမူ စစ်တပ်က အကြမ်းဖက်သမားများကိုသာ တိုက်ခိုက်သည်၊ အရပ်သားများကို အကာအကွယ်ပေးနေသည်ဟု ထုတ်ပြန်ခဲ့ဖူးသည်။

မန္တလေးမြို့မြောက်ဘက်၊ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းမြို့နယ်များဖြစ်သည့် မတ္တရာ၊ စဉ့်ကူးနှင့် သပိတ်ကျင်းမြို့နယ်တို့တွင် စစ်ကောင်စီတပ်များသည် ပြီးခဲ့သည့် ၂၀၂၃ နှစ်ကုန်ပိုင်းကတည်းက စစ်ကြောင်းထိုးနေပြီး၊ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများဖြစ်နေခဲ့သည်။

ယမန်နှစ်အတွင်းကလည်း ဧရာဝတီမြစ်ကြောင်းတစ်လျှောက် စစ်ကောင်စီတပ်များက ရေလမ်းခရီးဖြင့် မန္တလေး၊ စစ်ကိုင်း နှစ်မြို့နယ်လုံးကို စစ်ကြောင်းထိုး စီးနင်းထားသည်။

စစ်ကောင်စီတပ်က ကျေးရွာများ၊ ရန်သူရှိနိုင်မည်ဟု ယူဆရသည့် ပစ်မှတ်များကို တိုက်ခိုက်ရာတွင် ၆၀ မမ၊ ၈၁ မမ၊ ၁၂၀ မမ အပြင် ဟောင်ဝစ်ဇာအမြောက်များ၊ အတွဲလိုက်ဒုံးများ (MLRS) များဖြင့်ပါ ပစ်ခတ်မှုကြောင့် လူသေဆုံးမှုများ၊ နေအိမ်အဆောက်အအုံထိခိုက်ဆုံးရှုံးမှု အများအပြားရှိခဲ့သည်။

၂၀၂၁ တွင် စစ်တပ်က အာဏာသိမ်းပြီး အရပ်သားများကို လမ်းပေါ်တွင် ပစ်သတ်ရာမှ လက်နက်ကိုင် ခုခံမှု နိုင်ငံအနှံ့တွင် ပေါ်ပေါက်လာသည်။

လတ်တလော တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေသည့် နေရာမှာ ရခိုင်ပြည်နယ် ဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်က ရက္ခိုင့်တပ်တော်၏ ထိုးစစ်ကို ရင်ဆိုင်ရာတွင် လက်နက်ကြီးပစ်ကူ အများအပြား အသုံးပြုသည့်အပြင် ကြည်း၊ ရေ၊ လေတပ်ပေါင်းစုံဖြင့် တုံ့ပြန်တိုက်ခိုက်နေသည်။

AA က သိမ်းဆည်းရမိထားသော စစ်ကောင်စီတပ်၏ ၆၀ နှင့် ၈၁ မမ အဝေးပစ် လက်နက်ကြီးလက်နက်တချို့ကို ဖေဖော်ဝါရီ ၂ က ထုတ်ပြန်ထားစဉ်။ (ဓာတ်ပုံ- AA Info Desk)

Show More

Related Articles

Back to top button